တရုတ်မီးသတ်လေ့ကျင့်ရေးဗီဒီယိုကို အီရန်ရဲ့ အစ္စရေးဓာတ်အားပေးစက်ရုံတိုက်ခိုက်မှုအဖြစ် မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 ဇွန် 2025 အချိန် 06h24
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Akshita KUMARI, AFP အိန္ဒိယ
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
တီဟီရန်က မဟာပြိုင်ဘက် အစ္စရေးရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ဒုံးကျည်၊ ဒရုံးတွေနဲ့ လက်တုံ့ပြန်ခဲ့တဲ့နောက် လူမှုကွန်ရက်မှာ 'အီရန်ရဲ့ အစ္စရေးဓာတ်အားပေးစက်ရုံကို တိုက်ခိုက်မှု'ဆိုတဲ့ ဗီဒီယိုတစ်ခု မှားယွင်းပျံ့နှံ့နေပါတယ်။ တကယ်တော့ ဒီဗီဒီယိုဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက တရုတ်နိုင်ငံ Chengdu မြို့မှာပြုလုပ်တဲ့ မီးသတ်လေ့ကျင့်မှုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက မြို့ကြီးရဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့လည်း ကိုက်ညီမှုရှိပါတယ်။   

"အစ္စရေးနိုင်ငံရှိ ဟိုင်ဖာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို အီရန်က အောင်မြင်စွာ တိုက်ခိုက်တဲ့မြင်ကွင်း...."(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။   

ဓာတ်အားပေးစက်ရုံတစ်ခုမှာ ဆင့်ကဲပေါက်ကွဲမှုတွေကို ဖြစ်စေတဲ့ မီးလောင်ကျွမ်းမှုတစ်ခုကို ဗီဒီယိုမှာ တွေ့နိုင်ပါတယ်။   

မဟာပြိုင်ဘက်တွေကြား နောက်ဆုံးညတွင်းချင်းပစ်ခတ်မှုမှာ အီရန်က အစ္စရေးကို အသံထက်မြန်တဲ့ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ဒီဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒီဒုံးကျည်တွေဟာ အသံထက်ငါးဆပိုမြန်သလို ပျံသန်းနေစဥ် ပစ်မှတ်ဦးတည်ချက်ပြောင်းလဲမှုတွေပြုလုပ်နိုင်တဲ့အတွက် ခြေရာခံကြားဖြတ်ပစ်ချဖို့ ခက်ခဲပါတယ်။ (Archived link)    

ဟိုင်ဖာရှိ ရေနံချက်စက်ရုံတစ်ရုံကိုလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်က အီရန်ရဲ့ ဒုံးကျည်ထိမှန်ခဲ့ပါတယ်။ (Archived link)  

နိုင်ငံတကာက ဒီပဋိပက္ခဟာ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး စစ်မီးတောက်လောင်သွားနိုင်တယ်လို့  သတိပေးနေပေမယ့်အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို အစ္စရေးက  ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှာ မကြုံစဖူး ပစ်မှတ်ထားတိုက်ခိုက်ရာကနေ အစပြုခဲ့တဲ့ တာဝေးပစ်ခတ်မှုတွေကို နှစ်ဘက်လုံးက ရပ်တန့်ခြင်းမရှိသေးပါဘူး။ 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်မှာ အမေရိကန်က တီဟီရန်နဲ့ စစ်ပွဲမှာ အစ္စရေးဘက်က ပါဝင်ခဲ့ပြီး အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ အဓိကနျူကလီးယားပစ်မှတ်တွေကို အလုံးစုံဖျက်ဆီးနိုင်ခဲ့တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ကြေညာခဲ့တဲ့အပြင် အီရန်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို လျင်မြန်စွာအကောင်အထည်မဖော်ခဲ့ရင် ဝါရှင်တန်အနေနဲ့ နောက်ထပ်ပစ်မှတ်တွေကို ချေမှုန်းတိုက်ခိုက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။ (Archived link) 

Image
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာမြန်မာဘာသာအပြင် ဟိန္ဒီဘာသာနဲ့ပါ FacebookThreads နဲ့ X တွေမှာပျံ့နှံ့နေပါတယ်။  

ဒါပေမဲ့ ဒါဟာ ဟိုင်ဖာမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေးရုံကို အီရန်ကတိုက်ခိုက်တဲ့ ဗီဒီယိုမဟုတ်ပါဘူး။   

၂၀၁၉ ခုနှစ်၊ မေလအတွင်း စင်ကာပူနိုင်ငံကမီးလောင်မှုဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဒီဗီဒီယိုကို AFP ကယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

'ကယ်ဆယ်ရေးလေ့ကျင့်မှု'

မှားယွင်းတဲ့ ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်က YouTube မှာမျှဝေထားတဲ့ ပိုမိုရှည်လျားတဲ့ ဗီဒီယိုကိုတွေ့ခဲ့ရပါတယ်။ (Archived link)

"တရုတ်နိုင်ငံရှိ ဓာတုစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွား"ဆိုပြီး ခေါင်းစဥ်ရေးသားထားပါတယ်။  

တရုတ်ရှာဖွေရေးအင်ဂျင် Baidu မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၁၆ ခုနှစ်မှာ ထုတ်ဝေတဲ့ People's Daily Online ရဲ့သတင်းဆောင်းပါးအရ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက Chengdu ပြည်သူ့လုံခြုံရေး မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေးစခန်းမှာပြုလုပ်တဲ့ မီးသတ်လေ့ကျင့်ရေးဗီဒီယိုဆိုတာတွေ့ခဲ့ရပါတယ်။ (Archived here and here) Sichuan ပြည်နယ် မီးသတ်ဌာနရဲ့ တရားဝင် Weibo စာမျက်နှာမှာ အဲဒီမီးသတ်လေ့ကျင့်ရေးလုပ်ငန်းစဥ် အသေးစိတ်ကို မျှဝေထားတယ်လို့လည်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ (Archived link)  

"ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန၏ အဋ္ဌမအကြိမ်မြောက်အစည်းအဝေးအတွက် နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲချိန်တွင် ချန်ဒူးပြည်သူ့လုံခြုံရေး မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေးစခန်း၌ ကယ်ဆယ်ရေးသရုပ်ပြလေ့ကျင့်မှုဆောင်ရွက်"ဆိုပြီး Weibo ပိုစ့်မှာ တရုတ်ဘာသာစကားနဲ့ ရေးသားထားပါတယ်။   

Weibo ပိုစ့်ရဲ့ ဓာတ်ပုံတစ်ပုံမှာတွေ့ရတဲ့ အဆောက်အအုံတွေရဲ့ ပုံစံက ဗီဒီယိုထဲက အဆောက်အအုံတွေရဲ့ ပုံစံနဲ့ ကိုက်ညီမှုရှိပါတယ်။ 

Image
AFP က X အမှတ်အသားပြုလုပ်ထားတဲ့ မှားယွင်းတဲ့ဗီဒီယို (ဘယ်) ကို Weibo မှာမျှဝေထားတဲ့ဓာတ်ပုံနဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုထဲက အဆောက်အအုံတွေက Google Earth ရဲ့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာတွေ့ရတဲ့ လေ့ကျင့်ရေးစခန်းရဲ့ ဂြိုဟ်တုဓာတ်ပုံနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ (Archived link) 

Image
မှားယွင်းတဲ့ ဗီဒီယို (ဘယ်) နဲ့ Google Earth ရဲ့ ဂြိုဟ်တုဓာတ်ပုံကိုနှိုင်းယှဥ်ထားပြီး တူညီမှုတွေကို AFP က မြင်သာအောင် အမှတ်အသားပြုလုပ်ထား

Sichuan မီးသတ်တပ်ဖွဲ့က အဲဒီနေ့မှာပဲ သီးခြားဆောင်းပါးတစ်ခုမှာ လေ့ကျင့်မှုက ဓာတ်ပုံတွေကို ထပ်မံမျှဝေခဲ့ပါတယ်။ (Archived link)  

AFP က အီရန်-အစ္စရေးပဋိပက္ခနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှု အများအပြားကို အချက်အလက်စိစစ်ထားပါတယ်။  

Image

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်