တရုတ်က ဂါဇာဒေသကို အကူအညီတွေပို့ဆောင်ပေးခဲ့တယ်ဆိုပြီး စစ်ရေးလေ့ကျင့်မှုဗီဒီယိုတစ်ခု မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 မေ 2025 အချိန် 07h30
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ဂါဇာဒေသထဲ အကူအညီဝင်ရောက်နိုင်မှုကို အစ္စရေးက လုံးဝပိတ်ပင်ထားရာကနေ နိုင်ငံတကာရဲ့ဖိအားပေးမှုကို နာခံပြီး ဂါဇာထဲကို "အခြေခံအကူအညီတွေ" ဝင်ရောက်ခွင့်မပေးခင် ရက်အနည်းငယ်အလိုမှာ စစ်လေယာဥ်တွေ အီဂျစ်နိုင်ငံ ဂီဇာပိရမစ်တွေပေါ်ပျံသန်းနေတဲ့ ဗီဒီယိုတစ်ခုကို "တရုတ်က ဂါဇာအတွက်အကူအညီတွေပို့ဆောင်နေတယ်" ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ ၂၀၂၅ ခုနှစ် ဧပြီလနဲ့ မေလအတွင်း တရုတ်နဲ့ အီဂျစ်တို့ရဲ့ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုက ဖြစ်ပါတယ်။  

"တရုတ်စစ်လေယာဉ်တွေ အီဂျစ်မှာ ဆင်းသက်နေခြင်းနဲ့ ပတ်သက်ပြီး အစ္စရေးက စိုးရိမ်ကြောင်း ပြောနေတဲ့ ကြားက တရုတ်အစိုးရက ဂါဇာကိုပေးပို့မယ့် မိသားစုဝင် ၆၀၀၀၀အတွက် စားနပ်ရိက္ခာ အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်လေယာဉ်ကြီးဟာ အီဂျစ်ကို ရောက်ရှိလာခဲ့တယ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

စစ်လေယာဥ်ကြီးတစ်စင်းရဲ့နံဘေးမှာ ဝန်းရံနေတဲ့ ဂျက်လေယာဥ်တွေဟာ ဂီဇာပိရမစ်တွေပေါ်ပျံသန်းသွားနေတဲ့ ဗီဒီယိုတစ်ခုကို ဒီပို့စ်မှာ မျှဝေထားပါတယ်။  

Image
မေလ ၂၉ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot

မတ်လ ၂ ရက်ကစပြီး အစ္စရေးက ဂါဇာဒေသထဲ နိုင်ငံတကာအကူအညီဝင်ရောက်မှုကို ပိတ်ပင်ခဲ့တဲ့နောက် ပါလက်စတိုင်းသားတွေဟာ အခြေခံပစ္စည်း၊ စားစရာတွေရရှိဖို့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီဗီဒီယို ပျံ့နှံ့လာတာဖြစ်ပါတယ်။  

ဂါဇာဒေသတွင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အချိန်တိုးဖို့ ညှိနှိုင်းမှု အရာမထင်ခဲ့တဲ့နောက် အစ္စရေးက စစ်ရေးလုပ်ဆောင်မှုတွေကို မတ်လ ၁၈ ရက်နေ့မှာ ပြန်လည်စတင်ခဲ့ပါတယ်။ မေလ ၁၉ ရက်မှာတော့ ပိတ်ဆို့ခံထားရတဲ့ ဂါဇာဒေသထဲ အခြေခံအကူအညီပစ္စည်းတွေသယ်ဆောင်လာတဲ့ ကုန်ကားကိုးစီးကို ခဏတာဝင်ခွင့်ပေးခဲ့ပေမယ့် ဒီပမာဏဟာ ဂါဇာဒေသအကျပ်အတည်းကို လျော့ချဖို့လိုအပ်တဲ့ ပမာဏရဲ့ အနည်းအကျဥ်းသာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဝေဖန်ခဲ့ကြပါတယ်။ (Archived link)

ဂါဇာဒေသအတွက် အကူအညီတွေသွားရောက်ပို့ဆောင်နေတဲ့ တရုတ်လေယာဥ်ဆိုတဲ့ပြောဆိုမှုနဲ့ ဗီဒီယိုဟာ FacebookX နဲ့ TikTok တွေမှာ အင်္ဂလိပ်ဘာသာအပြင် တရုတ်ဘာသာနဲ့လည်း ပျံ့နှံ့ခဲ့ပါတယ်။  

တရုတ်အစိုးရက ၂၀၂၄ ခုနှစ်၊ မတ်လထဲမှာ ဂါဇာဒေသကို ကူညီထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ခဲ့ပေမယ့် အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ဗီဒီယိုဟာ ဂါဇာကူညီထောက်ပံ့ရေးနဲ့ သက်ဆိုင်မှုမရှိပါဘူး။ (Archived link)

ဒီဗီဒီယိုဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလကနေ မေလကြားပြုလုပ်ခဲ့တဲ့ တရုတ်နဲ့ အီဂျစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကဖြစ်ပါတယ်။  

Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ မေလ ၁၇ ရက်က မျှဝေထားတဲ့ တူညီတဲ့ Instagram ဗီဒီယိုတစ်ခုကို တွေ့ရပါတယ်။ (Archived link)

Image
မှားယွင်းပို့စ်က ဗီဒီယို (ဘယ်) ကို Instagram ဗီဒီယိုနဲ့ နှိုင်းယှဥ်မှု Screenshot

စစ်ရေးလေ့ကျင့်မှုဗီဒီယိုတွေနဲ့ လေကြောင်းသရုပ်ဖော်ဗီဒီယိုတွေကို မျှဝေလေ့ရှိတဲ့ အကောင့်က မျှဝေထားတာဖြစ်ပါတယ်။  

"တရုတ်နဲ့ အီဂျစ် တိုက်လေယာဥ်တွေဟာ Eagles of Civilization 2025 လို့အမည်ရတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း နှစ်နိုင်ငံရဲ့ အင်အားပြင်း စစ်ရေးပူးပေါင်းမှုကို ပထမဦးဆုံးအကြိမ်အနေနဲ့ ကောင်းကင်ပြင်မှာ ပြသခဲ့ပါတယ်။ ဒီလေ့ကျင့်မှုကို အီဂျစ်နိုင်ငံမှာ ဧပြီလ ၁၉ ရက်ကနေ မေလ ၄ ရက်အထိပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံက အဆင့်မြင့် J-10C ဂျက်လေယာဥ်၊ KJ-500 ထောက်လှမ်းရေးလေယာဥ်နဲ့ YU-20 ဆီဖြည့်ယာဥ်တွေ အင်တိုက်အားတိုက်ပါဝင်ခဲ့ပါတယ်" ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ စာသားပါရှိပါတယ်။  

အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာအချက်အလက်ထပ်မံရှာဖွေကြည့်တဲ့အခါ အီဂျစ်နိုင်ငံရဲ့ နိုင်ငံတော်သတင်းအချက်အလက်ဆိုင်ရာဝန်ဆောင်မှု (SIS) Facebook စာမျက်နှာက ဒီစစ်ရေးလေ့ကျင့်မှုအကြောင်းထုတ်ပြန်ထားတဲ့ မေလ ၁၇ ရက်က ပို့စ်ကို တွေ့ရပါတယ်။ (Archived link)

တိုက်လေယာဥ်တွေ ဂီဇာပိရမစ်တွေပေါ်ပျံသန်းနေတဲ့ တူညီတဲ့ဓာတ်ပုံတွေကိုလည်း ဒီပို့စ်မှာ မျှဝေထားပါတယ်။  

Image
မှားယွင်းပို့စ်က ဗီဒီယို (ဘယ်) နဲ့ အအီဂျစ်နိုင်ငံတော်သတင်းအချက်အလက်ဝန်ဆောင်မှု (SIS) Facebook ပို့စ်က ဓာတ်ပုံရဲ့ တူညီမှုတွေကို AFP မှ အမှတ်အသားပြုလုပ်ထား

ဒီစစ်ရေးလေ့ကျင့်မှုကို ဧပြီလထဲမှာစတင်ခဲ့ပြီး ရက်အတော်ကြာကြာ ပြုလုပ်ခဲ့ကြောင်း SIS ရဲ့ ဝဘ်ဆိုဒ်ပေါ်မှာ ဖော်ပြထားပါတယ်။ (Archived link)

တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဒီစစ်ရေးလေ့ကျင့်မှုအောင်မြင်ပြီးဆုံးကြောင်း ကြေညာချက်ကို မေလ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ပိရမစ်တွေပေါ် တရုတ်ဂျက်လေယာဥ်တွေပျံသန်းနေတဲ့ ဗီဒီယိုကိုလည်း မျှဝေခဲ့ပါတယ်။ (Archived link)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ