ဗင်နီဇွဲလားသမ္မတနဲ့ ဇနီးတို့ နယူးယောက်ကို ရောက်ရှိလာတဲ့ ဓာတ်ပုံတွေဟာ AI ဖန်တီးမှုသာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 ဇန်နဝါရီ 2026 အချိန် 03h32
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ဗုံးကြဲစီးနင်းတိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရိုနဲ့ ဇနီး ဆီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးခဲ့ပြီး နယူးယောက်ခ်မှာ မူးယစ်ဆေးဝါးစွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့စုံတွဲ လေယာဉ်ပေါ်ကနေ လုံခြုံရေးတပ်သားတွေနဲ့ ဆင်းသက်လာတာပြတဲ့ ရုပ်ပုံတွေဟာ AI နဲ့ဖန်တီးထားတာပဲဖြစ်ပါတယ်။ Google ရဲ့ AI နည်းပညာနဲ့ဖန်တီးထားတဲ့ပုံတွေဟာ သတင်းတွေမှာဖော်ပြထားတဲ့ မာဒူရို နယူးယောခ်ကိုရောက်ရှိစဥ်က ဓာတ်ပုံတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်ရဲ့ ပထမရုပ်ပုံမှာ လက်ထိပ်ခတ်ခံထားရတဲ့ အာဏာဖြုတ်ချခံသမ္မတနဲ့ ဇနီးကို စစ်သားတွေဝိုင်းရံထားပြီး နောက်ခံမှာ အမေရိကန်လေတပ်က လေယာဥ်တစ်စီးကိုလည်း တွေ့ရပါတယ်။ ဒုတိယပုံမှာတော့ စစ်သားတွေ စောင့်ကြပ်ထားတဲ့ မာဒူရိုကိုတွေ့ရပါတယ်။
"၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ အမေရိကန်အထူးတပ်ဖွဲ့ Delta Force ရဲ့ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို ဟာ ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးမှာ အငြင်းပွားဖွယ်ရာ အကောင်းဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။"(မူရင်းအတိုင်း) ဆိုပြီးလည်း တစိတ်တပိုင်းရေးသားထားပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်မြို့ကို ဗုံးကြဲစီးနင်းတိုက်ခိုက်ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်အမှုတွေရင်ဆိုင်ဖို့ မာဒူရိုနဲ့ ဇနီး နယူးယောက်ခ်မြို့ ကို ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့နောက် တူညီတဲ့ မှားယွင်းပြောဆိုမှုတွေဟာ Facebook နဲ့ TikTok မှာ မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနဲ့ပါ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)
သူတို့ကတော့ စွဲချက်တွေကို အပြစ်မရှိဘူးလို့ လျှောက်လဲထားပြီး ဒုတိယအကြိမ် ကြားနာမှုကို ၂၀၂၆ ခုနှစ်၊ မတ်လထဲမှာ ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။ (Archived link)
ဗင်နီဇွဲလားရေနံတွေကို အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်ခွင့်ရနေသရွေ့ မာဒူရိုနေရာမှာ ဒုတိယသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ်က တာဝန်လွှဲပြောင်းရယူထားတာကို သဘောတူလက်ခံကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ (Archived link)
ဒါပေမဲ့ ပျံ့နှံ့နေတဲ့ ရုပ်ပုံတွေဟာ AI နဲ့ဖန်တီးထားတာ ပဲဖြစ်ပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ပြီး "About this image" ဆိုတဲ့စာတမ်းကို နှိပ်လိုက်တဲ့အခါ ဒီဓာတ်ပုံကို "Made with Google AI" "Google AI နှင့်ဖန်တီးထားသည်" ဆိုတဲ့ သတိပေးချက်ကို တွေ့ရပါတယ်။
AI နဲ့ဖန်တီးမှု အကြောင်းအရာတွေကို စိစစ်ဖို့ ၂၀၂၅ ခုနှစ်၊ မေလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့ SynthID Detector နဲ့ထပ်မံ စစ်ဆေးကြည့်ရာ ဓာတ်ပုံဟာ AI အသုံးပြုပြီး ဖန်တီးထားနိုင်ချေ "အလွန်မြင့်မား" တယ်လို့အဖြေရရှိပါတယ်။ (Archived link)
ရုပ်ပုံတွေကို သေချာစွာစိစစ်ကြည့်ရာ AI ဖန်တီးမှုပုံတွေမှာတွေ့ရလေ့ရှိတဲ့ ရုပ်ပုံကွဲလွဲမှုတွေကို တွေ့ရပါတယ်။ မာဒူရိုကို ဝိုင်းရံထားတဲ့ စစ်သားတွေရဲ့ပုံစံဟာ မှုန်ဝါးနေတဲ့အပြင် ဒုတိယပုံက လေယာဉ်ရဲ့ ကိုယ်ထည်ဟာလည်း ပျောက်ဆုံးနေပါတယ်။
ရုပ်ပုံတွေဟာ နယူးယောက်ခ်ကို ရောက်ရှိလာတဲ့ မာဒူရိုရဲ့ သတင်းဓာတ်ပုံတွေနဲ့လည်း ကိုက်ညီမှုမရှိပါဘူး။။
ABC သတင်းဌာနရဲ့ မာဒူရို နယူးယောက်ခ်ကို ရောက်ရှိလာစဥ်ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံမှာ မာဒူရိုဟာ အပြာရောင်အင်္ကျီကိုဝတ်ဆင်ထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြီးအကဲဖြစ်တဲ့ တယ်ရီကိုးလ်နဲ့ အခြားဖက်ဒရယ်ကိုယ်စားလှယ်တွေက ဝိုင်းရံထားတာကို တွေ့ရပါတယ်။ (Archived link)
AFP ကဖြန့်ဝေထားတဲ့ သတင်းဓာတ်ပုံမှာတွေ့ရတဲ့ မာဒူရိုကို နယူးယောက်ခ်ကို သယ်ဆောင်လာတဲ့ လေယာဥ်အမျိုးအစားကလည်း မှားယွင်းပိုစ့်ကလေယာဉ်နဲ့ တူညီခြင်းမရှိပါဘူး။ (Archived link)
AFP က ဗင်နီဇွဲလားအရေးနဲ့ ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်