မိုခါမုန်တိုင်းနောက်ဆက်တွဲ အပျက်အစီးဓာတ်ပုံကို ၂၀၂၄ ခုနှစ် စစ်တွေမြို့မဈေးပေါက်ကွဲမှုအဖြစ် မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 မတ် 2024 အချိန် 08h12
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နောက်  မြင်တွေ့ရတဲ့ စစ်တွေမြို့မဈေးလို့ မှားယွင်းပြောဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပို့စ်တော်တော်များများမှာ မျှဝေနေကြပါတယ်။ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဖေဖော်ဝါရီလ ၂၉ ရက်က စစ်တွေဈေးအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့နောက် ဒီဓာတ်ပုံ ပျံ့နှံ့လာခဲ့တာပါ။ တကယ်တမ်း ဒီဓာတ်ပုံဟာ ပေါက်ကွဲမှုနဲ့ မသက်ဆိုင်ဘဲ ၂၀၂၃ ခုနှစ်၊ မေလမှာ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ စစ်တွေဈေးအပျက်အစီး ပုံအဟောင်းသာ ဖြစ်ပါတယ်။  

ဒီဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာဖြစ်ပြီး အဲဒီပုံဟာ မြန်မာစစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် လူတွေ သေဆုံး၊ ဒဏ်ရာရသွားတဲ့ဈေးမြင်ကွင်းဆိုပြီး ရခိုင်ဘာသာစကားနဲ့ အခုလို ရေးသား မျှဝေခဲ့ပါတယ်။ 

“အေနိ ခွီးတိလက်နက်ကြီးနှင့်ပစ်လို့
သီဆုံး ဒဏ်ရာရလားကတ်တေ စစ်တွေမြို့
ကိုးရီးယား ဆိပ်ကမ်းဈီး မြင်ကွင်း” (မူရင်းအတိုင်း) 

ဒီပို့စ်ရဲ့ပုံမှာ ခေါင်မိုးတွေ ပေါက်ပြဲပြီး အပျက်အစီးအစအနတွေ ပြန့်ကြဲနေတဲ့ ဈေးဆိုင်တွေအနီးမှာ ရပ်ကြည့်နေတဲ့လူတချို့ကို တွေ့ရပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်က ရိုက်ယူထားတဲ့ Screenshot

ဖေဖော်ဝါရီ ၂၉ ရက်က ရခိုင်ပြည်နယ်ရဲ့မြို့တော်၊ စစ်တွေမြို့မှာ အရပ်သားတစ်ဒါဇင်လောက်သေဆုံးပြီး လူတော်တော်များများ ဒဏ်ရာရရှိစေခဲ့တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နာရီအနည်းငယ်အကြာမှာ အခုလို ဓာတ်ပုံအမှားပျံ့နှံ့လာခဲ့တာပါ။ 

ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ရေတပ်သင်္ဘောကနေ “အရပ်သားတွေကို ပစ်မှတ်ထားပြီး” ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရက္ခိုင်တပ်တော်က ထုတ်ပြန်ခဲ့သလို၊ တစ်ဘက်မှာလည်း ပေါက်ကွဲမှုဟာ AA အဖွဲ့က  “လက်နက်ကြီးတွေနဲ့ လက်လွတ်စပယ် ပစ်ခတ်မှု”ကြောင့် ဖြစ်ပွားခဲ့တာလို့ မြန်မာစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)

၂၀၀၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် နှစ်ပေါင်းအတော်ကြာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း ရပ်တန့်နေခဲ့တဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ရက္ခိုင့်တပ်တော်က မြန်မာစစ်တပ် တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့နောက်မှာ တကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ 

တူညီတဲ့ပြောဆိုမှုနဲ့အတူ အဲဒီဓာတ်ပုံကို  Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။  

ဒါပေမဲ့ အဲဒီဓာတ်ပုံဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်မှာ ဖြစ်ပွားခဲ့တဲ့ စစ်တွေမြို့မဈေးက ပေါက်ကွဲမှု မဟုတ်ပါဘဲ ၂၀၂၃ ခုနှစ်၊ မေလမှာ ရခိုင်ကမ်းရိုးတန်းဒေသကို တိုက်ခတ်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းအပြီး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံသာဖြစ်ပါတယ်။

မိုခါမုန်တိုင်းက ဓာတ်ပုံ 

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံကို ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်က Irrawaddy သတင်းဌာနက ဖော်ပြတဲ့ မိုခါမုန်တိုင်းတိုက်ခတ်ပြီးခါစ မြေပြင်အခြေအနေအကြောင်းရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ (Archived link)

ဓာတ်ပုံရဲ့အညွှန်းစာကို “မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် စစ်တွေ မြို့မဈေးမြင်ကွင်း” လို့ ရေးသားဖော်ပြပါတယ်။ 

အောက်မှာ မှားယွင်းတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Irrawaddy သတင်းက ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Irrawaddy သတင်းက ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ screenshot

အဲဒီဓာတ်ပုံကို မြန်မာစစ်တပ် ကျောထောက်နောက်ခံ သတင်းဌာနတစ်ခုကလည်း မိုခါမုန်တိုင်းအကြောင်း သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့ပါတယ်။ (Archived link)

 ၂၀၂၃ ခုနှစ်၊ မေလက ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနဲ့ ဆက်စပ်တဲ့ မြန်မာကမ်းရိုးတန်းကိုဦးတည်ပြီး တစ်နာရီ မိုင် ၁၂၀ ပြင်းအားရှိတဲ့  မိုခါဆိုက်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း ဘင်္ဂလားပင်လယ်အော်မှာ အပြင်ထန်ဆုံးမုန်တိုင်း ဖြစ်ခဲ့ပါတယ်။ 

မိုခါမုန်တိုင်းကြောင့် လူ ၁၄၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာစစ်တပ်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်တဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သက်ဆိုင်တဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ