'တိုက်ခိုက်ခံရတဲ့ စစ်တပ်ရဟတ်ယာဥ်' ဆိုပြီး ဓာတ်ပုံဟောင်းတစ်ပုံ လူမှုကွန်ရက်ပေါ် မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 နိုဝင်ဘာ 2024 အချိန် 06h24
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ဘာကြီးလည်းလို့ တကယ်မသိလို့ပါ" (မူရင်းအတိုင်း) ဆိုပြီး ရယ်မောရုပ်ပုံ emoji နဲ့အတူ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
အမြီးပိုင်းနဲ့ အတောင်ပံတွေကျိုးပဲ့နေတဲ့ ရဟတ်ယာဥ်တစ်စင်းရဲ့ ဓာတ်ပုံကို ဒီပို့စ်မှာ မျှဝေထားပါတယ်။
မြန်မာ့စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နိုင်ငံအနှံ့ဖြစ်ပေါ်နေချိန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှာ ဒီပို့စ်ကို မျှဝေထားတာဖြစ်ပါတယ်။ (Archived link)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်စေခဲ့ပါတယ်။
အာဏာသိမ်းဆန့်ကျင်သူတွေအပေါ် စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားစေခဲ့တဲ့အပြင် စစ်တပ်ကို တန်ပြန်တိုက်ခိုက်ဖို့ ထောင်နဲ့ချီတဲ့လူငယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထဲ ဝင်ရောက်ခဲ့ကြပါတယ်။
Follower ၁၇,၀၀၀ ရှိတဲ့ Facebook အကောင့်က ဒီပို့စ်ကို မျှဝေထားပြီး မြန်မာ့စစ်တပ်ရဲ့ လက်ရှိအခြေအနေကို လှောင်ပြောင်ထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်ရဲ့ စစ်တပ်ရဟတ်ယာဥ်ကို ခြုံခိုတိုက်ခိုက်မှုကဆိုပြီး ဗီဒီယိုဟောင်းတစ်ခုမှားယွင်းပျံ့ခဲ့ပြီး သိပ်မကြာခင်မှာဘဲ ဒီဓာတ်ပုံဟာ စစ်တပ်ဆန့်ကျင်တဲ့ Facebook အကောင့်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့ စစ်တပ်ရဟတ်ယာဥ်တစ်စင်းဆိုပြီး အချို့ Facebook အသုံးပြုသူတွေက ထင်ယောင်ထင်မှားဖြစ်နေကြပါတယ်။
"ဟာ စိတ်မကောင်းဖြစ်မိပါရေ တစ်စီးတည်းလား" (မူရင်းအတိုင်း) ဆိုပြီး မှတ်ချက်တစ်ခုမှာ ရေးသားထားပြီး "ရခိုင်တွေ စားတဲ့ ငှက်ကင်" (မူရင်းအတိုင်း) ဆိုတဲ့ မှတ်ချက်တွေလည်း ပို့စ်အောက်မှာ တွေ့ရပါတယ်။
'ရဟတ်ယာဥ် စက်ချို့ယွင်းမှု'
Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) ဝဘ်ဆိုဒ်က ၂၀၂၀ ခုနှစ်၊ မတ်လ ၇ ရက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ (Archived link)
"သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား သွားရောက်သတင်းရယူပြီး ပြန်လည်ထွက်ခွာစဉ် ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျမှုဖြစ်ပွား၊ ရဟတ်ယာဉ်မှူး နှစ်ဦးသာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိ" ဆိုတဲ့ ခေါင်းစဥ်နဲ့အတူ ရဟတ်ယာဥ်ပျက်ကျမှုအကြောင်း ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် ကွက်ခိုင်မြို့နယ်ထဲက မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု သတင်းစာရှင်းလင်းပွဲအတွက် လိုက်ပါလာတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ သတင်းထောက်တွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဥ်ဖြစ်တယ်လို့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရဟတ်ယာဥ်ပျံတက်စဥ် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့တယ်လို ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီရဟတ်ယာဥ်ကို အခြားရှုထောင့်တစ်နေရာကနေရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို AFP ကလည်း ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်မှာ ဖော်ပြထားပါတယ်။ (Archived link)
"ရှမ်းပြည်နယ်၊ ကောင်းခါးကျေးရွာမှ ပျံတက်စဥ် မတော်တဆမှုဖြစ်ပွားခဲ့တဲ့နောက် ပျက်စီးမှုတွေနဲ့ ရဟတ်ယာဥ်ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် တွေ့ရ။" ဆိုပြီး ဓာတ်ပုံအညွှန်းစာမှာ ဖော်ပြထားပါတယ်။
အောက်မှာ CINCDS ဝဘ်ဆိုဒ်က ဓာတ်ပုံ (ဘယ်) ကို AFP ရဲ့ ဓာတ်ပုံ (ညာ) နဲ့ တူညီချက်တွေကို အမှတ်အသားဖော်ပြထားတာကို တွေ့နိုင်ပါတယ်။
"နိုင်ငံခြားသံရုံးတွေက အရာရှိတွေ၊ စစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့ သတင်းထောက်တွေဟာ ရဟတ်ယာဥ်လေးစီးနဲ့ အတူ အဲဒီနေ့က လိုက်ပါခဲ့ကြပါတယ်။" ဆိုပြီး မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု သတင်းစာရှင်းလင်းပွဲမှာ လိုက်ပါခဲ့တဲ့ AFP သတင်းထောက် တစ်ဦးက ပြောပါတယ်။
"စစ်ဘက်ဆိုင်ရာအရာရှိတွေကို သယ်ဆောင်လာတဲ့ ရဟတ်ယာဥ်ဟာ ပျံတက်ပြီး မိနစ်အနည်းငယ်အကြာမှာ မြေကြီးပေါ်ဖြည်းဖြည်းချင်းပြန်လည်ပြုတ်ကျခဲ့ပါတယ်။"
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်