
၂၀၂၀ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုကို အီရန်-အစ္စရေး စစ်ပွဲကဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 ဇူလိုင် 2025 အချိန် 08h57
- ဖတ်ရန် ကြာချိန် 5 မိနစ်
- Ara Eugenio, Harshana SILVA, AFP ဖိလစ်ပိုင်, AFP သီရိလင်္ကာ
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အစ္စရေး အီရန် စစ်ပွဲအသုံးပြုတဲ့ လက်နက်တွေရဲ့ပြင်းအားတွေက ကြောက်စရာ ထင်မှတ်မထားတဲ့ အကွာအဝေးထိပါ ရောက်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။
ကြည့်ရှုမှုအကြိမ်ရေ ၄ သိန်းနီးပါးရှိတဲ့ပိုစ့်မှာ အကြီးအကျယ်ပေါက်ကွဲမီးလောင်နေတဲ့ ဂိုဒေါင်ရဲ့ ဗီဒီယိုသုံးခုကို စုစည်းဖော်ပြထားပါတယ်။
အစ္စရေးက ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာ အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အီရန်ထိပ်တန်းအရာရှိအများအပြား အသက်ဆုံးရှုံးခဲ့ရပြီး အီရန်ကလည်း တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ (Archived link)
မဟာပြိုင်ဘက်တွေကြား ယနေ့ချိန်ထိ အပြင်းထန်ဆုံးနဲ့ ပျက်စီးမှုအများဆုံး အပြန်အလှန်တိုက်ခိုက်မှုတွေကို အဆုံးသတ်စေခဲ့တဲ့ အမေရိကန်ကြားဝင်အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အီရန်အနေနဲ့ အစ္စရေးရဲ့ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်လိုက်နာမှုအပေါ် သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။ (Archived link)

တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ လူမှုကွန်ရက်မှာ မြန်မာဘာသာအပြင် တဂါလော့၊ ဆင်ဟာလာ စတဲ့ဘာသာစကားတွေနဲ့ ပျံ့နှံ့နေပြီး အင်တာနက်အသုံးပြုသူတွေကို ပဋိပက္ခရဲ့ တကယ့်မြင်ကွင်းတွေလို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။
"လူမျိုးဘာသာမရွေးဘေးကင်းကြပါစေ" (မူရင်းအတိုင်း) ဆိုပြီး အသုံးပြုသူတစ်ယောက်က ရေးသားထားပါတယ်။
"စစ်ပွဲမဟုတ်ဘူး လူအားလုံးကိုသတ်နေတာပါ" (မူရင်းအတိုင်း) ဆိုပြီး အခြားတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။
ဒါပေမဲ့ အဲဒီဗီဒီယိုတွေက အီရန်- အစ္စရေးစစ်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။
ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု
မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လမှာ လက်ဘနွန်မြို့တော်ဘေရွတ်က ကြောက်မက်ဖွယ်ဆိပ်ကမ်းပေါက်ကွဲမှုအကြောင်း ရေးသားထားတဲ့ သတင်းဖော်ပြချက်တွေမှာ တွေ့ခဲ့ရပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရပြီး အနည်းဆုံးလူ ၆,၅၀၀ ဒဏ်ရာရရှိခဲ့တဲ့အပြင် ဘေရွတ်ဆိပ်ကမ်းနဲ့ ပတ်ဝန်းကျင်နေရာအတော်များများမှာလည်း ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ခွင့်ပြုချက်နဲ့ အမိုနီယမ်နိုက်ထရိတ်အများအပြားသိုလှောင်ထားတဲ့ ဂိုဒေါင်မီးလောင်မှုကနေအစပြုခဲ့တဲ့ပေါက်ကွဲမှုဟာ ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားမဟုတ်တဲ့ပေါက်ကွဲမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ (Archived link)
ပထမဗီဒီယိုကို ဆော်ဒီအစိုးရပိုင်အသံလွှင့်ဌာန Al-Arabiya ရဲ့ X စာမျက်နှာကနေ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၄ ရက်မှာ မျှဝေခဲ့ပါတယ်။ (Archived link)
ဂျာမန်ပြည်သူ့အသံလွှင့်ဌာန Deutsche Welle နဲ့ ဗြိတိန် SkyNews တို့ကလည်း သူတို့ရဲ့တရားဝင် YouTube စာမျက်နှာတွေပေါ်မှာ ဒီဗီဒီယိုကို မျှဝေခဲ့ကြပါတယ်။ (Archived links here and here)

ဗီဒီယိုထဲမှာတွေ့ရတဲ့ မြင်ကွင်းတွေက Google Map မှာတွေ့ရတဲ့ ဆိပ်ကမ်းရဲ့ street view ဓာတ်ပုံတွေနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ (Archived link)
ကားပေါ်ကနေရိုက်ကူးထားတဲ့ ဒုတိယဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၅ ရက်က Daily Mail ရဲ့သတင်းဆောင်းပါးတစ်ခုမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဗီဒီယိုထဲက မြင်ကွင်းတွေဟာ ဘေရွတ်ဆိပ်ကမ်းပေါ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ အဝေးပြေးလမ်းမရဲ့ Google Maps ဓာတ်ပုံတွေနဲ့ ကိုက်ညီနေပါတယ်။ (Archived links here and here)

တတိယဗီဒီယိုဟာ Al-Arabiya၊ Deutsche Welle နဲ့ Sky News စတဲ့သတင်းဌာနတွေက YouTube မှာမျှဝေထားတဲ့ ဗီဒီယိုတွေနဲ့ ဆင်တူနေပါတယ်။ (Archived links here, here and here)

ဗီဒီယိုအားလုံးဟာ ပေါက်ကွဲမှုမဖြစ်ပွားမီလပိုင်းအလို ၂၀၂၀ ခုနှစ်၊ မေလအတွင်း Google Maps မှာမျှဝေထားတဲ့ ဘေရွတ်ဆိပ်ကမ်းရဲ့ဓာတ်ပုံနဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived link)

အခြားဗီဒီယိုများ
နောက်ထပ် ဗီဒီယိုတစ်ခုမှာတော့ လူတစ်ယောက်နဲ့ ကလေးတစ်ယောက်ရဲ့ CCTV မှတ်တမ်းပုံရိပ်ကို တွေ့ရပါတယ်။
အဲဒီဗီဒီယိုကို ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်ပွားခဲ့ချိန်တုန်းက Saudi Gazette နဲ့ UK ရဲ့ Metro newspaper တွေမှာ မျှဝေခဲ့ပါတယ်။ (Archived links here and here)
CCTV ဗီဒီယိုထဲက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၄ ရက် ရက်စွဲဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေ့ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုကြောင့်ပျက်စီးထိခိုက်တာတွေကိုပြတဲ့ အခြားဗီဒီယိုတစ်ခုဟာလည်း ပေါက်ကွဲမှုအပြီးနောက်ရက်တွေမှာ ရိုက်ကူးထားတဲ့ AFP ဗီဒီယိုနဲ့ ကိုက်ညီနေပါတယ်။ (Archived link)
AFP က အီရန်- အစ္စရေး ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုချက်တွေကို ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်