ထိုင်းရေဘေးမှာ ခွေးက ကြောင်ကလေးကို ကယ်ဆယ်ခဲ့တယ်ဆိုတဲ့ AI နဲ့ ဖန်တီးထားတဲ့ ရုပ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 02 ဒီဇင်ဘာ 2025 အချိန် 08h56
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Pasika KHERNAMNUOY, AFP ထိုင်း
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနှောင်းပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ခွေးတစ်ကောင်က ကြောင်ကလေးတစ်ကောင်ကို ရေဘေးကနေကယ်ဆယ်ခဲ့တယ်ဆိုတဲ့ ရုပ်ပုံတွေဟာ ဥာဏ်ရည်တုနည်းပညာ (AI) နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို AI နဲ့ ဖန်တီးခဲ့ကြောင်း မူရင်းပို့စ်မှာ ဖော်ပြထားတဲ့အပြင် Google SynthID ကလည်း ပုံတွေကို AI နဲ့ပြုလုပ်ထားကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။  

"ထိုင်းနိုင်ငံအတွက်ဆုတောင်းပေးကြရအောင်။ လက်ရှိအချိန်အထိရေကြီးနေတုန်းပါ။ ခွေးလေးတစ်ဟာ ကြောင်ကလေးကိုကယ်တင်နိုင်ခဲ့ပါတယ် ကြောင်ကလေးမိသားစုဟာရေကြီးထဲ့မှာမျော့ပါသွားကြပြီးတဲ့" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

ခွေးတစ်ကောင်က ကြောင်ကလေးတစ်ကောင်ကို ကိုက်ချီပြီး လှေပေါ်ကကယ်ဆယ်ရေးလုပ်သားတွေဆီ ယူဆောင်လာတာတွေ့ရတဲ့ ရုပ်ပုံသုံးပုံကို ဒီပို့စ်မှာ မျှဝေထားပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ရက်သတ္တပတ်တစ်ပတ်ကြာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လူ ၃၃ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)

အရေးပေါ်အခြေအနေထုတ်ပြန်ထားတဲ့ ဆောင်ကလာပြည်နယ်မှာ လူ ၁,၂၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။  

ထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကို ဇွန်လကနေ စက်တင်ဘာလအတွင်း ပုံမှန်ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ လူသားတွေကြောင့်ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုတွေက ပြင်းထန်တဲ့ရာသီဥတုကို ပိုမိုဆိုးရွားစေပြီး မိုးလေဝသအခြေအနေတွေကို ပိုမိုခန့်မှန်းရခက်စေကြောင်း ကျွမ်းကျင်သူများတွေက ပြောပါတယ်။ 

ခွေးတစ်ကောင်က ကြောင်လေးတစ်ကောင်ကို ရေဘေးကနေကယ်တင်ပြီး ကယ်ဆယ်ရေးလုပ်သားတွေဆီ ပို့ဆောင်ခဲ့တဲ့ဓာတ်ပုံတွေကို FacebookInstagramThreadsTikTok တို့မှာ အင်္ဂလိပ်မလေးဗီယက်နမ်အပြင် တရုတ်ဘာသာစကားတွေနဲ့လည်း မျှဝေနေကြပါတယ်။  

ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ Google AI ကိုအသုံးပြုပြီး ဖန်တီးထားတာဖြစ်ပါတယ်။  

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို "Made with Google AI" "Google AI နှင့်ဖန်တီးထားသည်" ဆိုတဲ့ သတိပေးချက်နဲ့အတူ တွေ့ရပါတယ်။  

၂၀၂၅ ခုနှစ်၊ မေလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့ SynthID Detector ဟာ ရုပ်ပုံတွေကို AI နဲ့ ဖန်တီးထားတာ ဟုတ် မဟုတ် စစ်ဆေးပေးနိုင်ပါတယ်။ ရုပ်ပုံတွေမှာ Google AI ကို အသုံးပြုထားတဲ့ ဒစ်ဂျစ်တယ်အမှတ်အသားကို SynthID က စမ်းသပ်တွေ့ရှိခဲ့ပါတယ် (Archived link)

Image
Image
Image
Google AI နဲ့ ပြုလုပ်မှု ဖြစ်နိုင်ခြေ "အလွန်မြင့်မား" ကြောင်း SynthID က ဖော်ပြထားတဲ့ Screenshot

ပုံထဲကအိမ်တစ်အိမ်မှာ အိမ်ရှေ့တံခါးပေါက်တစ်ခုထက်ပိုနေတာတွေ့ရပြီး ဒါဟာ AI နဲ့ပြုလုပ်ထားကြောင်းမြင်သာစေတဲ့ သဲလွန်စတစ်ခုဖြစ်ပါတယ်။  

ဒါအပြင် သစ်ပင်တွေနဲ့ အဆောက်အအုံတွေက ရေအောက်မှာနစ်မြုပ်နေပေမယ့် ခွေးရဲ့ခန္ဓာကိုယ်က ရေပေါ်မှာရှိနေတာကလည်း နောက်ထပ်ရုပ်ပုံကွဲလွဲမှုတစ်ခုဖြစ်ပါတယ်။  

ဒီဓာတ်ပုံကို နေ့ခင်းအချိန်မှာရိုက်ကူးထားပေမယ့် ်ပုံအောက်နားက နေ့စွဲနဲ့ အချိန်ဖော်ပြမှုမှာ "8:10 PM" "ည ၈ နာရီ ၁၀ မိနစ်" ဆိုပြီးလည်း တွေ့ရပါတယ်။

Image
AI နဲ့ပြုလုပ်ထားတဲ့ဓာတ်ပုံထဲက ရုပ်ပုံကွဲလွဲချက်တွေကို AFP က အမှတ်အသားပြုလုပ်ထား

နိုဝင်ဘာလ ၂၂ ရက်ကဖော်ပြခဲ့ပြီး လက်ရှိမှာ အွန်လိုင်းပေါ်က ဖြုတ်ချထားတဲ့ မူရင်းပို့စ်က ဒီဓာတ်ပုံကို AI နဲ့ ပြုလုပ်ထားကြောင်း ဖော်ပြထားပါတယ်။ မူရင်းပို့စ်ကို မျှဝေခဲ့သူက AFP ရဲ့ မေးမြန်မှုတွေကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။  

ဒါပေမဲ့ AI သတိပေးချက်ပါဝင်တဲ့ ဒီပို့စ်ရဲ့ Screenshot ကို အခြားလူမှုကွန်ရက်အသုံးပြုသူတွေက ပြန်လည်မျှဝေခဲ့ပြီး AI နဲ့ ပြုလုပ်ထားကြောင်း သတိပေးခဲ့ကြပါတယ်။ (Archived link)

ထိုင်းနိုင်ငံကရေကြီးမှုနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်