သောင်တင်နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယားသင်္ဘောဗီဒီယိုကို AA အဖွဲ့က နှစ်မြှုပ်ခဲ့တဲ့ မြန်မာရေတပ်သင်္ဘောအဖြစ် မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 22 ဖေဖော်ဝါရီ 2024 အချိန် 07h09
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်  (AA) က နှစ်မြှုပ် လိုက်တဲ့ မြန်မာ့ရေတပ်ရဲ့စစ်သင်္ဘောဆိုပြီး ကုန်တင်သင်္ဘောတစ်စင်းနစ်မြုပ်နေတဲ့ဗီဒီယိုဟောင်းတစ်ခုကို အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းကပျံ့နှံ့နေပြီး တရုတ်နိုင်ငံကိုသွားရောက်စဥ်ဘရာဇီးရေပိုင်နက်မှာ ထိခိုက်ခဲ့မှုကြောင့် တိမ်းစောင်းခဲ့တဲ့ တောင်ကိုးရီးယားကုန်တင်သင်္ဘောဖြစ်ပါတယ်။

“၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်နေ့များတွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီးနှင့် ဇက်သင်္ဘော (၁) စီး။” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။ 

ကြည့်ရှုမှုအကြိမ်ရေေ ၃၀၀ ကျော်ရှိတဲ့ဒီဗီဒီယိုမှာ အညိုရောင်အရည်တွေ ပန်းထွက်နေပြီး ရေနက်ထဲနစ်မြုပ်နေတဲ့ သင်္ဘောတစ်စင်းကို တွေ့ရပါတယ်။   

Image
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာမြန်မာစစ်တပ်ရဲ့ စစ်သင်္ဘောနှစ်စီးနဲ့ ဇက်ရေယာဉ်တစ်စီးကိုရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက် နှစ်မြှုပ််ခဲ့တယ်လို့ ဒေသခံသတင်းဌာနတွေက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက်မှာ အခုလိုမှားယွင်းတဲ့ဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့လာခဲ့တာပါ။ (archived link)

၂၀၀၉ ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် နှစ်ပေါင်းအတော်ကြာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ (archived link)

ဒါ့အပြင် AA အဖွဲ့ဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကြိုးပမ်းနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပါဝင်တဲ့  မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အရပ်သားလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။  

မြန်မာစစ်တပ်ဟာ သုံးနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ဆန့်ကျင်မှုတွေကို ချေမှုန်းဖို့ ရုန်းကန်နေရပြီး မကြာသေးခင်က တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့တွေနဲ့တိုက်ခိုက်မှုမှာလည်း ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။ 

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုထဲက သင်္ဘောဟာ ၂၀၂၄ ခုနှစ်မှာ နစ်မြုပ်သွားတဲ့ မြန်မာရေတပ်ရဲ့စစ်သင်္ဘောမဟုတ်ပါဘူး။ ဒါဟာ ၂၀၂၀ ခုနှစ်က ဘရာဇီးရေပိုင်နက်ထဲမှာဖြစ်ပွားခဲ့တဲ့ ရေကြောင်းမတော်တဆမှုတစ်ခုကြောင့် သောင်တင်ခဲ့တဲ့ တောင်ကိုးရီးယားကုန်တင်သင်္ဘောဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဘရာဇီးကဗီဒီယို 

ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာအချက်အလက်ရှာဖွေကြည့်တဲ့အခါ “Stellar Banner” ဆိုတဲ့ခေါင်းစဥ်နဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က မျှဝေထားတဲ့ ဒီ YouTube ဗီဒီယိုကိုတွေ့ရပါတယ်။ (archived link

ဗီဒီယိုရဲ့ ဖော်ပြချက်မှာ “နှစ်မိနစ်အတွင်းနစ်မြုပ်” ဆိုတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ စာသားရေးသားထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို YouTube ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို YouTube ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာ VLOC (အလွန်ကြီးမားသော သတ္တုရိုင်းသယ်ဆောင်ယာဥ်) အတန်းအစား Stellar Banner ဟာ သံသတ္တုရိုင်း မက်ထရစ်တန် ၃၀၀,၀၀၀ တင်ဆောင်လာပြီး ဘရာဇီးနိုင်ငံကနေ တရုတ်နိုင်ငံကိုသွားရောက်စဥ် အရာဝတ္ထုတစ်ခုနဲ့ တိုက်မိခဲ့ပြီး ရေစိမ့်ဝင်မှုဖြစ်ပွားခဲ့ပါတယ်။ 

ဒီမတော်တဆမှုကြောင့် လိုက်ပါလာတဲ့သင်္ဘောဝန်ထမ်းအားလုံးကိုအမြန်အဆန်ကယ်ယူခဲ့ရပြီး ကပ္ပတိန်က သင်္ဘောကိုသဲသောင်ပြင်တစ်ခုမှာ ရပ်နားခဲ့ပါတယ်။

ဘရာဇီးရေတပ်ကထုတ်ပြန်တဲ့ နစ်မြုပ်လုနီးပါရှိတဲ့ ဒီသင်္ဘောရဲ့ဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်မှာ AFP က ဝဘ်ဆိုက်ပေါ်မှာ ဖော်ပြထားပါတယ်။

“ဘရာဇီးရေတပ်မှာထုတ်ပြန်သည့်ဓာတ်ပုံတွင် သံသတ္တုရိုင်းများသယ်ဆောင်လာသည့် တောင်ကိုးရီးယားသင်္ဘော  ‘MV Stellar Banner’ အား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် Maranhao ပြည်နယ်၊ Sao Luis မြို့ရှိ Ponta de Madeira ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် ဘရာဇီးကမ်းရိုးတန်းအရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်တွင် သောင်တင်နေသည်ကိုတွေ့ရစဥ်။” ဆိုပြီး ဓာတ်ပုံအညွှန်းစာပါရှိပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို AFP ဝဘ်ဆိုက်မှာဖော်ပြထားတဲ့ဓာတ်ပုံ (ညာ) နဲ့ တူညီမှုတွေကို highlight လုပ်ထားတာတွေ့နိုင်ပါတယ်။  

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) နဲ့ AFP ဝဘ်ဆိုက်မှာဖော်ပြထားတဲ့ဓာတ်ပုံ (ညာ)

၂၀၂၀ ခုနှစ် မတော်တဆမှုကသင်္ဘောဟာ ရက္ခိုင့်တပ်တော်(AA) ကနစ်မြုပ်လိုက်တယ်ဆိုတဲ့ စစ်တပ်ရေယာဥ်တွေနဲ့ အရွယ်အစားအပြင် ပုံပန်းသဏ္ဍာန်တွေပါကွဲပြားနေတာ တွေ့နိုင်ပါတယ်။ 

အောက်မှာ ရက္ခိုင့်တပ်တော်(AA) ရဲ့ထုတ်ပြန်ချက်ပါ မြန်မာစစ်တပ်ရေယာဥ်တစ်စီးရဲ့ဓာတ်ပုံ (ဘယ်) နဲ့ ဘရာဇီးရေပိုင်နက်ထဲနစ်မြုပ်ခဲ့တဲ့ တောင်ကိုးရီးယားသင်္ဘော (ညာ) ကို နှိုင်းယှဥ်ထားတာကို တွေ့နိုင်ပါတယ်။

Image
ရက္ခိုင့်တပ်တော်(AA) ရဲ့ထုတ်ပြန်ချက်ပါ မြန်မာစစ်တပ်ရေယာဥ်တစ်စီးရဲ့ဓာတ်ပုံ (ဘယ်) နဲ့ ဘရာဇီးရေပိုင်နက်ထဲနစ်မြုပ်ခဲ့တဲ့ တောင်ကိုးရီးယားသင်္ဘော (ညာ)

ကုန်ပစ္စည်းတွေဖယ်ရှားခဲ့ပြီး မတော်တဆမှုဖြစ်ပြီးသုံးလအကြာမှာ သောင်တင်နေတဲ့ဒီသင်္ဘောကို Maranhao ကမ်းရိုးတန်းရေပိုင်နက်တစ်နေရာမှာ နှစ်မြှုပ်ခဲ့ပါတယ်။ (archived link)

ဒီနစ်မြုပ်မှုကိုဖော်ပြထားတဲ့ သတင်းဆောင်းပါးထဲမှာ သင်္ဘောကို အခြားရှုထောင့်တစ်ခုကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုလည်း ပါဝင်ပါတယ်။  

 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ