ထိုင်းတောင်ပိုင်းရေကြီးမှုက ကယ်ဆယ်ရေးလှေနစ်မြုပ်မှုဗီဒီယိုကို အယုဒ္ဓယရေကြီးမှုကဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 နိုဝင်ဘာ 2025 အချိန် 03h58
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Thailand
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံဒေသအချို့မှာ လနဲ့ချီရေကြီးမှုတွေဖြစ်ပွားနေချိန် ကယ်ဆယ်ရေးလှေတစ်စင်း မတော်တဆနစ်မြုပ်မှုဗီဒီယိုကို အယုဒ္ဓယရေကြီးမှုကဆိုပြီး မှားယွင်းပြောဆိုနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုကို ပရဟိတအဖွဲ့အစည်းတစ်ခုက အောက်တိုဘာလ ၁ ရက်မှာ မျှဝေထားပြီး ထိုင်းနိုင်ငံတောင်ပိုင်း၊ ဥတ္တရဒ္ဒပြည်နယ် (Uttaradit) ရေကြီးမှုအတွင်း ကယ်ဆယ်ရေးလုပ်ဆောင်စဉ်က ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"အယုဒ္ဓယမှာ ရေစီးဘယ်လောက်သန်လဲဆိုတော့ ကယ်ဆယ်ရေလှေပါ တိမ်းမှောက်တဲ့အထိပဲ ရေကြောင့် ဒုက္ခရောက်နေတဲ့သူကို သွားကယ်တဲ့ လှေပါ ဒုက္ခရောက်သွားတာ အားလုံးဘေးကင်းကြပါစေ" (မူရင်းအတိုင်း) ဆိုပြီး ထိုင်းနိုင်ငံတွင်းသတင်းတွေ ဖော်ပြလေ့ရှိတဲ့ Facebook အကောင့်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်က မျှဝေထားပါတယ်။
အဖြူရောင်စက်လှေတစ်စင်း ရေစီးထဲမျောပါပြီး ကွန်ကရစ်ဓာတ်တိုင်နဲ့တိုက်မိခဲ့တာကြောင့် လိုက်ပါလာသူတွေ ရေထဲပြုတ်ကျသွားတာကို ဗီဒီယိုထဲမှာတွေ့ရပါတယ်။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယပြည်နယ်မှာရိုက်ကူးခဲ့တယ်ဆိုပြီး ဒီဗီဒီယိုကို Facebook၊ TikTok နဲ့ Instagram မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနစ် ယူနက်စကို စာရင်းဝင် အယုဒ္ဓယမြို့ဟောင်းတည်ရှိရာ အလယ်ပိုင်းပြည်နယ်မှာ မိုးသည်းထည်စွာရွာသွန်းမှုကြောင့် ကျောက်ဖရားမြစ်အနီးရှိ ရွာအများအပြား လေးလနီးပါးကြာ ရေလွှမ်းမိုးမှုတွေကြုံတွေ့နေရပါတယ်။ (Archived link)
ရေကြီးမှုကြောင့် လူ ၂၀ ဦးသေဆုံးခဲ့ပြီး ဒေသတွင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက အိုးအိမ်ပေါင်း ၆၃,၀၀၀ ကျော် ထိခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့ ဒေသခံတစ်ချို့ဟာ အန္တရာယ်ကြားက မိမိတို့နေအိမ်ထဲမှာ ဆက်လက်နေထိုင်လျက်ရှိနေပါတယ်။ (Archived link)
ဒါပေမဲ့ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ဗီဒီယိုဟာ အယုဒ္ဓယမြို့နဲ့ ကီလိုမီတာ ၃၇၀ (မိုင် ၂၃၀) အကွာမှာရှိတဲ့ ဥတ္တရဒ္ဒပြည်နယ်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ အရည်အသွေးပိုမိုကောင်းမွန်တဲ့ Facebook ဗီဒီယိုတစ်ခုကို ဒေသခံပရဟိတအဖွဲ့က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
Ruamkatanyu ဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေးစက်လှေတစ်စင်း အဲဒီနေ့မှာပဲ ဥတ္တရဒ္ဒပြည်နယ်ရေကြီးမှုမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နေစဥ် မတော်တဆနစ်မြုပ်ခဲ့တယ်လို့ ထိုင်းဘာသာနဲ့ စာသားဖော်ပြထားပါတယ်။
ဥတ္တရဒ္ဒပြည်နယ်၊ ထရွန်ခရိုင်၊ ဘန်ကိန်းရပ်ကွက်မှာ ကယ်ဆယ်ရေးလုပ်ဆောင်နေစဥ် အခုလိုတိမ်းမှောက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေကလည်းဖော်ပြထားပါတယ်။ (Archived link)
ဗီဒီယိုထဲကရုပ်ပုံတွေက ထရွန်ခရိုင်ရှိ ဘန်ကိန်းရပ်ကွက်ရဲ့ Google Street View ဓာတ်ပုံနဲ့ ကိုက်ညီမှုရှိနေပါတယ်။ (archived link)
စက်တင်ဘာလနှောင်းပိုင်းနဲ့ အောက်တိုဘာလအစောပိုင်းက ဥတ္တရဒ္ဒပြည်နယ်မှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံးရေလွမ်းမိုးမှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ ထိုင်းအခြေစိုက် the Nation က ဖော်ပြထားပါတယ်။ အပူပိုင်းမုန်တိုင်း ဘူလွိုင်ကြောင့် မိုးသည်းထန်ရွာသွန်းမှုက ပြည်နယ်ရဲ့ ခရိုင်းသုံးခုမှာ ရေကြီးမှုတွေဖြစ်ပွားစေခဲ့ပြီး အိုးအိမ် ၂,၀၀၀ ကျော်ထိခိုက်ခဲ့ပါတယ်။ (Archived link)
သဘာဝဘေးအန္တရာယ်တွေနဲ့သက်ဆိုင်တဲ့မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်