တရုတ်နိုင်ငံက မီးလောင်ကျွမ်းမှုဗီဒီယိုကို အီရန်-အစ္စရေးစစ်ပွဲကဆိုပြီး မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဇွန် 2025 အချိန် 08h09
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
အစ္စရေးရဲ့ အီရန်နျူကလီးယားစက်ရုံတိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ တီဟီရန်က အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေပစ်ခတ်ခဲ့တဲ့နောက် 'အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်တပ်စခန်း မီးလောင်ကျွမ်းမှု' ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ တရုတ်နိုင်ငံက ဆိုင်ကယ်ပါကင် မီးလောင်ကျွမ်းမှုကြီးတစ်ခုကဖြစ်ပါတယ်။  

"#အစ္စရေး #အီရန်၏ကြီးမားသောတိုက်ခိုက်မှု အီရန်၏ ပဉ္စမမြောက်တိုက်ခိုက်မှု အစ္စရေး၏ အဓိကစစ်ဌာနချုပ် ဖျက်ဆီးခံရသည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်ကမျှဝေထားတဲ့ Facebook ပို့စ့်မှာ ရေးသားထားပါတယ်။  

ရင်ပြင်တစ်ခုအနီး ကြီးမားတဲ့မီးလောင်ကျွမ်းမှုတစ်ခုကနေ ပြေးလွှားနေကြတဲ့ လူတွေကို တွေ့ရတဲ့ ကြည့်ရှုမှုအကြိမ်ရေ ၂၅,၀၀၀ ကျော်ရှိတဲ့ဗီဒီယိုတစ်ခုကိုလည်း ဒီပို့စ်မှာ မျှဝေထားပါတယ်။

Image
ဇွန်လ ၁၈ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားနဲ့ စစ်တပ်စခန်းတွေကို ဇွန်လ ၁၃ ရက်မှာ အစ္စရေးကဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် အီရန်ထိပ်သီးအရာရှိတွေသေဆုံးခဲ့ကာ အီရန်ဘက်က တုန့်ပြန်တိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်ခဲ့ပြီး အခုလို မှားယွင်းပြောဆိုမှုနဲ့ ဒီဗီဒီယိုပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived here and here)

အဲဒီကတည်းက မဟာပြိုင်ဘက်တွေဖြစ်ကြတဲ့ အီရန်နဲ့အစ္စရေးရဲ့ သမိုင်းဝင်ထိပ်တိုက်အားပြိုင်မှုတွေကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသကို ဝါးမြိုနိုင်တဲ့ စစ်ပွဲဖြစ်ပေါ်လာမယ့်အခြေအနေကို စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အီရန်ရဲ့ တုန့်ပြန်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၆ ဦးသေဆုံးခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)

အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် စစ်တပ်တပ်မှူးတွေ၊ သိပ္ပံပညာရှင်တွေနဲ့ ပြည်သူတွေအပါအဝင် အနည်းဆုံး လူ ၂၂၄ ဦး သေဆုံးခဲ့ကြောင်း ဇွန်လ ၁၅ ရက်မှာ အီရန်ဘက်က ထုတ်ပြန်ထားပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို မြန်မာဘာသာအပြင်၊ အင်္ဂလိပ်ထိုင်းဟိန္ဒီဘာသာစကားတွေနဲ့လည်း မျှဝေနေကြပါတယ်။

ဗီဒီယိုထဲကရုပ်ပုံတွေကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေမှုအပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ တူညီတဲ့မြင်ကွင်းတွေနဲ့ ဗီဒီယိုတစ်ခုကို RedNote လို့ လူသိများတဲ့ Xiaohongshu တရုတ်လူမှုကွန်ရက်ပေါ်မှာ ဇွန်လ ၁၂ ရက်က မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

"Chongqing မြို့၊ Jiulongpo ရပ်ကွက်မှာ အီလက်ထရောနစ် ဆိုင်ကယ်တွေ မီးလောင်နေ" ဆိုပြီး တရုတ်ဘာသာစကားနဲ့ စာသားဖော်ပြထားပါတယ်။ "နွေရာသီအပူမှာ လျှပ်စစ်မီးလုံခြုံရေးအထူးဂရုပြုဖို့လိုအပ်ပါတယ်။"  

တူညီတဲ့အညွှန်းစာကို ဗီဒီယိုထဲမှာထည့်သွင်းဖော်ပြထားပါတယ်။  

Image
မှားယွင်းပို့စ် (ဘယ်) ကို RedNote က ဗီဒီယိုနဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဆက်လက်ပြီး အချက်အလက်ရှာဖွေကြည့်တဲ့အခါ တရုတ်အစိုးရပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ CGTN ကလည်း ဒီမီးလောင်ကျွမ်းမှုအကြောင်းဖော်ပြထားတဲ့ ဗီဒီယိုဆောင်းပါးတစ်ခုမှာ ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ (Archived link)

Baidu မှာတွေ့ရတဲ့ ဒီမီးလောင်မှုတည်နေရာရဲ့ ဓာတ်ပုံတွေထဲက အဆောက်အအုံတွေဟာ မှားယွင်းပို့စ်ရဲ့ ဗီဒီယိုထဲကအဆောက်အအုံတွေနဲ့ ကိုက်ညီမှုရှိနေပါတယ်။ (Archived link)

Image
မှားယွင်းပို့စ်မှာတွေ့ရတဲ့ အဆောက်အအုံ (ဘယ်) ကို Baidu Map နဲ့ နှိုင်းယှဥ်မှု

မိနစ် ၂၀ အတွင်း ဒီမီးကိုငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ ဒေသအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ (Archived link)

အီရန်-အစ္စရေးနဲ့ သက်ဆိုင်တဲ့မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်းအချက်အလက်စိစစ်ခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်