ဟာဝိုင်အီတောမီးလောင်ကျွမ်းမှုကဓာတ်ပုံကို လတ်တလော LA မီးလောင်မှုကဆိုပြီး မှားယွင်းမျှဝေ

၂၀၂၅ ခုနှစ်ဇန်နဝါရီလအတွင်း လော့စ်အိန်ဂျလိစ်မှာ ကြောက်မက်ဖွယ်ရာတောမီးကြောင့် ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေပျက်စီးသွားချိန်မှာ ခေါင်မိုးအနီနဲ့အိမ်တစ်လုံးရဲ့ ဓာတ်ပုံတွေကို အဲဒီမီးလောင်ကျွမ်းမှုကနေ ဖန်ဆင်းရှင်ဘုရားကြောင့် ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့တဲ့အိမ်ဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ အဲဒီဓာတ်ပုံက ၂၀၂၃ ခုနှစ်၊ သြဂုတ်လက Lahainaမြို့၊  ဟာဝိုင်အီပြည်နယ်တောမီးလောင်ကျွမ်းမှုအတွင်း ထိခိုက်ပျက်စီးမှုမရှိခဲ့တဲ့ အိမ်တစ်လုံးရဲ့ ပုံပဲဖြစ်ပါတယ်။ အမေရိကန်သတင်းဌာနတွေက အဲဒီအိမ်ဟာ မီးလောင်ကျွမ်းမှုမတိုင်ခင်လေးတင် ပြုပြင်မွန်းမံမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မီးဘေးကနေလွတ်ကင်းသွားတယ်လို့ ဖော်ပြကြပါတယ်။  

"ဖန်ဆင်းရှင်ဘုရားမရှိဘူးလို့ ပြောတယ်သူတွေ မယုံကြည်သူတွေ သတိထားနော် လက်တွေ့ပြနေပြီး Los Angeles မှာ ကြည့်ပါအုံး တကယ်ကြောက်စရာကြီး တစ်မြို့လုံးလောင်းပြီး ယုံကြည်သူအိမ် တစ်အိမ်ဘဲ ကျန်ရစ်ခဲ့။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။   

အဲဒီပိုစ့်မှာ မီးလောင်ပျက်စီးသွားတဲ့ ရပ်ကွက်တစ်ခုက မီးမလောင်ဘဲ အကောင်းတိုင်းကျန်ခဲ့တဲ့ ခေါင်မိုးအနီနဲ့အိမ်တစ်လုံးရဲ့ ပုံပါဝင်ပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်ကရယူထားတဲ့ Screenshot

တူညီတဲ့ဓာတ်ပုံကို မှားယွင်းပြောဆိုမတွေနဲ့ မြန်မာဘာသာအပြင် ဘင်္ဂါလီ၊ အင်္ဂလိပ်၊ ဟိန္ဒီ နဲ့ ထိုင်းဘာသာစကားတွေနဲ့လည်း ဖြန့်ဝေနေကြပါတယ်။  ဖိလစ်ပိုင်နိုင်ငံရဲ့ လူမှုကွန်ရက်မှာတော့ အိမ်ပိုင်ရှင်တွေကို ခရစ်ယာန်ဘာသာဝင်တွေအဖြစ် ဖော်ပြနေကြပါတယ်။ 

လော့စ်အိန်ဂျလိစ်ရဲ့ လူနေရပ်ကွက်တော်တော်များများကို အကြီးအကျယ်လောင်ကျွမ်းခဲ့တတောမီးကြောင့်  လူပေါင်း ၂၄ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၉၀,၀၀၀ ကျော်ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပြီးနောက် ဒီမှားယွင်းပြောဆိုမှု ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)

တောင်တက်သမားတွေကစလို့ ဓာတ်အားလိုင်းတွေပါမကျန် မီးလောင်မှုကိုအစပြုခဲ့တယ်ဆိုပြီး ခိုင်လုံမှုမရှိဘဲ ပြစ်တင်ပြောဆိုနေကြတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်တစ်ခွင်မှာ ပျံ့နှံ့နေပါတယ်။ ဒေသခံတွေအနေနဲ့လည်း မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို အလွန်အမင်း သိချင်စိတ်ပြင်းပြလျက်ရှိတာကြောင့် မီးလောင်မှုစုံစမ်းစစ်ဆေးရေးပညာရှင်တွေက အပျက်အစီးတွေကိုခြေရာခံပြီး မီးလောင်ရခြင်းအကြောင်းအရင်းရဲ့ သဲလွန်စတွေကို ရှာဖွေလျက်ရှိပါတယ်။  

ထိန်းချုပ်ရှို့မီးတွေကြောင့် တောမီးလောင်တာမျိုးတွေရှိပေမယ့် ပုံမှန်အားဖြင့် သဘာဝအတိုင်းလောင်ကျွမ်းလေ့ရှိပြီး သဘာဝပတ်ဝန်းကျင်ဘဝစက်ဝန်းရဲ့ အရေးပါတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။  

မြို့ပြဧရိယာတွေတိုးပွားလာခြင်းက လူသားတွေအတွက် ထိခိုက်နစ်နာစေနိုင်တဲ့အပြင်  လောင်စာဆီတွေကို မဆင်မခြင်သုံးစွဲမှုကြောင့် ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာကြီးပူနွေးလာမှုတို့က ဖျက်အားပြင်းတောမီးတွေကို ပိုမိုဖြစ်ပေါ်လာနိုင်စေပါတယ်။ 

ဒါပေမဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေက အမေရိကန်ရဲ့ ဒုတိယအကြီးဆုံးမြို့တော်က သဘာဝဘေးအန္တရယ်အတွင်းမှာ ရိုက်ကူးခဲ့တာမဟုတ်ပါဘူး။  

Maui တောမီး 

 Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ ဓာတ်ပုံကို New York Post နဲ့ BBC သတင်းဌာနတွေရဲ့ သတင်းဆောင်းပါးတွေမှာ တွေ့ခဲ့ရပါတယ်။ (Archived links here and here) 

အဲဒီ ဓာတ်ပုံကို AFP ကမျှဝေပေးထားတာဖြစ်ပါတယ်။   

"၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တွင် Maui ကျွန်းအနောက်ဘက်ခြမ်း၊ Lahaina မြို့၊ ဟာဝိုင်အီ ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သောတောမီးကြောင့် နေအိမ်အပျက်အစီးများနှင့် မီးလောင်ပြာကျခဲ့ရသော အဆောက်အအုံများကြားတွင် မီးသင့်ခြင်းမခံရသည့် အနီရောင်အမိုးနှင့် နေအိမ်တစ်လုံးအား ဝေဟင်မှတွေ့ရစဉ်" ဆိုပြီး AFP မော်ကွန်းတိုက်က ဓာတ်ပုံအညွှန်းစာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြထားပါတယ်။  

၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ဟာဝိုင်အီမှာဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ်တောမီးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရာစုနှစ်တစ်ခုအတွင်း လူအသေအပျောက်အများဆုံးဖြစ်ခဲ့ပြီး  လူပေါင်း ၁၁၅ ဦးကို အသက်ဆုံးရှုံးစေခဲ့ပါတယ်။ (Archived link)

လူဦးရေ ၁၂,၀၀၀ ခန့်နေထိုင်တဲ့ Lahaina ခရီးသွားမြို့ကို အဲဒီတောမီးက အလုံးစုံချေမွဖျက်ဆီးခဲ့ပါတယ်။  

အောက်မှာ မှားယွင်းမျှဝေထားတဲ့ ဓာတ်ပုံ(ဘယ်) နဲ့ AFPရဲ့ဓာတ်ပုံ (ညာ) ကိုနှိုင်းယှဉ်ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။  

Image
မှားယွင်းမျှဝေထားတဲ့ ဓာတ်ပုံ(ဘယ်) နဲ့ AFPရဲ့ဓာတ်ပုံ (ညာ) ကိုနှိုင်းယှဉ်ထားတဲ့ screenshot

အိမ်ပိုင်ရှင် Dora Atwater Millikin က မီလောင်ကျွမ်းမှုမတိုင်ခင်လေးတင် ခင်ပွန်းနဲ့အတူ သူမတို့အိမ်ကို ပြုပြင်မွန်းမံမှုတွေလုပ်ဆောင်ခဲ့ပေမယ့် မီးဘေးအန္တရာယ်ကာကွယ်နိုင်ဖို့အထိတော့ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ Los Angeles Times သတင်းစာကိုဖြေကြားထားပါတယ်။ (Archived link)

သူတို့က ကတ္တရာခေါင်မိုးကို လေးလံတဲ့ သတ္ထုတွေနဲ့ အစားထိုးတပ်ဆင်ခဲ့ပြီး အိမ်နဲ့ထိနေတဲ့ သစ်ရွက်တွေကိုလည်း ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပြုပြင်မွန်းမံမှုကြောင့်ပဲ မီးလောင်ဒဏ်ကို ပိုမိုခံနိုင်စေခဲ့တာဆိုပြီးလည်း သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။  

AFP အနေနဲ့ လော့စ်အိန်ဂျလိစ်တောမီးနဲ့ ပတ်သက်တဲ့ အချက်အလက်မှားတွေကို ဒီလင့်ခ် နဲ့ ဒီလင့်ခ့်တွေမှာ စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ