အာရှပထမဆုံး ဗီဇပြောင်း mpox ရောဂါပိုးကူးစက်ခံရသူဆိုပြီး အမေရိကန်က လူနာတစ်ယောက်ရဲ့ ဓာတ်ပုံဟောင်းတွေ မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 စက်တင်ဘာ 2024 အချိန် 07h51
- ဖတ်ရန် ကြာချိန် 4 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"MonkeyPox(M Pox) ခေါ်မျောက်ကျောက်ရောဂါကအခုဆိုကျနော်တို့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်း၊အင်ဒိုနီးရှား၊စင်ကာပူ၊ဗီယက်နမ်နဲ့ဖိလစ်ပိုင်တို့မှာတွေ့နေရပါပီ။နီးလာပီပေါ့ဗျာ။" (မူရင်းအတိုင်း) လို့ ဒီ Facebook ပို့စ်မှာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၂၁ ရက်က မျှဝေထားပါတယ်။
အရင်က မျောက်ကျောက်ရောဂါ လို့ခေါ်တဲ့ mpox ဟာအရေပြားပေါ်မှာ နာကျင်စေတဲ့အဖုအပိန့်တွေဖြစ်ပေါ်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်လို့ ပို့စ်မှာ ဆက်လက်ပြောဆိုထားပါတယ်။
ပိုစ့်မှာ မျက်နှာ၊ လက်နဲ့ ခြေထောက်တွေမှာ အနီရောင်အဖုအကွက်တွေနဲ့ အမျိုးသားတစ်ဦးရဲ့ပုံကိုဖော်ပြထားပြီး "ထိုင်းကလူနာပုံ" (မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။
Mpox ဟာ တိရစ္ဆာန်ကနေလူကို ကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး လူအချင်းချင်းအနီးကပ်ထိတွေ့မှုကနေလည်း ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရသူဟာ ဖျားနာခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊အရေပြားမှာ အဖုအပိန့်တွေဖြစ်ပေါ်ခြင်းတို့ကိုခံစားရနိုင်တဲ့အပြင် တချို့ပြင်းထန်တဲ့လူနာတွေမှာ အသက်သေဆုံးတဲ့အထိဖြစ်ပေါ်နိုင်ပါတယ်။ (Archived link)
အာဖရိကတိုက်အလယ်ပိုင်းဒေသမှာ mpox ရောဂါပြန်လည်ပျံ့ပွားမှုအပြင် ဗီဇပြောင်း Clade 1b အမျိုးအစားသစ် ထပ်မံတွေရှိခဲ့တဲ့နောက် ဒီရောဂါကို နိုင်ငံတကာသတိပေးချက်အဆင့် သတ်မှတ်ခဲ့ကြောင်း သြဂုတ်လ ၁၄ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနရဲ့ ဓာတ်ခွဲစမ်းသပ်မှုအတည်ပြုချက်အရ အာဖရိက ကနေဝင်ရောက်လာတဲ့အသက် ၆၆ နှစ်အရွယ် ဥရောပတိုက်သားတစ်ဦး mpox Clade 1b ရောဂါပိုးကူးစက်ခံထားရကြောင်း လူနာရဲ့အမည်ကိုဖော်ပြခြင်းမရှိဘဲ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလူနာက အာရှမှာ ဗီဇပြောင်းမျိုးကွဲရဲ့ ပထမဆုံးကူးစက်ခံရသူဖြစ်တယ်လို့ AFP ကဖော်ပြခဲ့ပါတယ်။ (Archived link)
တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ် တွေမှာလည်း မျှဝေထားကြပါတယ်။
တကယ်တမ်း အဲဒီပုံတွေက ထိုင်းနိုင်ငံမှာ လတ်တလောတွေ့ရှိရတဲ့လူနာမဟုတ်ဘဲ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က mpox ကူးစက်ခံခဲ့ရတဲ့ လူနာပဲဖြစ်ပါတယ်။
လူမှားယွင်း ဖော်ပြမှု
Google မှာဓာတ်ပုံရာဇဝင်နဲ့ အဓိကစကားလုံးတွေသုံးပြီး ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံတွေကို လော့စ်အိန်ဂျလိစ်ရေဒီယိုဌာန LAist က ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃ ရက်မှာမျှဝေထားတဲ့ ဒီဆောင်းပါးမှာတွေ့ရပါတယ်။ (Archived link)
အဲဒီအချိန်တုန်းက အသက် ၃၃ နှစ်အရွယ် Kevin Kwong လို့ခေါ်တဲ့ လူနာတစ်ဦးရဲ့ mpox ရောဂါကူးစက်ခံရတဲ့ အတွေ့အကြုံတွေကို ဖော်ပြထားပါတယ်။
"အဖုအပိန့်တွေနဲ့ပြင်းထန်သောနာကျင်မှု - ကယ်လီဖိုးနီးယားပြည်နယ်သားပြောပြတဲ့ မျောက်ကျောက်ရောဂါခံစားခဲ့ရပုံ" လို့ခေါင်းစဥ်မှာ ရေးသားထားပါတယ်။
အောက်မှာမှားယွင်းမျှဝေထားတဲ့ Facebook ပို့စ်ကဓာတ်ပုံ (ဘယ်) ကို LAist ကဖော်ပြထားတဲ့ဓာတ်ပုံ (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။
AFP က Kwong ကိုဆက်သွယ်မေးမြန်းရာမှာ သူဟာ မှားယွင်းစွာပျံ့နှံ့နေတဲ့ပုံတွေထဲကသူဖြစ်ကြောင်း အီးမေးလ်နဲ့ အတည်ပြုခဲ့ပါတယ်။
"ဓာတ်ပုံတွေထဲကခြေတွေလက်တွေကို ပြနေတဲ့သူကကျွန်တော်ပါ။ အဲဒီပုံတွေကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအစောပိုင်းတုန်းက ကယ်လီဖိုးနီးယားမှာ ကျွန်တော်ကိုယ်တိုင်ရိုက်ကူးခဲ့တာပါ။ မျောက်ကျောက်က အမေရိကန်ပြည်ထောင်စုကိုပထမဆုံးစပြီးဝင်တဲ့အချိန်တုန်းကပေါ့။" လို့ Kwong က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်မှာ AFP ကိုပြောပါတယ်။
၂၀၂၂နဲ့ ၂၀၂၃ ကာလတွေမှာဖြစ်တဲ့ mpox ရောဂါက Clade 2 အမျိုးအစားကြောင့်ဖြစ်ပါတယ်။
"ကျွန်တော့်ကို ဆန်ဖရန်စစ္စကိုတက္ကသိုလ်ဆေးရုံက ကုသပေးခဲ့ပါတယ်။ ကျွန်တော့်နာမည်ကို အွန်လိုင်းမှာရှာလိုက်ရင် ကျွန်တော့်ရဲ့အတွေ့အကြုံတွေကို မှတ်တမ်းတင်ရေးသားထားတဲ့ သတင်းဆောင်းပါးတော်တော်များများကို တွေ့နိုင်ပါတယ်။" လို့ Kwong က ထပ်မံပြောဆိုခဲ့ပါတယ်။
Kwong ရဲ့ mpox ကူးစက်ခံရတဲ့ အတွေ့အကြုံတွေကို အမေရိကန်သတင်းဌာနတစ်ခုဖြစ်တဲ့ NPR ကလည်း၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှာမျှဝေခဲ့ပါတယ်။ (Archived link)
AFP အနေနဲ့ယခင်ကလည်း mpox နဲ့ပတ်သက်တဲ့သတင်းမှားတွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်