
ပါကစ္စတန်လေယာဥ်တစ်စင်းရဲ့ လေထုမငြိမ်သက်မှုဖြစ်စဥ်ကို Air India ဖြစ်ရပ်ဆိုးအဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 ဇွန် 2025 အချိန် 10h12
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Tendai DUBE, AFP တောင်အာဖရိက
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"မနေ့က ၂၀၂၅-၆-၁၂ ရက်နေ့ India လေယာဉ်မပျက်ကျခင် လေယာဉ်ပေါ်မြင်တွေ့ရသည့်ခရီးသည်များမြင်ကွင်း"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာ မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

လေယာဉ်ရဲ့ ကြမ်းတမ်းစွာတုန်ခါမှုကြောင့် အော်ဟစ်နေကြတဲ့ ခရီးသည်တွေကို ဗီဒီယိုထဲမှာတွေ့နိုင်ပါတယ်။
တူညီတဲ့မှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုကို မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနဲ့ပါ အကြိမ်ရေထောင်နဲ့ ချီပြီး Facebook နဲ့ TikTok စာမျက်နှာတွေမှာ မျှဝေနေကြပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှာ လန်ဒန်ကိုသွားမယ့် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်အမှတ် ၁၇၁ ဟာ ပျံတက်ပြီးသိပ်မကြာခင်မှာ Ahmedabad မြို့ရဲ့ လူနေရပ်ကွက်ရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ အဆောင်ပေါ်ကို ပျက်ကျခဲ့တာကြောင့် ဒီကနေ့အထိ အနည်းဆုံးလူပေါင်း ၂၇၉ ဦးအသက်ဆုံးရှုံးခဲ့ပါတယ်။ (Archived link)
လေဆိပ်အနီးရှိဆေးရုံက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ အဆောင်ဒုတိယထပ်ပေါ်ပျက်ကျမီးလောင်ခဲ့ပြီး လေယာဥ်အမြီးပိုင်းသာညှပ်ကျန်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကနေ အမျိုးသားတစ်ဦးသာ အသက်ဘေးကနေ အံ့သြဖွယ်လွတ်မြောက်ခဲ့ပါတယ်။ (Archived link)
လေယာဉ်အတွင်းက အသံနဲ့ ဒေတာဖမ်းယူစက်တွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးသူတွေက ဒီဝမ်းနည်းဖွယ်ရာဖြစ်ရပ်ရဲ့ အကြောင်းအရင်းကို ရှာဖွေနေကြပါတယ်။ (Archived link)

ဒါပေမဲ့ လေယာဉ်ပျက်မကျခင် ထိပ်လန့်တုန်လှုပ်နေကြတဲ့ ခရီးသည်တွေရဲ့ ဗီဒီယိုဆိုတဲ့ ပြောဆိုချက်တွေက မှားယွင်းပါတယ်။
ပါကစ္စတန်က သဲမုန်တိုင်း
ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဗီဒီယိုကို Air India လေယာဉ်ပျက်မကျမီ ရက်သတ္တပတ်သုံးပတ်ခန့်အလို ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာတွေ့ခဲ့ရပါတယ်။ (Archived link)
"Karachi မှ Lahore သို့ပျံသန်းလာသည့် လေယာဉ် လေပြင်းမုန်တိုင်းနှင့် ကြုံတွေ့ခဲ့။ လေယာဉ်ပျံသန်းနေစဥ် ပြင်းထန်သော လေထုမငြိမ်သက်ဖြစ်မှုကြောင့် ခရီးသည်များ ထိတ်လန့်နေသော ကြောက်မက်ဖွယ်မြင်ကွင်းကိုတွေ့ရစဥ်"ဆိုပြီး "Pakistan Republic"လို့ခေါ်တဲ့ Facebook စာမျက်နှာမှာ စာသားဖော်ပြထားပါတယ်။
အဓိကကျတဲ့ စကားလုံးတွေနဲ့ Google မှာထပ်မံရှာဖွေကြည့်ရာ ပါကစ္စတန်နိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Fly Jinnah ရဲ့ လေယာဉ်တစ်စင်း လေထုမငြိမ်သက်မှုနဲ့ ကြုံတွေ့ခဲ့ရတာကို ဖော်ပြတဲ့ အခြားသတင်းဆောင်းပါးတွေကို တွေ့ခဲ့ရပါတယ်။ လေယာဉ်ဟာ Allama Iqbal အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ရန်ကြိုးပမ်းစဥ် သဲမုန်တိုင်းနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ (Archived links here and here)

အစောပိုင်း တစ်ပတ်ခန့်ကလည်း အဲဒီလေကြောင်းလိုင်းက အခြားလေယာဉ်တစ်စင်းဟာ ပါကစ္စတန်နိုင်ငံ Quetta မြို့ကို ဆင်းသက်ရန် ချဉ်းကပ်စဥ် တူညီတဲ့သဲမုန်တိုင်းမျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း ဆောင်းပါးမှာဖော်ပြထားပါတယ်။
အဲဒီလေယာဉ်ဟာ လေးကြိမ်တိုင်တိုင်ဆင်းသက်နိုင်ခဲ့ခြင်းမရှိဘဲ နောက်ဆုံးငါးကြိမ်မြောက်မှာမှ လောင်စာဆီလက်ကျန်အနည်းငယ်နဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။
AFP က အိန္ဒိယလေကြောင်းလိုင်းပျက်ကျမှုနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှု အများအပြားကို ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်