ရခိုင်ပြည်နယ်တိုက်ပွဲတွေကဆိုပြီး မလေးရှားရေတပ်သင်္ဘော နစ်မြုပ်မှုဓာတ်ပုံ မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 စက်တင်ဘာ 2024 အချိန် 06h32
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
တစ်စိတ်တစ်ပိုင်းနစ်မြုပ်နေတဲ့ သင်္ဘောရဲ့ ဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။
"သံတွဲမြို့ ငပလီကမ်းခြေမှာ မအလ နောက်ဆုံး။ ရီငုတ်ခြင်း။" (မူရင်းအတိုင်း) စာသားပါရှိပါရှိပါတယ်။
၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကို စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်ကြာ ဒီမိုကရေစီစနစ် အဆုံးသတ်ခဲ့ပါတယ်။ (Archived link)
သဲတွဲဟာ ရခိုင်ပြည်နယ်အနောက်ဘက်က အရေးပါတဲ့ ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်ပါတယ်။
အာဏာသိမ်းဆန့်ကျင်သူတွေအပေါ် စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားစေခဲ့တဲ့အပြင် စစ်တပ်ကို တန်ပြန်တိုက်ခိုက်ဖို့ ထောင်နဲ့ချီတဲ့လူငယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထဲ ဝင်ရောက်ခဲ့ကြပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်တပ်နဲ့ AA တို့ကြားတည်မြဲခဲ့တဲ့ အပစ်အခတ်ရပ်ဆဲမှုဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ မှာ AA က ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့နောက်မှာ ပျက်ပြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ခရီးသွားဧည့်သည်တွေကြားရေပန်းစားတဲ့ ငပလီကမ်းခြေအနီးက သံတွဲမြို့ကို AA ကသိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာစစ်တပ်ကို အထိနာစေခဲ့ပါတယ်။ (Archived link)
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို AA အဖွဲ့ ကို ထောက်ခံတဲ့ Facebook အကောင့်တွေက ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပါတယ်။ တချိန်တည်းမှာပဲ သဲတွဲမြို့အနီးမှာရှိတဲ့ မြန်မာ့စစ်တပ်ရဲ့ နောက်ဆုံးလက်ကျန် ရေတပ်စခန်းကို အပြီးတိုင်သိမ်းယူဖို့ AA က ထိုးစစ်ဆင်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ (Archived link)
၂၀၂၄ ခုနှစ်၊ သြဂုတ်လထဲ ရခိုင်ပြည်နယ်မှာ မြန်မာ့ရေတပ်ရဲ့ စစ်င်္ဘောနစ်မြုပ်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းဖော်ပြမှုတွေ မရှိပါဘူး။
ဒီဓာတ်ပုံထဲက ရေယာဥ်ဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှာ Johor ကမ်းရိုးတန်းအနီး နစ်မြုပ်ခဲ့တဲ့ KD Pendekar သင်္ဘောဖြစ်တယ်လို့ မလေးရှားတော်ဝင်ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့ပါတယ်။
KD Pendekar နစ်မြုပ်မှု
Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်က မလေးရှားနိုင်ငံမှာ ရေတပ်သင်္ဘာတစ်စင်းနစ်မြုပ်မှုအကြောင်း ဖော်ပြထားတဲ့ ဒီ X ပို့စ်က တစ်နေ့တည်းမှာ မျှဝေထားတာ တွေ့ရပါတယ်။ (Archived link)
ဒီပို့စ်မှာ နစ်မြုပ်သွားတဲ့ သင်္ဘာရဲ့နောက်ထပ်ဓာတ်ပုံတစ်ပုံနဲ့အတူ မလေးဘာသာစကားနဲ့ "ဆွဲ" ဆိုတဲ့ ပြောဆိုမှုတွေကြားရတဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ချက်ဗီဒီယိုတစ်ခုလည်း ပါရှိပါတယ်။
"KD Pendekar နစ်မြုပ်။ အသေးစိတ်အစီရင်ခံချက်၊ စုံစမ်းချက်တွေကို ဆက်လက်စောင့်မျှော်နေဆဲ။" ဆိုပြီး စာသားပါရှိပါတယ်။
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ ပို့စ်ကဓာတ်ပုံ (ဘယ်) ကို X ပို့စ်ကဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။
အင်္ဂလိပ်ဘာသာစကားနဲ့ထုတ်ဝေတဲ့ မလေးရှားနိုင်ငံအခြေစိုက် The Star သတင်းဌာနကလည်း အဲဒီ X ပိုစ့်ကို သင်္ဘောနစ်မြုပ်မှုအကြောင်း ဖော်ပြထားတဲ့ ဒီဆောင်းပါးမှာ ထည့်သွင်းခဲ့ပါတယ်။ (Archived link)
ဒီမှားယွင်းပြောဆိုထားတဲ့ ပို့စ်ရဲ့ ဓာတ်ပုံထဲက သင်္ဘာဟာ KD Pendekar ဖြစ်တယ်လို့ မလေးရှားတော်ဝင်ရေတပ် (TLDM) က အတည်ပြုခဲ့ပါတယ်။
"ဒီဓာတ်ပုံဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် ဖြစ်စဥ်မှာရိုက်ကူးထားတဲ့ KD Pendekar သင်္ဘာရဲ့ ဓာတ်ပုံဆိုတာကို TLDM က အတည်ပြုပါတယ်။" လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို သြဂုတ်လ ၃၀ ရက်မှာ ပြောပါတယ်။
သြဂုတ်လ ၂၅ ရက် ရက်စွဲပါ TLDM ရဲ့ထုတ်ပြန်ချက်အရ ဒီသင်္ဘာဟာ မလေးရှားနိုင်ငံ Johor ပြည်နယ်တောင်ဘက် Tanjung Penyusop ရဲ့ အရှေ့တောင်ပိုင်း ရေမိုင် နှစ်မိုင်အကွာမှာ ရေအောက်အရာဝတ္ထုတစ်ခုနဲ့တိုက်မိပြီးနောက် ရေဝင်မှုကြုံတွေခဲ့ရတယ်လို့ သိရပါတယ်။ (Archived link)
"ရေဝင်မှုနှင့် သင်္ဘာအခြေအနေတည်ငြိမ်ရန် လုပ်ဆောင်မှုအားလုံး အရာမဝင်ခဲ့သည့်နောက်တွင် သင်္ဘာပေါ်လိုက်ပါလာသည့် တပ်သားအားလုံးကို ကယ်ဆယ်နိုင်ခဲ့သည်။" ဆိုပြီး ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
"နစ်မြုပ်သွားသည့် သင်္ဘာအားပြန်လည်ဆယ်ယူရန်လုပ်ဆောင်ချက်တွေကို TLDM မှ လက်ရှိတွင် အဓိကထားဆောင်ရွက်လျက်ရှိပါသည်။"
သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ဒီဆယ်ယူရေးလုပ်ငန်းစဥ်အတွင်း ရေတပ်ရေငုတ်သမားတစ်ဦး ဆုံးပါးခဲ့တယ်လို့ မလေးရှားအခြေစိုက် အွန်လိုင်းသတင်းဌာန Free Malaysia Today က ဖော်ပြထားပါတယ်။ (Archived link)
အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ဆင်တူတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း TLDM ရဲ့ X အကောင့် မှာ မျှဝေထားပါတယ်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပက်သက်တဲ့မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်