မကြာသေးခင်က ဖမ်းဆီးရရှိခဲ့တဲ့ TNLA လက်နက်တွေဆိုပြီး ၂၀၁၉ ခုနှစ်က ဓာတ်ပုံဟောင်းတွေ မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 နိုဝင်ဘာ 2025 အချိန် 07h11
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

ဒီဇင်ဘာရွေးကောက်ပွဲမတိုင်မီ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လွန်ခဲ့တဲ့ ခြောက်နှစ်နီးပါး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ရှမ်းပြည်နယ်မှာ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ ဓာတ်ပုံဟောင်းတွေကို မကြာသေးခင်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီက သိမ်းယူရရှိခဲ့တဲ့ လက်နက်တွေ ဆိုပြီး အွန်လိုင်းပေါ်မှာ မှားယွင်း မျှဝေနေကြတာ တွေ့ရပါတယ်။ ဒီဓာတ်ပုံတွေဟာ အဲဒီအချိန်တုန်းက ဖော်ပြခဲ့တဲ့ ဒေသတွင်းသတင်းဓာတ်ပုံတွေအပြင် အစိုးရထုတ်ပြန်ချက်က ဓာတ်ပုံတွေနဲ့လည်း ကိုက်ညီနေပါတယ်။ 

"TNLA မှ စစ်ကိုင်းသို့ပေးပို့လက်နက်များ ဖမ်းမိပမာဏအလွန်များပြား။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ မြန်မာနိုင်ငံထဲက အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။   

မြေကြီးပေါ်မှာခင်းကျင်းပြသထားတဲ့သေနတ်တွေ၊ အခြားပစ္စည်းကိရိယာတွေနဲ့ အနီးအနားကလူတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဒီပို့စ်ထဲမှာ တွေ့ရပါတယ်။  

Image
နိုဝင်ဘာလ ၁၉ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ကို AFP က X အမှတ်အသားပြုလုပ်ထား

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့စဥ်ကတည်းက TNLA တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်အရှေ့တောင်ပိုင်းမှာ အရေးပါတဲ့မြို့နယ် တစ်ဒါဇင်ခန့်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ပတ္တမြားနယ်မြေဖြစ်တဲ့ မိုးကုတ်မြို့ကိုလည်း စစ်တပ်လက်အောက်ကနေ သိမ်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အောက်တိုဘာလနောင်းပိုင်းမှာ တရုတ်ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့က ၎င်းတို့ရဲ့တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ TNLA ဘက်က သဘောတူလက်ခံခဲ့ပါတယ်။ (Archived link)

ဒါအပြင် မြန်မာစစ်တပ်ဟာ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းမှာစတင်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အရေးပါတဲ့ မြို့တချို့ကို TNLA လက်ထဲကနေပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ (Archived link)

ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းပြန်လည်တည်ငြိမ်ရေးအတွက် အခွင့်အလမ်းဖြစ်တယ်လို့ စစ်တပ်ကပြောဆိုထားပေမယ့် ဒါဟာ စစ်တပ်ရဲ့အုပ်ချုပ်ရေး ရေရှည်တည်မြဲရေးအတွက် အယောင်ပြရွေးကောက်ပွဲသာဖြစ်တယ်လို့ မြန်မာ့အရေးစောင့်ကြည့်သူတွေကပြောပါတယ်။ (Archived link)

တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဓာတ်ပုံတွေကို Facebook က ပို့စ်တွေမှာ ပြန်လည်မျှဝေနေကြပါတယ်။  

ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ သိမ်းယူရမိခဲ့တဲ့လက်နက်တွေဖြစ်ပြီး ဒေသတွင်းသတင်းဆောင်းပါးတွေနဲ့ အစိုးရဝဘ်ဆိုဒ်တွေမှာလည်း ဖော်ပြခဲ့ကြပါတယ်။  

ဒီဓာတ်ပုံတွေထဲက ရုပ်ပုံတစ်ပုံကိုလည်း AFP က အချက်အလက်စိစစ်ခဲ့ပါတယ်။  

ဓာတ်ပုံဟောင်းတွေ 

အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဆင်တူတဲ့ ဓာတ်ပုံတစ်ပုံကို Democratic Voice of Burma (DVB) က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

"TNLA ထံက စစ်လက်နက်ပစ္စည်းမျိုးစုံနှင့် လေယာဉ်ပစ်ဒုံးအချို့ သိမ်းဆည်းရမိ" ဆိုပြီး ခေါင်းစဥ်ဖော်ပြထားပါတယ်။  

Image
မှားယွင်းပို့စ်ကဓာတ်ပုံ (ဘယ်) ကို DVB ဓာတ်ပုံနဲ့ Screenshot နှိုင်းယှဥ်ပြီး တူညီမှုတွေကို AFP က အမှတ်အသားပြုလုပ်ထား

ထပ်မံပြီး အချက်အလက်ရှာဖွေကြည့်တဲ့အခါ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်က ဒီလက်နက်သိမ်းယူရရှိမှုအကြောင်းဖော်ပြထားတဲ့ ဧရာဝတီဆောင်းပါးထဲက ဗီဒီယိုတစ်ခုကို တွေ့ရပါတယ်။ (Archived link)

Image
မှားယွင်းပို့စ်ကဓာတ်ပုံ (ဘယ်) ကို ဧရာဝတီ ဗီဒီယိုထဲက ရုပ်ပုံနဲ့ Screenshot နှိုင်းယှဥ်ထားပြီး တူညီမှုတွေကို AFP က အမှတ်အသားပြုလုပ်ထား

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်ထဲမှာ TNLA တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဟိုမိန်းကျေးရွာထဲ လက်နက်ခဲယမ်းတွေကို သိမ်းယူရရှိခဲ့တယ်ဆိုတဲ့ထုတ်ပြန်ချက်နဲ့အတူ ဒီဓာတ်ပုံတွေကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝဘ်ဆိုဒ်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)

ဒါအပြင် BBCမဇ္ဈိမ နဲ့ Myanmar Now စတဲ့ သတင်းဌာနတွေကလည်း ဒီလက်နက်တွေကို နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ခင်းကျင်းပြသခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ (Archived links here, here, here and here)

မြန်မာနိုင်ငံမတည်ငြိမ်မှုနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်