Kentucky မဲပေးစက်ချို့ယွင်းမှုဗီဒီယိုက မဲမသမာမှုကို သက်သေပြနိုင်ခြင်းမရှိ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 နိုဝင်ဘာ 2024 အချိန် 09h21
- ဖတ်ရန် ကြာချိန် 4 မိနစ်
- Nahiara S. ALONSO, AFP USA
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - Gwen Roley , AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အမေရိကန်ပြည်ထောင်စု၊ Kentucky ပြည်နယ်က မဲပေးစက်တစ်ခုမှာ မဲဆန္ဒရှင်တစ်ဦးက Donald Trump ရဲ့ အမည်ကို ရွေးချယ်မဲပေးလို့မရတာကို ပြသတဲ့ ဗီဒီယိုဟာ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနှုန်းများနေတဲ့ လူမှုကွန်ရက်က ပိုစ့်တွေပြောတဲ့အတိုင်း ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေခြင်းမရှိပါဘူး။ Touchscreen ပေါ်က ကိုယ်စားလှယ်လောင်းနှစ်ဦးရဲ့အမည် ကြားနေရာကို ထိမိရာကနေ အမှားအယွင်းဖြစ်နိုင်ပေမဲ့ မဲဆန္ဒရှင်တွေအနေနဲ့ လျှို့ဝှက်မဲပေးခြင်းကို အပြီးသတ်ဆောင်ရွက်ခြင်းမပြုမီ စစ်ဆေးပြီး အမှားအယွင်းတစ်စုံတစ်ရာရှိပါက ပြန်လည်ပြင်ဆင်နိုင်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဗီဒီယိုထဲမှာပါတဲ့သူကလည်း အမှားပြင်ဆင်မှုပြုလုပ်ခဲ့ပါတယ်။
"Kentucky ရှိ မဲပေးသည့်စက်သည် Trump အတွက် မဲပေးခြင်းကို တားဆီးထားသောကြောင့် ချွတ်ယွင်းသွားသည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
မဲခိုးမှုတွေရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့အတူ ကြည့်ရှုမှုထောင်ချီရှိတဲ့ ဒီဗီဒီယို ဟာ Facebook၊ Instagram၊ X နဲ့ TikTok စာမျက်နှာတွေမှာ မြန်မာဘာသာအပြင် စပိန်၊ ပေါ်တူဂီ၊ ဂရိ၊ ဂျာမန်၊ ဗီယက်နမ် နဲ့ ပြင်သစ်ဘာသာစကားတွေနဲ့လည်း ပျံ့နှံနေပါတယ်။
Arkansas နဲ့ Georgia ပြည်နယ်တို့မှာ နည်းပညာသုံးပြီးမဲလှန်မှုတွေရှိတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေအပါအဝင် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်တာနဲ့ပတ်သက်တဲ့ သတင်းမှားတွေဟာ ရွေးကောက်ပွဲနေ့မတိုင်မီ အစောပိုင်းကာလတွေကတည်းက အင်တာနက်မှာပျံ့နှံ့နေခဲ့ပါတယ်။
အလားတူ Kentucky က မဲပေးစက်ရဲ့ မှားယွင်းရွေးချယ်မှုဗီဒီယိုကလည်း ကြီးမားတဲ့ကျယ်ပြန့်တဲ့ ပြဿနာတစ်ခုမဟုတ်ပဲ တစ်ဦးတစ်ယောက်နဲ့ပဲ သက်ဆိုင်တဲ့ ချို့ယွင်းချက်သာဖြစ်ပါတယ်။
ပြည်နယ်ရှေ့နေရုံးချုပ်က ဗီဒီယိုမှာပါတဲ့စက်ကို စစ်ဆေးခဲ့ရာ ဖန်သားပြင်ပေါ်ရှိ အကွက်တွေကြားက နေရာတွေကို ထိမိခြင်းကနေပြီး မှားယွင်းမှုတွေဖြစ်ပေါ်စေတာကိုတွေ့ရတယ်လို့ Kentucky ပြည်နယ်၊ Laurel ကောင်တီရဲ့ ကောင်တီစာရေး Tony Brown (Archived link) က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က ဒီ Facebook ပိုစ့်မှာ ရှင်းလင်းပြောကြားထားပါတယ်။ (Archived link)
"အဲဒီစက်နဲ့ပတ်သက်ပြီး ယခင်ကရော ယခု ပြန်လည်အသုံးပြုနိုင်ပြီးနောက်ပိုင်းမှာရော ပြဿနာတစ်စုံတစ်ရာရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေမရှိပါဘူး" ဆိုပြီး Brown ကရေးသားထားပါတယ်။ "ဗီဒီယိုကိုမျှဝေခဲ့တဲ့ မဲဆန္ဒရှင်က သူမ မဲပေးချင်တဲ့သူကို မှန်ကန်စွာရွေးချယ်နိုင်ခဲ့ပါတယ်။"
အခြားစက်တွေအပေါ် သက်ရောက်ခြင်းမရှိ
ဗီဒီယိုမှာပါတဲ့စက်က မှန်ကန်စွာလုပ်ဆောင်နေကြောင်း Brown ကပြောဆိုနေစဉ်မှာပဲ Kentucky ရှေ့နေချုပ် RussellColman ကတော့ သူ့ရုံးအနေနဲ့ စက်ကိုလဲဖို့ အကြံပြုတယ်ဆိုပြီး X စာမျက်နှာမှာ ရေးသားထားပါတယ်။ (Archived link here and here) ရွေးကောက်ပွဲ လုံခြုံရေးကို ယုံကြည်မှုအပြည့်ရှိတယ်ဆိုပြီး အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ချက်မှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။ (Archived link)
Kentucky ပြည်နယ် ရွေးကောက်ပွဲဘုတ်အဖွဲ့ ကလည်း ဒီအဖြစ်အပျက်ကို မှတ်ချက်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ကာ မဲဆန္ဒရှင်နေနဲ့ သူမရဲ့ ဆန္ဒရှိတဲ့အတိုင်းရွေးချယ်နိုင်ခဲ့တယ်ဆိုပြီး အတည်ပြုပြောကြားခဲ့ပါတယ်။ (Archived link) နည်းပညာနဲ့ပတ်သက်တဲ့ အခြားချို့ယွင်းချက်တွေ မရှိဘူးလို့လည်းပြောပါတယ်။
"၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှာ Laurel ကောင်တီရှိ မဲဆန္ဒရှင် ၁,၇၀၀ ကျော်က သူတို့ရဲ့မဲများကို မှန်ကန်စွာရေးချယ်နိုင်ခဲ့ကြပြီး ပြည်နယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ နဲ့ Laurel ကောင်တီစာရေး တို့က အခြားမည်သည့်ပြဿနာမျှ သတင်းပို့ခံရခြင်းမရှိ" ဆိုပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
ဒစ်ဂျစ်တယ် ဘောပင်
ရွေးကောက်ပွဲဝင်ရောက်နိုင်မှု ရွေးချယ်ခွင့်ဆိုင်ရာ ကျွမ်းကျင်သူ James Young က ဒီမဲပေးစက်ဟာ Election Systems & Software (ES&S) က ထုတ်လုပ်တဲ့ ExpressVote မဲမင်တံ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစက်တွေဟာ မဲဆန္ဒရှင်တွေ မဲမထည့်မီ သူတို့ရဲ့ ရွေးချယ်မှုတွေကို ပုံနှိပ်ထုတ်ပေးဖို့ ဒစ်ဂျစ်တယ်နည်းနဲ့ ရွေးချယ်ခွင့်ပေးတဲ့ စက်ဖြစ်ပါတယ်။ (Archived links here and here)
"အဲဒါက အခြေခံအားဖြင့်တော့ ဒစ်ဂျစ်တယ် ဘောပင်ပဲ ဖြစ်ပါတယ်။ ဒီစက်က မဲတွေကို ရေတွက်တာမျိုးမရှိပါဘူး" ဆိုပြီး James Young က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှာ AFP ကိုပြောပါတယ်။
Louisville နဲ့ Kentucky ပြည်နယ်တွေမှာ ရွေးကောက်ပွဲညွှန်ကြားရေးမှူးအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ Young က နည်းပညာကို နှောင့်ယှက်ခြင်းမရှိစေရန် ပြုလုပ်ထားတဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
"ဒီစက်တွေကို တစ်နှစ်ပတ်လုံး တင်းကြပ်တဲ့လုံခြုံရေးတွေနဲ့ ထားရှိပြီး ရွေးကောက်ပွဲပြုလုပ်ချိန်တွေမှာလည်း ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး ချိတ်ပိတ်တာတွေအပါအဝင် အသုံးမပြုတဲ့အချိန်တွေမှာ ကောင်တီစာရေးနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက ပုံမှန်စောင့်ကြည့်စစ်ဆေးလေ့ရှိပါတယ်" လို့ Young က ဆိုပါတယ်။
"ပြည်နယ်ဥပဒေအရ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ကောင်တီစာရေးနဲ့ လေ့ကျင့်သင်ကြားထားတဲ့ မဲရုံဝန်ထမ်းတွေကပဲ ဒီကိရိယာတွေကို စီမံခန့်ခွဲနိုင်တာဖြစ်ပါတယ်။"
ES&S က ဗီဒီယိုမှာတွေ့ရတဲ့ အမှားမျိုးက ရှားပါးပေမဲ့ မဲဆန္ဒရှင်အနေနဲ့ ဖန်သားပြင်ပေါ်မှာ တိကျမှန်ကန်တဲ့နေရာကို မနှိပ်မိပါက တွေ့ရနိုင်တယ်ဆိုပြီး email ကနေတစ်ဆင့်ပြောကြားခဲ့ပါတယ်။ (Archived link) စက်တွေက မဲတွေကို ပြောင်းလဲထားတာမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူ Katina Granger ကဆိုပါတယ်။
"မဲပေးစက်တွေကို မဲဆန္ဒရှင်ရဲ့ ရွေးချယ်မှုကို တိကျစွာ ဖမ်းယူမှတ်သားနိုင်ဖို့ တီထွင်ထုတ်လုပ်ထားတာဖြစ်ပြီး မဲဆန္ဒရှင်တွေက သူတို့ရဲ့ရွေးချယ်မှုတွေကို အတည်ပြုမဲပေးခြင်းမပြုမီ ဖန်သားပြင်နဲ့ မဲစာရွက်ပေါ်မှာ ပြန်လည်ကြည့်ရှုပြီး စစ်ဆေးနိုင်ပါတယ်" ဆိုပြီး သူမက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှာပြောကြားခဲ့ပါတယ်။
"မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ရဲ့ ရွေးချယ်မှုကို ထင်ဟပ်ခြင်းမရှိတဲ့ မဲပေးရွေးချယ်မှုမျိုးကို အတင်းအကြပ်စေခိုင်းတဲ့ ကိစ္စမျိုးလည်းမရှိပါဘူး" လို့သူမကဆိုပါတယ်။
AFP က အချက်အလက်စိစစ်ထားတဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားတွေကို ဒီလင့်ခ်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်