
US ရဲ့ အီရန်နိုင်ငံကိုတိုက်ခိုက်မှုဆိုပြီး အခြားပေါက်ကွဲမှုဗီဒီယိုဟောင်းတွေပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 ဇွန် 2025 အချိန် 10h07
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Lucille SODIPE, AFP Philippines, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အမေရိကား၏တိုက်ခိုက်မှုအပြီးနိုင်ငံခြား ရေးရာ ကျွမ်းကျင်သူတစ်ဦးက အီရန်တွင် ပေါက်ကွဲမှုကို ကိုယ်တိုင် မျက်မြင်တွေ့ရှိပြီးရိုက်ကူးထားသည့် ပထမဦးဆုံးဗီဒီယိုအွန်လိုင်းပေါ်တွင်စတင်ထွက်ပေါ်လာ။" (မူရင်းအတိုင်း) ဆိုပြီး ညပိုင်းအချိန်မှာ ကြီးမားတဲ့ပေါက်ကွဲမှုဗီဒီယိုတစ်ခုကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

ဒါအပြင် ဖိလစ်ပိုင်နိုင်ငံကပို့စ်တစ်ခုကလည်း ကြီးမားတဲ့မီးတောက်ကြီးရဲ့ ၆ စက္ကန့်ကြာဗီဒီယိုတစ်ခုကို "ကြားဖြတ်သတင်း။ ။ US က အီရန်ရဲ့ Fordow နျူကလီးယားစက်ရုံကို စနေနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့" ဆိုတဲ့ စာသားနဲ့အတူ မျှဝေထားပါတယ်။

အီရန်နိုင်ငံအတွင်းရှိ အရေးပါတဲ့ Fordo ယူရေနီယံသန့်စင်ရေးမြေအောက်စခန်းအပြင် Isfahan နဲ့ Natanz က နျူကလီးယားစက်ရုံတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး နာရီပိုင်းအတွင်းမှာ တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုတွေဟာ အစ္စရေး၊မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)
ဇွန်လ ၁၃ ရက်မှာ အစ္စရေးက အီရန်ကိုရုတ်တရက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး မဟာပြိုင်ဘက်တွေကြား သမိုင်းတလျှောက်အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ (Archived link)
အရှေ့အလယ်ပိုင်းရန်သူတွေကြား နှစ်ဘက်အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်ရရှိခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒီသဘောတူညီချက်ကို နှစ်ဘက်လုံးက "မဖောက်ဖျက်ဖို့" သတိပေးခဲ့ပါတယ်။ (Archived link)
ဒါပေမဲ့ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ပေါက်ကွဲမှုဗီဒီယိုတွေဟာ အီရန်မှာ ရာနဲ့ချီတဲ့လူတွေနဲ့ အစ္စရေးက လူနှစ်ဒါဇင်ခန့်သေဆုံးစေခဲ့တဲ့ စစ်ပွဲမတိုင်ခင်ကဖြစ်ပါတယ်။
ယူကရိန်း ဒရုန်းပစ်ခတ်မှု
ပထမဗီဒီယိုထဲက ရုပ်ပုံတွေကို ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ပိုမိုကြည်လင်တဲ့ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ Tver ပြည်နယ်က ရုရှားလက်နက်ရုံကို ယူရိန်းက ဒရုန်းနဲ့တိုက်ခိုက်မှုအကြောင်း ဖော်ပြထားတဲ့ သတင်းဆောင်းပါးတွေမှာ တွေ့ခဲ့ရပါတယ်။ (Archived here and here)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်က ရုရှားနိုင်ငံအနောက်ပိုင်း၊ Tver ပြည်နယ်က လက်နက်သိုလှောင်ရုံတစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနီးအနားကပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတယ်လို့ AFP က ဖော်ပြထားပါတယ်။ (Archived link)
အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ထပ်မံရှာဖွေကြည့်တဲ့အခါ ရုရှား-ယူကရိန်း စစ်ရေးလှုပ်ရှားမှုတွေရဲ့ တည်နေရာချက်အလက်ရှာဖွေမှုတွေကို အထူးပြုတဲ့ အကောင့်တစ်ခုက ဒီဗီဒီယိုကို ခွဲခြမ်းစိတ်ဖြာလေ့လာထားတဲ့ ဒီ X ပို့စ်ကို တွေ့ရပါတယ်။ (Archived link)
ဒီသုံးသပ်မှုကအချက်အလက်တွေကိုမှီငြမ်းပြီး Google Street View က ဓာတ်ပုံတွေနဲ့နှိုင်းယှဥ်မှုကနေ ဒီဗီဒီယိုကို ရုရှားနိုင်ငံ Toropets မြို့မှာ ရိုက်ကူးခဲ့ကြောင်း AFP က အတည်ပြုနိုင်ခဲ့ပါတယ်။

ဆီးရီးယားက ဗုံးကြဲတိုက်ခိုက်မှု
ဒုတိယဗီဒီယိုရဲ့ပုံရိပ်တွေကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဆီးရီးယားနိုင်ငံသမ္မတ Bashar al-Assad အစိုးရဖြုတ်ချခံရပြီး တစ်ပတ်အကြာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်မှာ အစ္စရေးက ဆီးရီးယားနိုင်ငံရဲ့ Tartus ဒေသကို ပစ်ခတ်တိုက်ခိုက်မှုအကြောင်း ဖော်ပြထားတဲ့ Deutsche Welle၊ Al Jazeera နဲ့ NBC News ဆောင်းပါးတွေမှာ ထည့်သွင်းထားတာတွေ့ရပါတယ်။ (Archived here, here and here)

ဒီဆောင်းပါးတွေက ဗုံးကြဲခံရတဲ့နေရာဟာ Bmalkah ရွာနဲ့ ၂ ကီလိုမီတာခန့်အကွာ Tartus ဒေသရဲ့တောင်တန်းပေါ်မှာဖြစ်ပြီး မှန်ကွဲစတွေအပြင် ဒလိမ့်တုံးတံခါးတွေရဲ့အပိုင်းအစတွေပြန့်ကျဲနေတဲ့ လမ်းမတွေကို AFP သတင်းထောက်တစ်ယောက်က ကိုယ်တိုင်မြင်တွေ့ခဲ့ပါတယ်။ (Archived here and here)
ဒီပေါက်ကွဲမှုရဲ့ပြင်းအားကြောင့် ရွာအနီးမှာရှိတဲ့ စိုက်ခင်းတွေက သံလွင်ပင်တွေရဲ့ အရွက်တွေကြွေလွင့်ခဲ့ပြီး အနီးအနားတောင်ကုန်းတွေမှာ မီးခိုးတွေနဲ့ အုံ့ဆိုင်းနေခဲ့ပါတယ်။
ဒီဗီဒီယိုကို AFP က အာရဗြီဘာသာစကားနဲ့လည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်