ကျဆုံးသွားတဲ့ PDF တွေအတွက် ပူဆွေးနေသူတွေဆိုပြီး AI ဖန်တီးမှုရုပ်ပုံတစ်ခု မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 ဒီဇင်ဘာ 2025 အချိန် 07h10
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း

ဒီဇင်ဘာလနှောင်းပိုင်းမှာ ကျင်းပဖို့စီစဥ်ထားတဲ့ ရွေးကောက်ပွဲမတိုင်မီ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရေး မြန်မာစစ်တပ်ကပြင်ဆင်နေချိန်မှာ စစ်တပ်ကသတ်ဖြတ်လိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဆိုပြီး AI ဖန်တီးမှုရုပ်ပုံတစ်ခု လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။ ဒီရုပ်ပုံကို Google AI နဲ့ဖန်တီးထားကြောင်းတွေ့ရှိခဲ့ရပြီး AI ပြုလုပ်ချက်တွေမှာ တွေ့ ရလေ့ရှိတဲ့ ရုပ်ပုံကွဲလွဲမှုတွေလည်း ပါရှိပါတယ်။  

"ချောင်းဦးPDFကင်စစ်စစ်တွေကြည်ကြပေတော့…" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။ ချောင်းဦး PDF တပ်ဖွဲ့ဟာ မြန်မာနိုင်ငံအလယ်ပိုင်း အဓိကကျတဲ့ဒေသက စစ်တပ်ကိုဆန့်ကျင်တွန်းလှန်နေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။   

မြေကြီးပေါ်လဲလျောင်းထားပြီး အဝတ်စတွေနဲ့ဖုံးအုပ်ထားတဲ့ ရုပ်အလောင်း ၁၃ ခုအနီး  လူအချို့ ဝမ်းနည်းပူဆွေးဟန်နဲ့ မျက်နှာတွေကို လက်နဲ့ဖုံးအုပ်ထားတာကို ဒီပုံထဲမှာ တွေ့ရပါတယ်။  

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးအသစ်လက်ထက်မှာ "လက်နက်ကြီးနဲ့ gyrocopter" ထိလို့ သေဆုံးသွားတဲ့ PDF စစ်သားတွေဆိုပြီး စာသားထည့်သွင်းရေးသားထားပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်ကရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

တူညီတဲ့ဓာတ်ပုံကို အခြား Facebook ပိုစ့်တွေမှာလည်း မှားယွင်းမျှဝေနေကြပါတယ်။  

"PDFဆိုတာပြည်သူတေပါ" (မူရင်းအတိုင်း) ဆိုပြီး မှားယွင်းပိုစ့်တစ်ခုအောက်မှာ မှတ်ချက်ပြုထားပါတယ်။  

"စိတ်မကောင်းလိုက်တာ" (မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်က ရေးသားထားပါတယ်။  

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်မယ်လို့ဆိုထားတဲ့ ရွေးကောက်ပွဲမတိုင်မီ စစ်တပ်က နယ်မြေပြန်လည်ရယူဖို့ကြိုးစားနေချိန်မှာ ဒီမှားယွင်းပြောဆိုမှုတွေပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ သူတို့ရဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲကိုတားဆီးဖို့ ကတိပြုထားကြပါတယ်။ စောင့်ကြည့်လေ့လာသူတွေက ဒီရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး ရေရှည်တည်တံ့စေဖို့ လှည့်ကွက်တစ်ခုသာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ (Archived link) 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို  စစ်တပ်ကဖြုတ်ချခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာဒီမိုကရေစီကာလကို အဆုံးသတ်စေခဲ့တဲ့နောက် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။  

မြန်မာပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေကို တရားဝင်ရေတွက်ထားတာမျိုးမရှိတဲ့အပြင် ခန့်မှန်းချက်တွေကလည်းကွဲပြားနေပါတယ်။ လက်နက်ကိုင်ပဋိပက္ခတည်နေရာနှင့်ဖြစ်ရပ်ဒေတာ အဖွဲ့အစည်း (ACLED) က သတင်းမီဒီယာတွေရဲ့ ပြည်တွင်းအကြမ်းဖက်မှုဆိုင်ရာသတင်းဖော်ပြချက်တွေကို အခြေခံတဲ့ တွက်ချက်မှုအရ မြန်မာပြည်တွင်းစစ်ကြောင့် နှစ်ဘက်စလုံးက လူပေါင်း ၈၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။  

ဒါပေမဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ရုပ်ပုံဟာ အမှန်တကယ်တိုက်ပွဲအတွင်းသေဆုံးသွားသူတွေရဲ့ ဓာတ်ပုံ မဟုတ်ပါဘူး။  

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ပြီး "About this image" ဆိုတဲ့စာတမ်းကို နှိပ်လိုက်တဲ့အခါ ဒီဓာတ်ပုံကို "Made with Google AI" "Google AI နှင့်ဖန်တီးထားသည်" ဆိုတဲ့ သတိပေးချက်ကို တွေ့ရပါတယ်။    

AI နဲ့ဖန်တီးမှု အကြောင်းအရာတွေကို စိစစ်ဖို့ ၂၀၂၅ ခုနှစ်၊ မေလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့  SynthID Detector နဲ့ထပ်မံ စစ်ဆေးကြည့်ရာ ဓာတ်ပုံဟာ  AI အသုံးပြုပြီး ဖန်တီးထားနိုင်ချေ "အလွန်မြင့်မား" တယ်လို့အဖြေရရှိပါတယ်။ (Archived link) 

Image
SynthID စစ်ဆေးမှုရလာဒ်ရဲ့ Screenshot

မှားယွင်းမျှဝေထားတဲ့ ဓာတ်ပုံကို သေချာစစ်ဆေးကြည့်ရှုတဲ့အခါ AI နဲ့ဖန်တီးထားတာကို သိသာစေတဲ့ ရုပ်ပုံကွဲလွဲမှုတွေကိုတွေ့ရပါတယ်။ ဝမ်းနည်းပူဆွေးနေသူတွေဟာ ပုံစံတစ်ခုတည်းမှာရှိနေပြီး တချို့တွေက အလောင်းတွေပေါ်မှာ အနည်းငယ်တက်ထိုင်ထားသလိုဖြစ်နေပါတယ်။ လက်ချောင်းနဲ့ နားရွက်တွေဟာလည်း ပုံသဏ္ဌာန်ပျက်ယွင်းနေပါတယ်။  

Image
မှားယွင်းပိုစ့်ပိုစ့်က ရုပ်ပုံကွဲလွဲမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုထားတဲ့ Screenshot

မြန်မာနိုင်ငံမငြိမ်မသက်မှုနဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP ကယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ