ပါလက်စတိုင်းထောက်ခံရေးဗီဒီယိုဟာ ဘွန်ဒိုင်ကမ်းခြေပစ်ခတ်မှုမတိုင်ခင် ဆန္ဒပြပွဲတစ်ခုကဖြစ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 02 ဇန်နဝါရီ 2026 အချိန် 08h26
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဩစတြေးလျနိုင်ငံက ဂျူးပွဲတော်တစ်ခုမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုမတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုက ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်းထောက်ခံမှုဆန္ဒပြပွဲကို ဒီပစ်ခတ်မှုအပြီး နောက်တစ်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ဆန္ဒပြမှုဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။ အဲဒီဆန္ဒပြပွဲရဲ့ ဗီဒီယိုတွေဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။  

"သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့လယ်ခေါင်မှာ ပါလက်စတိုင်းလ်အလံများကိုင်ဆောင်ထားကြပြီး သေနတ်ပစ်ခတ်မှု့ဖြစ်တဲ့ကမ်းခြေအနီးနားမှာပဲ ပစ်ခတ်မှု့အပြီး နောက်တစ်ရက်မှာချီတက်ဆန္ဒ ဖေါ်ထုတ်နေကြသည့်မြင်ကွင်းပဲ ဖြစ်ပါတယ်…….." (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။    

ပါလက်စတိုင်းအလံတွေနဲ့  ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့လူတစ်စု မြို့ထဲလမ်းမပေါ် ချီတက်နေတာကို ဗီဒီယိုမှာ တွေ့နိုင်ပါတယ်။ "ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ မြို့လယ်ခေါင်မှာ လမ်းလျှောက်နေတုန်း မနေ့ကပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘွန်ဒိုင်ကမ်းခြေအနီးမှာ ပါလက်စတိုင်းမွတ်စလင်တွေရဲ့ ဆစ်ဒနီမြို့တစ်လျှောက် ချီတက်ပွဲနဲ့ ကြုံခဲ့ရပါတယ်။" ဆိုပြီး လူတစ်ယောက်ပြောနေသံကိုလည်း ကြားရပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်က ဆစ်ဒနီမြို့ ဘွန်ဒိုင်ကမ်းခြေမှာကျင်းပခဲ့တဲ့ ဂျူးပွဲတော်တစ်ခုမှာ သားအဖနှစ်ယောက်ရဲ့ပစ်ခတ်မှုကြောင့် လူ ၁၅ ဦး အသက်ဆုံးရှုံးခဲ့တဲ့နောက် တူညီတဲ့မှားယွင်းပြောဆိုမှုတွေ Facebook၊ X နဲ့  Instagram စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ အာဏာပိုင်တွေက အဲဒီပစ်ခတ်မှုဟာ "အစ္စလာမ္မစ်နိုင်ငံတော် အယူဝါဒ" နဲ့ ဆက်စပ်နေတယ်လို့ဆိုပါတယ်။ (Archived link

ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese က "ဂျူးဆန့်ကျင်ရေး ယုတ်မာမှုတွေကို လူ့အဖွဲ့အစည်းကနေ" အမြစ်ပြတ်ချေမှုန်းမယ်လို့ ကတိပြုလိုက်ပါတယ်။ (Archived link

ဒါပေမဲ့ ဒီချီတက်ဆန္ဒပြပွဲဗီဒီယိုဟာ ဘွန်ဒိုင်ကမ်းခြေပစ်ခတ်မှုမတိုင်မီက ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 

Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်ရာ "ပါလက်စတိုင်းအတွက် ဆစ်ဒနီရဲ့ ချီတက်ပွဲ" ဆိုတဲ့စာသားနဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်က မျှဝေထားတဲ့ တူညီတဲ့ဆန္ဒပြပွဲရဲ့ TikTok ဗီဒီယိုကို တွေ့ခဲ့ရပါတယ်။ (Archived link)

လူအုပ်ကြီးက "free free Palestine" လို့ ကြွေးကြော်နေကြပြီး မှားယွင်းဗီဒီယိုမှာပါဝင်တဲ့ ဆိုင်းဘုတ်တွေနဲ့ စာတမ်းတွေကိုလည်း တွေ့နိုင်ပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့် (ဘယ်) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်က မျှဝေထားတဲ့ TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဉ်ထားပြီး တူညီမှုတွေကို AFP ကမြင်သာအောင်အမှတ်အသားပြုထား

ချီတက်ဆန္ဒပြပွဲရဲ့ အခြားရှုထောင့်ကနေရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဒီ TikTok အကောင့်မှာ မျှဝေထားပါတယ်။ မှားယွင်းဗီဒီယိုရဲ့ ၁ မိနစ် ၂၁ စက္ကန့်ကြာချိန်မှာတွေ့ရတဲ့ အဖြူရောင်ချိုးငှက်ရုပ်ကို ဝှေ့ယမ်းနေတဲ့လူတစ်ယောက်ကိုလည်း ဒီ TikTok ဗီဒီယိုမှာတွေ့နိုင်ပါတယ်။ (Archived link 

Image
မှားယွင်းတဲ့ Facebook ပိုစ့် (ဘယ်) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်က မျှဝေထားတဲ့ TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဉ်ထားပြီး တူညီမှုတွေကို AFP ကမြင်သာအောင်အမှတ်အသားပြုထား

ပါလက်စတိုင်းစည်းလုံးရေးအဖွဲ့တစ်ခုဖြစ်တဲ့ "ပါလက်စတိုင်းကျောင်းသားများအဖွဲ့" က နိုဝင်ဘာလ ၁၆ ရက်၊ Hyde Park မှာပြုလုပ်မယ့် ပါလက်စတိုင်းထောက်ခံရေးချီတက်ပွဲကို ပါဝင်ရန်လှုံ့ဆော်တဲ့ ဗီဒီယိုတစ်ခုကိုလည်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှာ မျှဝေခဲ့ပါတယ်။ (Archived link) 

Google Street View ရဲ့ဓာတ်ပုံတွေအရ ဒီဗီဒီယိုတွေကို Hyde Park အနီးရှိ Market Street မှာ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ (Archived link) 

Image
မှားယွင်းတဲ့ ဗီဒီယိုနဲ့ Google Street View ဓာတ်ပုံတို့ကိုနှိုင်းယှဥ်ထားပြီး တူညီမှုတွေကို AFP ကမြင်သာအောင်အမှတ်အသားပြုထား

ဗီဒီယိုထဲကဆန္ဒပြမှုဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တယ်လို့ New South Wales ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်ကနေတဆင့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ AFP ကို ပြောကြားခဲ့ပါတယ်။ 

ဘွန်ဒိုင်ကမ်းခြေပစ်ခတ်မှုနဲ့ပတ်သက်တ့ မှားယွင်းပြောဆိုမှုတွေကို AFP ကယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်