သွေးတွေပေကျံနေပြီး လက်ထိပ်ခတ်ခံထားရတဲ့ ဗင်နီဇွဲလားခေါင်းဆောင်ရဲ့ ရုပ်ပုံဟာ AI ဖန်တီးမှုသာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 ဇန်နဝါရီ 2026 အချိန် 05h20
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Dene-Hern CHEN, AFP သြစတြေးလျ
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားခေါင်းဆောင် နီကိုလပ်စ် မာဒူရိုနဲ့ ဇနီးကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့နောက် အဲဒီစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီမှားယွင်းပို့စ်တွေထဲမှာ လက်ထိပ်ခတ်ခံထားရပြီး သွေးစွန်းနေတဲ့ အဖြူရောင်အင်္ကျီဝတ်ဆင်ထားတဲ့ အာဏာဖြုတ်ချခံသမ္မတရဲ့ AI ဖန်တီးမှုရုပ်ပုံတစ်ခုလည်း ပါဝင်ပါတယ်။ ပျံ့နှံ့နေတဲ့ရုပ်ပုံဟာ အမေရိကန်အစိုးရက ထုတ်ဝေတဲ့ ဓာတ်ပုံတွေနဲ့ ကွဲပြားနေတဲ့အပြင် လုပ်ကြံဖန်တီးထားကြောင်း သိသာစေတဲ့ ရုပ်ပုံကွဲလွဲမှုများစွာကိုလည်း စိစစ်တွေ့ရှိရပါတယ်။
"ဗင်နီဇွဲလားသမ္မတ မာဒူရိုနှင့် ၎င်း၏ ဇနီး သည်ကို အမေရိကန်က ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ဒေါ်နယ်ထရန့်အတည်ပြု၊ ၃/၁/၂၀၂၆။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
အဲဒီပိုစ့်မှာ သွေးစွန်းနေတဲ့အင်္ကျီကိုဝတ်ဆင်ထားတဲ့ ဖြုတ်ချခံ ဗင်နီဇွဲလားခေါင်းဆောင်ကို လက်ထိပ်ခတ်ပြီး စစ်သားတွေကဝန်းရံချုပ်ကိုင်ထားတဲ့ ရုပ်ပုံတစ်ပုံကို တွေ့ရပါတယ်။
တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ မြန်မာနိုင်ငံအပြင် အာဖရိက၊ အိန္ဒိယ နဲ့ ဂျာမနီနိုင်ငံတွေမှာပါ ပျံ့နှံ့နေပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ အမေရိကန်တပ်ဖွဲ့တွေက ကာရာကတ်စ်မြို့ကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ဆင်ရေးတစ်ခုမှာ အာဏာရှင် လက်ဝဲယိမ်းခေါင်းဆောင်နဲ့ ဇနီးတို့ကို ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြားက ဗင်နီဇွဲလားကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ (Archived links here and here)
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က နယူးယောက်တရားရုံးမှာ သူတို့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အခြားစွဲချက်တွေအတွက် အပြစ်မရှိဘူးကြောင်း လျှောက်လဲခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုက ရေနံကြွယ်ဝတဲ့ တောင်အမေရိကနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ကြီးကြပ်ပြီး ယာယီ "အုပ်ချုပ်" မယ်လို့ပြောကြားခဲ့ပါတယ်။ (Archived links here and here)
မာဒူရို ဖမ်းဆီးခံရပြီးနောက် Delta Force ရဲ့စစ်ဆင်ရေးဆိုတဲ့ ဗီဒီယိုဟောင်းတွေကနေ မာဒူရိုဖယ်ရှားခံရတာအတွက် အောင်ပွဲခံနေတဲ့ AI ဖန်တီးမှုဗီဒီယိုတွေအထိ မှားယွင်းပြောဆိုမှုအများအပြားကို AFP က အချက်အလက်စိစစ်ထားပါတယ်။
InVID-WeVerify လို့လူသိများတဲ့ The Verification Plugin ကိုအသုံးပြုပြီး စစ်ဆေးကြည့်ရာ လက်ထိပ်ခတ်ခံထားရတဲ့ မာဒူရိုရဲ့ ရုပ်ပုံဟာ AI နဲ့ဖန်တီးထားတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။
ဒီရုပ်ပုံဟာ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြပေမယ့် တရားဝင်ထုတ်ပြန်ချက်တွေမှာ တွေ့ရခြင်းမရှိပါဘူး။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ "USS Iwo Jima ပေါ်က" အားကစားဝတ်စုံဝတ်ဆင်ထားပြီး မျက်လုံးတွေကို အမည်းရောင်မျက်မှန်နဲ့ ဖုံးအုပ်ထားတဲ့ ဖြုတ်ချခံသမ္မတရဲ့ ဓာတ်ပုံကို ထရမ့်က Truth Social မှာမျှဝေခဲ့ပေမယ့် သွေးစွန်းနေတာမျိုး တွေ့ရခြင်းမရှိပါဘူး။ (Archived link)
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ မာဒူရိုကို အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်မှု အုပ်ချုပ်ရေးဌာနချုပ်ဆီခေါ်ဆောင်လာစဥ် ရိုက်ကူးထားတဲ့ အိမ်ဖြူတော်ရဲ့ တရားဝင် သတင်းအမြန်ထုတ်ပြန်ရေးစာမျက်နှာတစ်ခုဖြစ်တဲ့ Rapid Response 47 ရဲ့ X စာမျက်နှာက Screenshot တွေကိုလည်း AFP ကမျှဝေခဲ့ပါတယ်။
သွေးစွန်းနေတဲ့ အဝတ်အစားတွေကို Screenshot ဓာတ်ပုံတွေမှာလည်း တွေ့ရခြင်းမရှိပါဘူး။ ဒါအပြင် ပြုပြင်ဖန်တီးထားတဲ့ပုံကို သေချာစွာစိစစ်ကြည့်ရာ ရုပ်ပုံကွဲလွဲမှုတွေကို တွေ့ခဲ့ရပါတယ်။
ရုပ်ပုံရဲ့ ညာဘက်ခြမ်းက လက်အိပ်စွပ်ထားတဲ့ စစ်သားရဲ့လက်မှာ လက်သန်းလက်ချောင်း ပျောက်ဆုံးနေပါတယ်။ မာဒူရိုရဲ့ ကြယ်သီးတပ်ရှပ်အင်္ကျီမှာ သွေးတွေစွန်းပေနေပေမယ့် သူ့ရဲ့ အဖြူရောင်အောက်ခံအင်္ကျီကတော့ သန့်ရှင်းသပ်ရပ်နေပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လမှာ AFP ဓာတ်ပုံသတင်းထောက် Pedro Mattey ရိုက်ကူးခဲ့တဲ့ဓာတ်ပုံမှာ တွေ့ရတဲ့အတိုင်းမဟုတ်ဘဲ ပိုမိုထင်ရှားပြီးတဲ့ အမာရွတ်တစ်ခုဟာ မာဒူရိုရဲ့ နှဖူးတစ်လျှောက်မှာ ရှိနေတာကို ဖန်တီးထားတဲ့ရုပ်ပုံမှာ တွေ့ရပါတယ်။
ဗင်နီဇွဲလားအရေးနဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုများစွာကို AFP က အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်