အက်ရှင်ဇာတ်ကားတစ်ခုကဓာတ်ပုံကို “သေဆုံးသွားတဲ့ ကချင်လက်နက်ကိုင်တပ်သားတွေရဲ့ဓာတ်ပုံ” ဆိုပြီးမှားယွင်းဖော်ပြ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 အောက်တိုဘာ 2023 အချိန် 09h55
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
စက်တင်ဘာလထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့စစ်တပ်ကြားတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့သတင်းတွေထွက်ပေါ်လာပြီးနောက် ကျဆုံးသွားတဲ့ကချင်လက်နက်ကိုင်တပ်သားတွေရဲ့ဓာတ်ပုံလို့ ဆိုထားတဲ့ ပုံတစ်ပုံကိုု Facebook စာမျက်နှာတွေမှာ မှားယွင်းဖော်ပြနေကြပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ “Triple Threat” လို့ခေါ်တဲ့အက်ရှင်ဇာတ်ကားထဲက ပုံရိပ်တစ်ခုသာဖြစ်ပါတယ်။

“မြစ်ကြီးနား-ဆွမ်ပရာဘွမ် မဟာဗျူဟာလမ်းပိုင်းရှိ တပ်မတော်ရဲ့ ဒရုခ စခန်းကို တိုက်ပြီးမကြာမီ ပြန်လည်ချေမှုန်းခံလိုက်ရတဲ့ KIA+PDF အကြမ်းဖက်များ” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ဆိုထားပါတယ်။

စစ်မြေပြင်တစ်ခုမှာ ယူနီဖောင်းဝတ်အမျိုးသားအများအပြား မြေပြင်ပေါ်လဲလျောင်းနေတာကို ဒီဓာတ်ပုံထဲမှာတွေ့ရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အာဏာသိမ်းဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ကချင်ပြည်နယ်က စစ်တပ်စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပြီး အခုလိုမှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အရပ်သားလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မြန်မာနိုင်ငံအတွင်း မတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

Image
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ကရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ Google မှာအဓိကကျတဲ့စကားလုံးတွေနဲ့ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကရယူခဲ့တာကို တွေ့ရပါတယ်။

ဒီဓာတ်ပုံဟာ ရုပ်ရှင်အချက်အလက်တွေစုစည်းထားတဲ့ IMDB မှာ ဖော်ပြထားတဲ့ "Triple Threat" အက်ရှင်ဇာတ်ကားနမူနာရဲ့ ပုံရိပ်တစ်ခုနဲ့ကိုက်ညီနေတာတွေ့ရပါတယ်။ (archived link)

ဒီရုပ်ရှင်ကို ၂၀၁၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ထိုင်းကိုယ်ခံပညာရှင် Tony Jaa ကပါဝင်သရုပ်ဆောင်ထားတယ်လို့ IMDB စာမျက်နှာမှာ ဆိုထားပါတယ်။

“ရာဇဝတ်ဂိုဏ်းကြီးတစ်ခုကို ဖြိုဖျက်ဖို့ ရည်ရွယ်ချက်ရှိတဲ့သန်းကြွယ်သူဌေးသမီးဟာ ကြေးစားလူသတ်သမားတစ်စုရဲ့ ပစ်မှတ်တစ်ခုဖြစ်လာတဲ့အခါ ကြေးစားစစ်သားအဖွဲ့က သူတို့ကို တားဆီးရမယ်” လို့ ရုပ်ရှင်ရဲ့ အနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို ရုပ်ရှင်နမူနာဗီဒီယိုကပုံရိပ် (ညာ)နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို ရုပ်ရှင်နမူနာဗီဒီယိုကပုံရိပ် (ညာ)နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot

ဒီပုံရိပ်ကို ရုပ်ရှင်အစမှာ အင်ဒိုနီးရှားစစ်တပ်စခန်းတစ်ခုကို ကြေးစားလူသတ်သမားတစ်စုက တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ တွေ့ရကြောင်း AFP သတင်းထောက်တစ်ဦးက "Triple Threat" ကို ကြည့်ရှုပြီး အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီဇာတ်ဝင်ခန်းမှာ တိုက်ခိုက်မှုက လွတ်မြောက်ခဲ့တဲ့ အဓိကဇာတ်ကောင်ကို ကျဆုံးသွားတဲ့ သူ့ရဲ့ဇနီးနဲ့ရဲဘော်တွေရဲ့ရုပ်အလောင်းတွေနဲ့ကြားမှာ တွေ့ရပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်