လက်တလော အီရန်ရဲ့ အစ္စရေးမြို့တော် တဲလ်အဗစ်ကို တိုက်ခိုက်မှုဆိုပြီး ဗီဒီယိုဟောင်းတစ်ခုမှားယွင်းပျံ့နှံ့

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက် မိုးသောက်ယံအချိန်မှာ အစ္စရေးက အီရန်နိုင်ငံတွင်းက နျူကလီးယားနဲ့ စစ်တပ်အခြေစိုက်စခန်းတွေကို ထိခိုက်စေခဲ့တဲ့ လေကြောင်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး အီရန်ရဲ့ အထက်ပိုင်းစစ်ရေးအရာရှိအများအပြား သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ လူမှုကွန်ရက်စာမျက်နှာတွေမှာ အစ္စရေးမြို့တော် တဲလ်အဗစ်ကို အီရန်ဘက်ကပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး ဗီဒီယိုတစ်ခုကို မျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ၈ လကျော်ကတည်းကဖြစ်ပြီး အစ္စရေးနိုင်ငံတွင်းက အခြားပစ်မတ်တစ်ခုကို အီရန်က ပစ်ခတ်တိုက်ခိုက်ခဲ့စဥ်ကဖြစ်ပါတယ်။  

"အီရန်ဒုံးကျည်များ မိုးတိမ်များကြားတွင် တိတ်တ ဆိတ်ဖြတ်သန်းကာ အတား အဆီးမဲ့ ပစ်ခတ်ပြီးနောက် မီးတောက်များပြန့်ကျဲနေတဲ့ တဲလ်အဗစ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။ 

Image
ဇွန်လ ၁၉ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

အနီရောင်မီးတောက်တွေအပြင် မီးခိုးတွေနဲ့ ညအချိန်မှာ ကောင်ကင်ယံကနေ ဒုံးကျည်တွေ ဝဲပျံကျရောက်နေတာကို ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်။ ဒီဗီဒီယိုရဲ့ လက်ရှိကြည့်ရှုမှုအကြိမ်ရေ ၁၂,၀၀၀ ကျော်ရှိနေပါတယ်။  

အစ္စရေးရဲ့  ဇွန် ၁၃ ရက် တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ် စစ်ဦးစီးချုပ် Mohammad Bagheri အပြင် တော်လှန်ရေးအစောင့်တပ် အကြီးတန်းတပ်မှူးတွေဖြစ်ကြတဲ့ Hossein Salami နဲ့ Gholam Ali Rashid တို့ သေဆုံးခဲ့ပါတယ်။ (Archived here)

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ အီရန်နိုင်ငံရဲ့ ထိပ်သီးနျူကလီးယားသိပ္ပံပညာရှင်တွေလည်း ပါဝင်တယ်လို့ အီရန်အခြေစိုက်မီဒီယာတွေက ဖော်ပြထားပါတယ်။  

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီတိုက်ခိုက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယယ်။ (Archived here

"ကျွန်တော်တို့ဘက်က အဖွင့်ပစ်ခတ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်" ဆိုပြီး ဗီဒီယိုမိန့်ခွန်းတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။  

"အဏုမြူဗုံးတွေ တည်ဆောက်ဖို့ကြိုးပမ်းနေကြတဲ့ ထိပ်သီးသိပ္ပံပညာရှင်တွေနဲ့ အကြီးတန်းတပ်မှူးတွေကို ကျွန်တော်တို့ပစ်မှတ်ထားနိုင်ခဲ့ပါတယ်။ နျူကလီးယားလက်နက်ရုံတွေကိုလည်း ထိမှန်ခဲ့ပါတယ်။"  

ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတလျှောက် အီရန်မြို့တော် တီဟီရန်အနှံ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း တင်ပြထားပါတယ်။  

အစ္စရေးရဲ့ထပ်မံပစ်ခတ်လိုက်တဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် အီရန်ထိပ်တန်းခေါင်းဆောင် Ayatollah Ali Khamenei ရဲ့ လက်ရုံးတစ်ဦးဖြစ်တဲ့ စစ်ဦးစီးချုပ် Ali Shadmani လည်း သေဆုံးခဲ့ပါတယ်။ (Archived here

လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ဘက်ကလည်း အစ္စရေးကို ဒုံးကျည်အများအပြားနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ (Archived here)

ဒါပေမဲ့ လက်ရှိ အီရန်ရဲ့ အစ္စရေးမြို့တော်ကို ပစ်ခတ်မှုဗီဒီယိုဆိုပြီး Facebook မှာ မျှဝေထားတဲ့ ဗီဒီယိုဟာ လွန်ခဲ့တဲ့ ၈ လကျော်ကတည်းက ဗီဒီယိုတစ်ခုဖြစ်ပြီး လက်ရှိ အီရန်-အစ္စရေး စစ်ပွဲက မဟုတ်ပါဘူး။

ဗီဒီယိုအဟောင်း  

ဗီဒီယိုစိစစ်ရေးပရိုဂရမ်တစ်ခုဖြစ်တဲ့ InVID-WeVerify ကို အသုံးပြုပြီး ဗီဒီယိုထဲကရုပ်ပုံတွေကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ လွန်ခဲ့တဲ့ ၈ လကျော်လောက်ကတည်းက ဒီဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။  

ဒီဗီဒီယိုကို ပြည်တွင်းနဲ့ ပြည်ပသတင်းမီဒီယာအတော်များများက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကဖြစ်ပွားခဲ့တဲ့ အီရန်ရဲ့ အစ္စရေးကိုပစ်ခတ်တိုက်ခတ်မှုအကြောင်း သတင်းဆောင်းပါးတွေမှာ ဖော်ပြခဲ့ပါတယ်။ (Archived here, here, and here)

အစ္စရေးရဲ့ အကြီးမားဆုံးစစ်အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ Nevatim အပါအဝင် အစ္စရေးလေတပ်စခန်းတွေကို အီရန်ဘက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ (Archived here

Image
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် အီရန်၏တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အစ္စရေး၏ Nevatim လေတပ်စခန်း၏ ဂြိုဟ်တုဓာတ်ပုံ (AFP / Valentina BRESCHI, Olivia BUGAULT)

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှာ အီရန်က အစ္စရေးဘက်ကို ဒုံးကျည် ၁၈၀ ခန့်ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဟားမတ်စ်ခေါင်းဆောင် Ismail Haniyeh၊ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး Hassan Nasrallah နဲ့ လက်ဘနွန်က Quds တပ်ဖွဲ့ရဲ့ အီရန်တပ်မှူး Abbas Nilvoroshan တို့ သေဆုံးခဲ့မှုအပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ (Archived here)

ပါကစ္စတန်ရဲ့ အိန္ဒိယကိုတိုက်ခတ်မှုဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဒီဗီဒီယိုကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်