
အခြားလေယာဉ်ပေါ်က ဗီဒီယိုဟောင်းတစ်ခုကို Air India လေယာဥ်ပျက်ကျမှုအဖြစ် မှားယွင်းဖော်ပြ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 ဇွန် 2025 အချိန် 10h55
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Akshita KUMARI, AFP အိန္ဒိယ, AFP ထိုင်း
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အိန္ဒိယ Air India လေယာဉ်ပျက်ကျမှု့မှ လေယာဉ်မတက်ခင်မိနစ်ပိုင်းအလို" (မူရင်းအတိုင်း)ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ဗီဒီယိုမှာ စာသားပါရှိပါတယ်။
ဗီဒီယိုမှာ ခရီးသည်တွေက ကတ်ထူတွေနဲ့ ယပ်ခပ်နေကြပြီး လူတစ်ယောက်က ဟိန္ဒီဘာသာစကားနဲ့ "ဒါကတော့ Patna ကိုသွားမယ့် Air India လေယာဉ်ဖြစ်ပါတယ်။ ဒီနေ့က ၁၈ ရက်နေ့၊ လေယာဉ်ထွက်ရမှာက ၄ နာရီဖြစ်ပါတယ်။ ကျွန်တော်တို့ AC မရှိတဲ့ လေယာဉ်ပေါ်မှာရောက်နေတာ တစ်နာရီလောက်ကြာပါပြီ။ ကြည့်ပါဦး ကျွန်တော်တို့ ချွေးတွေဘယ်လောက်ထွက်နေကြလဲဆိုတာ။" ဆိုပြီး ပြောဆိုနေပါတယ်။

အိန္ဒိယလေကြောင်းလိုင်း လေယာဉ်အမှတ် ၁၇၁ ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ အဆောင်ပေါ်ကို ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၂၇၉ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ (Archived link)
လေဆိပ်အနီးရှိ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေရဲ့ အဆောင်ဒုတိယထပ်ပေါ် ပျက်ကျပေါက်ကွဲခဲ့ပြီး လေယာဉ်အမြီးပိုင်းသာကျန်ရစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကနေ အံ့သြဖွယ်ရာ အသက်ရှင်လွတ်မြောက်သူတစ်ဦးတည်းသာ ရှိခဲ့ပါတယ်။ (Archived link)
လေယာဉ်အတွင်းက အသံနဲ့ ဒေတာဖမ်းယူစက်တွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးသူတွေက ဒီဝမ်းနည်းဖွယ်ရာဖြစ်ရပ်ရဲ့ အကြောင်းအရင်းကို ရှာဖွေနေကြပါတယ်။ (Archived link)
တူညီတဲ့မှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုကို Facebook မှာ မြန်မာ၊ အင်္ဂလိပ် စတဲ့ ဘာသာစကားတွေနဲ့ ဖြန့်ဝေနေကြတဲ့အပြင် TikTok မှာပါပျံ့နှံ့နေပါတယ်။
ဒါပေမဲ့ အဲဒီဗီဒီယိုဟာ Ahmedabad လေယာဉ်ပျက်ကျမှုမတိုင်ခင် တစ်လနီးပါးကတည်းက အွန်လိုင်းပေါ် ပျံ့နှံ့နေခဲ့ပါတယ်။
ဗီဒီယိုကရုပ်ပုံတွေ အသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဗီဒီယိုကို Rishi Mishra ဆိုတဲ့ Facebook စာမျက်နှာမှာ ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်က မျှဝေထားတာကို တွေ့ရပါတယ်။ (Archived link)
"Air India လေးနာရီလေယာဉ်နဲ့ Delhi ကနေ Patna ကိုလာတာ။ လေယာဉ်ရပ်ထားတာ တစ်နာရီလောက်ကြာနေပြီ။ ခရီးသည်တွေအများကြီးရှိနေပေမယ့် Aircon ကအလုပ်မလုပ်ဘူး။" ဆိုပြီး ဟိန္ဒီဘာသာစကားနဲ့ စာသားပါရှိပါတယ်။

Bihar ပြည်နယ်ရဲ့ ဥပဒေပြုအဖွဲ့ဝင်ဟောင်း Mishra က ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်မှာ Delhi ကနေ Patna ကိုပျံသန်းမယ့် လေယာဉ်ပေါ်မှာ ဗီဒီယိုကို ရိုက်ကူးခဲ့တယ်လို့ AFP ကိုအတည်ပြုခဲ့ပါတယ်။
"ခရီးသည်တွေက Aircon အလုပ်မလုပ်တဲ့ လေယာဉ်ပေါ်မှာ သုံးနာရီကျော်လောက် ဒုက္ခသုက္ခတွေရောက်နေခဲ့ကြတာဗျာ။" ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်က AFP ကိုပြောပါတယ်။
"ည ၁၀ နာရီခွဲ - ၁၁ နာရီလောက်ရှိမယ် ကျနော်တို့ သွားမယ့်နေရာကိုရောက်တာ" လို့ Mihsra ကဆိုပါတယ်။
Delhi ကနေ Patna ကိုသွားမယ့် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်အမှတ် ၂၅၂၁ ဟာ ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်၊ ညနေ ၄ နာရီမှာ ထွက်ခွာဖို့ စီစဥ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ၃ နာရီကြာဖြေရှင်းမရတဲ့ လုပ်ငန်းဆောင်ရွက်မှုပြဿနာတွေကြောင့် ခရီးသည်တွေကို အခြားလေယာဉ်တစ်စင်းပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ (Archived links here and here)
ဗီဒီယိုမှာပါတဲ့ လေယာဉ်အမျိုးအစားဟာ Airbus A320neo ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်က ပျက်ကျခဲ့တဲ့ Boeing 787-8 Dreamliner လေယာဉ်ထက် အတွင်းပိုင်း ခရီးသည်တင်ခန်းက ပိုမိုကျဉ်းမြောင်းပါတယ်။ (Archived links here and here)
အိန္ဒိယလေကြောင်းလိုင်းလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ် နဲ့ ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်