ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ဖန်တီးထားတဲ့ အော်စကာရုပ်ထုဓာတ်ပုံကို LA တောမီးကဆိုပြီး မှားယွင်းမျှဝေ

လော့စ်အိန်ဂျလိစ်မှာ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်က တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့နောက် လူမှုကွန်ရက်အသုံးပြုသူတွေက မီးသင့်နေတဲ့ အော်စကာရွှေစင်ရုပ်ကို အဲဒီတောမီးကြောင့်ပျက်စီးသွားတဲ့ နေအိမ်ကနေတွေ့ရှိခဲ့တယ်ဆိုပြီး မှားယွင်းမျှဝေနေကြပါတယ်။ ဓာတ်ပုံဟာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ဖန်တီးပြုလုပ်ထားတယ်ဆိုတဲ့ သဲလွန်စတွေတွေ့ရှိခဲ့ရတဲ့အပြင် မူရင်းဓာတ်ပုံဖန်တီးသူကလည်း ဥာဏ်ရည်တုနည်းပညာ (AI) နဲ့ ဖန်တီးထားကြောင်းအတည်ပြုခဲ့တယ်လို့ ကျွမ်းကျင်သူတစ်ဦးက AFP ကိုပြောပါတယ်။  

"ဒီ မီးသင့် အော်စကာရုပ်ထုလည်း မစွမ်းသာပြီ။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်မှာမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။ 

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က ရယူထားတဲ့ Screenshot

လူပေါင်း ၂၇ ဦးထက်မနည်းသေဆုံးခဲ့ရပြီး လူတွေဒါဇင်နဲ့ချီပျောက်ဆုံးနေဆဲဖြစ်တဲ့ ကြောက်မက်ဖွယ်တောမီးလောင်ကျွမ်းပြီး တစ်ပတ်ခန့်အကြာမှာ ဒီမှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ (Archived link)

သောင်းနဲ့ချီတဲ့ မီးဘေးသင့်ပြည်သူတွေထဲမှာ ထိပ်တန်းသရုပ်ဆောင်၊ ဂီတပညာရှင် နဲ့ အခြားအောင်မြင်ကျော်ကြားသူတွေ ပါဝင်တာကြောင့် မြို့ထဲမှာရှိတဲ့ ဖျော်ဖြေရေးနယ်ပယ်က လုပ်ငန်းတွေ ရုတ်တရက် ရပ်တန့်ခဲ့ရပါတယ်။  

အီတလီသရုပ်ဆောင် Isabella Rossellini က သူမရဲ့ Instagram စာမျက်နှာမှာ အဲဒီမှားယွင်းတဲ့ ဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်ကမျှဝေခဲ့ပါတယ်။ တူညီတဲ့မှားယွင်းပြောဆိုမှုတွေက ူမှုကွန်ရက်သတင်းစာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တဲ့အပြင် Facebook မှာလည်း မြန်မာ၊ ဂရိ၊ စပိနတူရကီ၊ ကိုရီးယား၊ ပါရှန်၊ တရုတ် နဲ့ ပြင်သစ် စတဲ့ဘာသာစကားတွေနဲ့ မျှဝေနေကြပါတယ်။  

ဒါပေမဲ့ အဲဒီဓာတ်ပုံကို ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ဖန်တီးထားတာပဲဖြစ်ပါတယ်။   

AFP ရဲ့မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့  veraai.eu ရဲ့ InVID-WeVerify လို့ခေါ်တဲ့ အချက်အလက်စိစစ်ရေး ဆော့ဖ့်ဝဲလ်အရ အဲဒီဓာတ်ပုံကို AI နဲ့ဖန်တီးထားနိုင်ချေ ၉၅ ရာခိုင်နှုန်းရှိတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။ ဒီဆောဖ့်ဝဲလ်က AI ဖန်တီးမှုရဲ့တိကျတဲ့ သဲလွန်စတွေကိုခြေရာခံပြီး စိစစ်ဖော်ထုတ်ပေးတာပဲဖြစ်ပါတယ်။  

Image
AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံကို InVID က အချက်အလက်စိစစ်ထားတဲ့ Screenshot

Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဓာတ်ပုံကို လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Reddit မှာ "Symbolism" ဆိုတဲ့ခေါင်းစဥ်နဲ့  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်က မျှဝေခဲ့တာကိုတွေ့ရပါတယ်။ (Archived link) အဲဒီနောက်  ဓာတ်ပုံကဖယ်ရှားခံခဲ့ရပြီး  ဖိုရမ်ရဲ့ AI ဖန်တီးမှုနဲ့ပတ်သက်တဲ့ တားမြစ်ချက်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့စာသားနဲ့  အစားထိုးခံခဲ့ရတာကို တွေ့ရပါတယ်။ 

ဓာတ်ပုံရဲ့ ညာဘက်အောက်ခြေက ရေစာအမှတ်အသားကလည်း AI နဲ့ဖန်တီးထားတယ်ဆိုတာကို ထပ်မံညွှန်ပြနေပါတယ်။  

Image
Reddit မှာမျှဝေထားတဲ့ ဓာတ်ပုံရဲ့ ရေစာကို AFP ကမြင်သာအောင် အမှတ်အသားပြုထားတဲ့ Screenshot

GetReal Labs ရဲ့ စုံစမ်းစစ်ဆေးရေးအရာရှိချုပ် Emmanuella Saliba က ကုမ္ပဏီရဲ့ deepfake နည်းပညာ ထောက်လှမ်းရေး စနစ်အရ အဲဒီဓာတ်ပုံကို "လုပ်ကြံဖန်တီးထားတာ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲထားတာဖြစ်နိုင်တယ်" လို့ သူမရဲ့ LinkedIn စာမျက်နှာမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်မှာ မျှဝေထားပါတယ်။ (Archived link) 

Saliba က အဲဒီဓာတ်ပုံကိုဖန်တီးတဲ့ graphic designer နဲ့ အဆက်အသွယ်ရခဲ့တယ်ဆိုပြီး  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်က AFP ကို email ကနေတစ်ဆင့်ပြောကြားခဲ့ပါတယ်။ ဒီဇိုင်နာက သူ့ရဲ့ ဖန်တီးပြုလုပ်ချက်ကို AI ဖန်တီးမှုတွေနဲ့ ဒစ်ဂျစ်တယ်အနုပညာတွေကိုသာမျှဝေလေ့ရှိတဲ့ Facebook group တစ်ခုမှာမျှဝေခဲ့ပြီး  "လူအများကိုနားလည်မှုလွဲစေဖို့ရည်ရွယ်ချက်မရှိကြောင်း" သူမကိုပြောခဲ့တယ်လို့ ဆိုပါတယ်။  

ဓာတ်ပုံကိုအရင်ဆုံး ဖုန်းထဲကနေ Google ရဲ့ Gemini  လို့ခေါ်တဲ့ AI ဆော့ဖ့်ဝဲလ် အသုံးပြုပြီး ဖန်တီးကာ Adobe Photoshop နဲ့ ပြင်ဆင်ခဲ့တယ်လို့ မူရင်းဖန်တီးသူကပြောတာကို Saliba ကပြန်လည်မျှဝေခဲ့ပါတယ်။   

"ဒါဟာ ဓာတ်ပုံတစ်ပုံကဘယ်လောက်ထိလျင်မြန်စွာ ပျံ့နှံ့သွားနိုင်လဲဆိုတာနဲ့ အကြောင်းအရာတစ်ခုကို လွဲမှားစွာကောက်ချက်ချမှုတွေ ဖြစ်ပေါ်နိုင်မှုရဲ့ သာဓကပဲဖြစ်ပါတယ်" လို့သူမကဆိုပါတယ်။   

လော့စ်အိန်ဂျလိစ် မီးလောင်မှုနဲ့ ပတ်သက်တဲ့  AI ဓာတ်ပုံတွေကို AFP က ဒီလင့််နဲ့ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ