ဘရာဇီးနိုင်ငံကလုယက်မှုကို စစ်တပ်ဆန့်ကျင်ရေးတပ်ဖွဲ့နဲ့ဆက်နွယ်နေတဲ့ ဗီဒီယိုဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 မေ 2025 အချိန် 10h33
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
ဘရာဇီးနိုင်ငံက လက်နက်ကိုင်ဓါးပြတိုက်မှုရဲ့  CCTV မှတ်တမ်းကို မြောက်ဒဂုံမှာ မြန်မာ့စစ်တပ်ဆန့်ကျင်ရေးတပ်ဖွဲ့ဝင်က နိုင်ငံခြားသားကို သူခိုးလက်က ကယ်တင်ခဲ့တဲ့ ဗီဒီယိုဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။  

လက်နက်ကိုင် လုယက်သူတစ်ဦးက ဖုန်းလုပြီးထွက်ပြေးစဥ် အခြားလူတစ်ယောက်က သေနတ်နဲ့ ပစ်ခတ်တာကိုပြတဲ့ ဗီဒီယိုတစ်ခုကို ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်က Facebook မှာ မျှဝေထားပြီး ကြည့်ရှုမှုအကြိမ်ရေ ၃၈,၀၀၀ ကျော်ရှိနေပါတယ်။  

“ဟော့... မြောက်ဒဂုံတဲ့ ဟုတ်လားမသိဘူး နံနံခြားသားကို PDF ကယ်လိုက်တယ်တဲ့ Video Unknown” (မူရင်းအတိုင်း) ဆိုပြီး စာသားပါရှိပါတယ်။ PDF ဟာ မြန်မာနိုင်ငံတွင်းအစုလိုက်အပြုံလိုက် ရွေ့ပြောင်းမှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေဖြစ်ပွားစေခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ People’s Defence Force ကို ရည်ညွန်းထားတာဖြစ်ပါတယ်။ (Archived link)

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်က ရယူထားတဲ့ Screenshot
 

မတ်လအတွင်းက လှုပ်ခတ်ခဲ့တဲ့ ကြောက်မက်ဖွယ်ငလျင်ကြောင့် လူပေါင်း ၃၈၀၀ ကျော် သေဆုံးပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပိုမိုလိုအပ်နေတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့အများစုဟာ သဘာဝဘေးအန္တရာယ်ကနေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲထားပေမဲ့ စစ်တပ်ကတော့ အရပ်သားပြည်သူတွေရဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေဆဲ ဖြစ်ပါတယ်။ (Archived links here and here)

လုယက်မှု ဗီဒီယိုကို မြန်မာနိုင်ငံကဆိုတတူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ Facebook မှာပျံ့နှံ့နေပါတယ်။ 

ဒါပေမဲ့ ဗီဒီယိုက ရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ အခင်းဖြစ်ပွားတဲ့ နေရာက ဘရာဇီးနိုင်ငံဆိုတာ တွေ့ခဲ့ရပါတယ်။  

ဖြတ်ညှပ်မှုတွေမပြုလုပ်ထားတဲ့ ဒီဗီဒီယိုကို  CNN Brasil သတင်းဌာနရဲ့  ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က သတင်းဆောင်းပါးတစ်ခုမှာ မျှဝေထားပါတယ်။ (Archived link  

“ဗီဒီယို - ကျောင်းသားတစ်ဦး Gym မှအပြန် လုယက်ခံရစဥ် တာဝန်ချိန်ပြင်ပရောက် ရဲအရာရှိက တုံ့ပြန်ခဲ့ပုံ” ဆိုပြီး သတင်းခေါင်းစဥ် ရေးသားထားပါတယ်။    

Image
မှားယွင်းတဲ့ Facebook ပိုစ့် (ဘယ်)နဲ့ CNN Brasil ရဲ့ သတင်းဆောင်းပါး (ညာ)ကို နှိုင်းယှဉ်ထားတဲ့ Screenshot

အခင်းဖြစ်ပွားရာနေရာဟာ ဘရာဇီးနိုင်ငံ၊ Sao Paulo မြို့၊ Brooklin ရပ်ကွက်ရှိ၊ Francisco Dias Velho လမ်းမပေါ် တစ်နေရာဆိုပြီး ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ (Archived link 

Google Maps မှာ တည်နေရာကိုရှာဖွေကြည့်ရာ လုယက်မှု CCTV မှတ်တမ်းက မြင်ကွင်းတွေနဲ့ တူညီတဲ့ Junkyard Gym ရဲ့ အရှေ့ဘက်ခြမ်းဓာတ်ပုံကို တွေ့ခဲ့ရပါတယ်။ (Archived link  

Image
CNN Brasil ရဲ့ သတင်းဆောင်းပါး (ဘယ်) နဲ့ Google Maps ကဓာတ်ပုံ (ညာ)ကို နှိုင်းယှဉ်ထားပြီး တူညီမှုတွေကို AFP ကမြင်သာအောင်ပြုလုပ်ထားတဲ့ Screenshot

အဓိကကျတဲ့ စကားလုံးတွေသုံးပြီး ထပ်မံရှာဖွေကြည့်ရာ ပိုမိုပြည့်စုံတဲ့ လုယက်မှု CCTV မှတ်တမ်းကို Junkyard Gym ရဲ့ တရားဝင် Instagram စာမျက်နှာမှာ မျှဝေထားတာကိုတွေ့ရပါတယ်။ ဗီဒီယိုထဲက မြင်ကွင်းတွေကလည်း Francisco Del Velho လမ်းမရဲ့ GoogleMaps ကဓာတ်ပုံတွေနဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived links here and here 

Image
Junkyard Gym ကမျှဝေထားတဲ့ CCTVမှတ်တမ်း (ဘယ်) နဲ့ Google Maps street view ဓာတ်ပုံ (ညာ) ကိုနှိုင်းယှဉ်ထားပြီး တူညီမှုတွေကို AFP ကမြင်သာအောင်ပြုလုပ်ထားတဲ့ Screenshot

AFP အနေနဲ့ PDF တွေနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို ယခင်ကလည်း ဒီလင့်ခ် ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာအချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်