ဗင်နီဇွဲလားက အမေရိကန်စစ်ဆင်ရေးဆိုပြီး စစ်တပ်ဆိုင်ရာဗီဒီယိုဟောင်းတစ်ခုပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဇန်နဝါရီ 2026 အချိန် 06h53
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - Pasika KHERNAMNUOY , AFP ထိုင်း
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးအာဏာဖြုတ်ချခဲ့တဲ့နောက်မှာ စစ်ရေးလေ့ကျင့်ခန်းဗီဒီယိုဟောင်းတစ်ခုကို ကာရာကာစ်က ဗန်နီဇွဲလားခေါင်းဆောင်ဖမ်းဆီးရေးလုပ်ဆောင်မှုအဖြစ် မှားယွင်းမျှဝေနေကြပါတယ်။ ဒီဗီဒီယိုဟာ သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်က အမေရိကန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုက ဖြစ်ပါတယ်။
"ဗင်နီဇွဲလားသမ္မတမာဒူရိုကို ဖမ်းဆီးခဲ့တဲ့ အမေရိကန်အထူးတပ်ဖွဲ့ Delta Force ရဲ့ မစ်ရှင်ပုံရိပ်တစ်ခု" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်ကမျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
Delta Force ဟာ မာဒူရိုကိုဖမ်းဆီးရာမှာ တာဝန်ပေးခံရတဲ့ အမေရိကန်အထူးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ (Archived link)
ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းမှာ အမေရိကန်က လေကြောင်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ဗန်နီဇွဲလားသမ္မတ မာဒူရိုနဲ့ ဇနီး ဆီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးခဲ့တဲ့နောက်မှာ ဒီဗီဒီယို ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုမှုအကြိမ်ရေ ၁,၃၀၀၀ ကျော်ရှိနေပါတယ်။
မာဒူရိုနဲ့ဇနီးဟာ မူးယစ်ဆေးကူးသန်းရောင်းဝယ်မှုစွဲချက်တွေကို တရားရင်ဆိုင်ဖို့ နယူးယောက်ခ်မြို့ကို ပို့ဆောင်ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံးက ဒီစွပ်စွဲချက်တွေအတွက် အပြစ်မရှိကြောင်း လျှောက်လဲထားပါတယ်။ (Archived link)
အမေရိကန်ပြည်ထောင်စုက ရေနံပေါကြွယ်ဝတဲ့ ဗန်နီဇွဲလားရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ကြီးကြပ်ပြီး ယာယီ "အုပ်ချုပ်" သွားမယ်လို့ ထရမ့်ကဆိုပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုဟာ အင်္ဂလိပ်၊ တရုတ်၊ ဟိန္ဒီ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ပေါ်တူဂီ အပြင် ပြင်သစ်ဘာသာစကားတွေနဲ့လည်း ပျံ့နှံ့ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဗီဒီယိုဟာ မာဒူရိုအာဏာဖြုတ်ချခံရမှုမတိုင်မီ လအနည်းငယ်အလိုကတည်းက ရိုက်ကူးထားတာဖြစ်ပါတယ်။
ဗီဒီယိုထဲကရုပ်ပုံတွေကိုအသုံးပြုပြီး ဓာတ်ပုံရာဇဝင်ရှာဖွေမှုအပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာ အချက်အလက်ရှာဖွေကြည့်တဲ့အခါ အမေရိကန်သမ္မတအထူးလက်ထောက် မာဂို မာတင်ရဲ့ တရားဝင် X အကောင့်က တူညီတဲ့ဗီဒီယိုကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှာ မျှဝေထားတာ တွေ့ရပါတယ်။ (Archived link)
"အမေရိကန် အထူးတပ်ဖွဲ့တွေ" လို့ အဓိပ္ပါယ်ရတဲ့ စာသားနဲ့ မျှဝေထားပါတယ်။
ဆင်တူဗီဒီယိုတစ်ခုကိုလည်း အမေရိကန်စစ်တပ်ရဲ့ ကာကွယ်ရေး ရုပ်မြင်သံကြား သတင်းအချက်အလက် ဖြန့်ဖြူးရေးဌာန (DVIDS) ရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ (Archived link)
အထူးတပ်ဖွဲ့တွေရဲ့ "သာမန်လေကြောင်းအဖွဲ့များနှင့်ယှဥ်တွဲပြီး နည်းဗျူဟာမြောက် စစ်ရေးလှုပ်ရှားမှုများနှင့် လေကြောင်းထိုးစစ်များ လေ့ကျင့်မှု" တွေကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်က မြောက်ကာရိုလိုင်းနားပြည်နယ်၊ Fort Bragg မှာ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
မှားယွင်းပို့စ်တွေမှာတွေ့ရတဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကို ကြည့်ရှု့လေ့လာနေတဲ့ ဦးထုပ်အဖြူရောင်ဝတ်ဆင်ထားတဲ့ ထရမ့်ကို ဗီဒီယိုရဲ့ ၁ မိနစ် ၃၁ စက္ကန့်ကြာချိန်မှာ တွေ့နိုင်ပါတယ်။
မာဒူရိုအာဏာဖြုတ်ချခံရမှုအပြင် ဗန်နီဇွဲလားက အမေရိကန်ရဲ့စစ်ရေးလုပ်ဆောင်မှုတွေနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်