ဗီယက်နမ်ရေကြီးမှုကဓာတ်ပုံကို ထိုင်းနိုင်ငံတောင်ပိုင်းရေကြီးမှု ဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဒီဇင်ဘာ 2025 အချိန် 10h35
  • နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 05 ဒီဇင်ဘာ 2025 အချိန် 10h42
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • Chayanit ITTHIPONGMAETEE, AFP ထိုင်း

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဆိုးရွားတဲ့ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ အွန်လိုင်းမှာပျံနံ့နေတဲ့ ရေဘေးသင့်မြို့တစ်မြို့ရဲ့ ဝေဟင်ဓာတ်ပုံဟာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ထိုင်းရေကြီးမှုကမဟုတ်ပါဘူး။ ဒီဓာတ်ပုံကို ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်က ရိုက်ကူးခဲ့တယ်လို့ မူရင်းဓာတ်ပုံဆရာက AFP ကို အတည်ပြုခဲ့ပါတယ်။ 

"ဟတ်ယိုင်တမြို့လုံးနီးပါးမြုပ်ကုန်ပီး 25/11/68 ပင်လယ်ပြင်လိုဖြစ်နေပီးရေက မိုးကဒီနေ့အချိန်ထိဆက်တိုက်ရွာနေတာ" (မူရင်းအတိုင်း) ဆိုပြီး နိုဝင်ဘာလ ၂၅ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။ 

ဝေဟင်ကနေရိုက်ကူးထားတဲ့ ရေဘေးသင့်နေအိမ်တွေနဲ့ စိုက်ခင်းတွေရဲ့ ဓာတ်ပုံတွေကို ဒီပို့စ်မှာ မျှဝေထားပါတယ်။ 

ရက်သတ္တပတ်တစ်ပတ်ခန့်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရီးသွားတွေကြားနာမည်ကြီးတဲ့ ဟတ်ယိုင်မြို့ (Hat Yai) နဲ့ တောင်ပိုင်းဒေသနေရာအချို့ ရေကြီးမှုတွေကြုံတွေ့ခဲ့ရတဲ့နောက် အောက်တိုဘာလ ၂၅ ရက်မှာ ထိုင်းအစိုးရက ဆောင်ကလာ (Songkhla) ပြည်နယ်တောင်ပိုင်းမှာ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပါတယ်။

Image
ဒီဇင်ဘာလ ၅ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ဒီရေဘေးကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူ ၅၅ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဒီဓာတ်ပုံကို မြန်မာဘာသာအပြင် ထိုင်းမလေးဘာသာစကားတွေနဲ့လည်း မျှဝေနေကြပါတယ်။ 

ဒါပေမဲ့ ဒီဝေဟင်ဓာတ်ပုံဟာ ထိုင်းရေကြီးမှု မဟုတ်ပါဘူး။

ဗီယက်နမ်အလယ်ပိုင်းဒေသ ရေကြီးမှု 

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ တူညီတဲ့ရုပ်ပုံတွေကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်ကမျှဝေထားတဲ့ TikTok ဗီဒီယိုတစ်ခုမှာ တွေ့ရပါတယ်။ (Archived link)

"ဗီယက်နမ်အလယ်ပိုင်းဒေသမှာ အရာအားလုံးကို ရေတွေလွှမ်းမိုးကုန်ပြီ #စိတ်မကောင်းစရာ" လို့အဓိပ္ပါယ်ရတဲ့ ဗီယက်နမ်ဘာသာနဲ့ စာသားဖော်ပြထားပါတယ်။ 

Image
မှားယွင်းပို့စ်ရဲ့ Screenshot (ဘယ်) ကို TikTok ဗီဒီယိုနဲ့ နှိုင်းယှဥ်မှု

ဒီ TikTok ဗီဒီယိုကို မျှဝေထားသူက AFP ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။  

ဆက်လက်ပြီး အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ တူညီတဲ့ဓာတ်ပုံတွေကို ဗီယက်နမ်အစိုးရဝဘ်ဆိုဒ်ဖြစ်တဲ့ Vietnam.VN မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသက သမိုင်းဝင်ရေလွှမ်းမိုးမှုအကြောင်း ဖော်ပြချက်နဲ့အတူ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

စစ်တပ်ဓာတ်ပုံသမားဖြစ်သူ Mai Thanh Hai က ဒီဓာတ်ပုံတွေကို ရိုက်ကူးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီဓာတ်ပုံတွေကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှာ ဟွိုင်အန် မြို့ပေါ်ကို စစ်တပ်ရဟတ်ယာဥ်တစ်စင်းနဲ့ ပျံသန်းစဥ် ရိုက်ကူးခဲ့တယ်လို့ သူက AFP ကို ပြောပါတယ်။ (Archived link)

"ဒါနန်လေဆိပ်ကို ဆင်းသက်ဖို့ချဥ်းကပ်နေချိန်မှာ ရိုက်ကူးခဲ့တာပါ။ ဒါဟာ ဟွိုင်အန်မြို့ နယ်နမိတ်အတွင်းမှာပါ" လို့ AFP ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှာ ပြောပါတယ်။

Image
မှားယွင်းပို့စ်ရဲ့ Screenshot (ဘယ်) ကို Mai Thanh Hai ရိုက်ကူးထားတဲ့ ဝေဟင်ဓာတ်ပုံနဲ့ နှိုင်းယှဥ်မှု

Hai ရဲ့ဓာတ်ပုံနဲ့ အခြားဓာတ်ပုံသမားတွေရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို ဟိုချီမင်းအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Thanh Nien ကလည်း အောက်တိုဘာလ ၃၀ ရက်မှာ ဖော်ပြခဲ့ပါတယ်။ (Archived link)

ဒီဓာတ်ပုံရဲ့ ညာဘက်အပေါ်ပိုင်းမှာ Cua Dai တံတားကိုတွေ့နိုင်ပြီး ရေတွေလွှမ်းမိုးနေတဲ့ ကွေးကောက်ဧရိယာဟာ အုန်းစိုက်ခင်းတွေဖြစ်တယ်လို့ Hai က ဆိုပါတယ်။ (Archived link)

အောက်တိုဘာလနှောင်းပိုင်းမှာ စံချိန်တင် မိုးသည်းထည်စွာရွာသွန်းမှုတွေကြောင့် ဗီယက်နမ်အလယ်ပိုင်းနဲ့ ကုန်းမြင့်ဒေသက ပြည်နယ်တွေမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီး အိမ်ပေါင်း တစ်သိန်းကျော် ရေလွှမ်းမိုးခဲ့ပါတယ်။ (Archived link)

နိုဝင်ဘာလနှောင်းပိုင်းမှာ ဒီရေကြီးမှုတွေကြောင့် လူ ၉၀ ဦး သေဆုံးခဲ့ပြီး လယ်ယာမြေ ဧက ၈၀,၀၀၀ ကျော် ရေမြုပ်ခဲ့တဲ့အပြင် မွေးမြူရေးတိရိစ္ဆာန်ပေါင်း ၃ ဒဿမ ၂ သန်း ကျော် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ (Archived link)

ထိုင်းနိုင်ငံရေကြီးမှုနဲ့သက်ဆိုင်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။ 

ဆောင်းပါးထဲမှ စာလုံးပေါင်းသတ်ပုံမှားယွင်းမှုအားပြင်ဆင်ခဲ့သည်။
December 5, 2025 ဆောင်းပါးထဲမှ စာလုံးပေါင်းသတ်ပုံမှားယွင်းမှုအားပြင်ဆင်ခဲ့သည်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်