သြဂုတ်လအတွင်း တိုက်ခိုက်ခံရတဲ့ Sounion ရေနံတင်သင်္ဘောဆိုပြီး အခြားရေနံတင်သင်္ဘောပုံအဟောင်းတွေပျံနှံ့

လအတော်ကြာပြီဖြစ်တဲ့ မီးတောက်တွေကြားက  သင်္ဘောနှစ်စီးရဲ့ဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လက ဟူသီသူပုန် တွေတိုက်ခိုက်ခဲ့တဲ့  ဂရိအလံတင် ရေနံတင်သင်္ဘော Sounion ဆိုပြီး အင်တာနက်လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေပါတယ်။ တကယ်တော့ အဲဒီပုံတွေဟာ အေဒင်ပင်လယ်ကွေ့ထဲမှာ ယီမင်အခြေစိုက် ဟူသီသူပုန်တွေ ပစ်ခတ်တဲ့ ဒုံးကျည်ထိမှန်ခဲ့တဲ့ Marlin Luanda ရေနံတင်သင်္ဘောနဲ့ လိုက်ဘေးရီးယားအလံတင် CHIOS Lion ရေနံတင်သင်္ဘောတွေရဲ့ ဓာတ်ပုံတွေဖြစ်ပြီး တတိယဓာတ်ပုံကတော့ Sounion သင်္ဘောသားတွေကယ်ဆယ်ရေးလုပ်ငန်းစဥ်အကြောင်း ဖော်ပြထားတဲ့ X ပို့စ်တစ်ခုက မျှဝေထားတဲ့ပုံဖြစ်နေတာကိုတွေ့ရပါတယ်။   

"ဂရိ အလံတင် ဆီတင်သင်္ဘော MT Sunion ဖြစ်နေကြ Red Sea ထိပ်မှာ အကြိမ်များစွာ အတိုက်ခိုက်ခံရပြီး... မီးအကြီအကျယ် လောင်ကျွမ်းခဲ့ပါတယ်....သင်္ဘောသား ၂၈ ဦးလုံး abandon သင်္ဘော ကို စွန့်ခွာခဲ့လို့ ပြင်သစ်ရေတပ်မှ ကယ်တင်ခဲ့ပါတယ်....ရုရှ ၂ ယောက်နဲ့ ဖိလစ်ပိုင် သင်္ဘောသား ၂၆ ယောက်မှာ ဘေးကင်းပါတယ်...." (မူရင်းအတိုင်း)လို့  ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်က Facebookရဲ့  ဒီလင့်ခ်မှာ မျှဝေထားတာကို တွေ့ရပါတယ်။  

အဲဒီပိုစ့်နဲ့ အတူ ညအချိန် မီးလောင်နေတဲ့ ရေနံတင် သင်္ဘောတစ်စီးရဲ့ ပုံ၊ နေ့ခင်းဘက်ရေပြင်ပေါ် မီးလောင်ကျွမ်းနေတဲ့ သင်္ဘောတစ်စီးရဲ့ ပုံတို့အပြင် လိမ္မော်ရောင်ရေယာဥ်တစ်စီးရဲ့ ဓာတ်ပုံတွေပါရှိပါတယ်။   

"MT Sunion မှာ ဂရိအခြေစိုက် Delta Tanker သင်္ဘောလုပ်ငန်း ပိုင် သင်္ဘော တစ်စီးဖြစ်ပြီး.... ယင်းကုမ္ပဏီ မှ တတိယ မြောက်အဖြစ် ၃ စီးမြောက် အတိုက်ခိုက် ခံရတာပါ...” (မူရင်းအတိုင်း) လို့လည်း ထပ်မံပြောဆိုပြန်ပါတယ်။  

Sounion သင်္ဘောဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်မှာ သောင်းကျန်းသူတွေထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံ၊ Hodeida မြို့ ဆိပ်ကမ်းကနေပစ်လွှတ်တဲ့ ကျည်ဆန် တော်တော်များများ ထိမှန်ခဲ့လို့  မီးစွဲရာကနေ စက်ချို့ယွင်းခဲ့တယ်ဆိုပြီး AFP ကတင်ပြခဲ့ပါတယ်။ (Archived link)

အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ယီမင်က အီရန်ကျောထောက်နောက်ခံ ဟူသီသူပုန်တွေက ပြောဆိုခဲ့ပါတယ်။ အစ္စရေး-ဟာမက်စ်စစ်ပွဲအတွင်း ဂါဇာနဲ့အတူရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတကာရေကြောင်းကုန်သွယ်မှုတွေကို တိုက်ခိုက်ရတာဖြစ်တယ်လို့ ဟူသီတွေက ပြောဆိုထားပါတယ်။ 

Image
မှားယွင်းစွာ ပျံ့နှံ့နေတဲ့ Facebook ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်က ရိုက်ယူထားတဲ့ Screenshot

တူညီတဲ့ပြောဆိုမှု တွေကို မြန်မာဘာသာနဲ့ အခြားပိုစ့် တွေအပြင် ဖိလစ်ပိုင်အင်္ဂလိပ် ထိုင်း စတဲ့ ဘာသာစကားတွေနဲ့လည်း ပျံ့နှံ့လျက်ရှိပါတယ်။ 

ဒါပေမဲ့ ဒီပို့စ်ထဲက မီးတောက်တွေနဲ့ သင်္ဘောက Sounion သင်္ဘောရဲ့ပုံမဟုတ်ပါဘူး။ 

Marlin Luanda ရေနံတင်သင်္ဘော

ပထမဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်ရာ အေဒင်ပင်လယ်ကွေ့ထဲမှာ ဟူသီသောင်းကျန်းသူတွေရဲ့ ဒုံးကျည်ထိပြီး ရေနံတင်သင်္ဘောတစ်စီး မီးလောင်နေတဲ့ အကြောင်းSky News နဲ့ Naval News တို့က ဖော်ပြခဲ့တဲ့ ထပ်တူညီတဲ့ ဓာတ်ပုံကို တွေ့ ရပါတယ်။ (Archived links here and here)

အဲဒီ သတင်း နှစ်ပုဒ်လုံး ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က တင်ခဲ့ပြီး ဓာတ်ပုံထဲက သင်္ဘောကိုလည်း Marlin Luanda လို့ အတည်ပြုထားပါတယ်။ 

ဓာတ်ပုံမှာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)နိုင်ငံမှာ စခန်းချထားတဲ့ ပြင်သစ်စစ်တပ်ကို ရည်ညွှန်းဖော်ပြထားပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေ့မှာပဲ အဲဒီဓာတ်ပုံကို ပြင်သစ်တပ်ဖွဲ့က X အင်တာနက်လူမှုကွန်ရက်ပေါ်မှာ အစောဆုံးတင်ခဲ့တာ တွေ့ရပါတယ်။ (Archived link)

"အေဒင် ပင်လယ်ကွေ့မှာ Marlin Luanda ရေနံတင် သင်္ဘောတိုက်ခိုက်ခံရ" လို့ ပြင်သစ်ဘာသာနဲ့ ရေးသားထားပါတယ်။ "နာရီ ၂၀ ကြာအောင်ကြိုးစား ငြှိမ်းသက်ပြီးနောက်မှာ မီးလောင်မှုကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ သင်္ဘောသားတွေလည်း ဘေးကင်းပါတယ်" ဆိုပြီး ဆက်လက်ဖော်ပြထားပါတယ်။ 

မှားယွင်းပျံ့နှံ့နေတဲ့ ပုံ (ဘယ်) နဲ့  X မှာ မျှဝေထားတဲ့ပုံ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot ကို အောက်မှာ ဖော်ပြထားပါတယ်။

Image
မှားယွင်းပျံ့နှံ့နေတဲ့ပုံ (ဘယ်) နဲ့  X မှာ မျှဝေထားတဲ့ပုံ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot

သူပုန်တွေပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ Marlin Luanda ရေနံတင်သင်္ဘောကို ထိမှန်ခဲ့တယ်လို့ ဟူသီ ပြောရေးဆိုခွင့်ရှိသူက AFP ကိုပြောပါတယ်။ အဲဒီ သင်္ဘောကို Trafigura ကုန်သွယ်လုပ်ငန်းစုကြီးကိုယ်စား အင်္ဂလိပ်ကုမ္ပဏီ တစ်ခုက ဦးဆောင်စီမံနေတာဖြစ်ပါတယ်။ (Archived link)

နာရီအနည်းငယ်ကြာပြီးနောက် ဟူသီထိန်းချုပ်ထားတဲ့ ယီမင်မှာ သင်္ဘောဖျက်ဒုံးကျည်တစ်စင်းကို အမေရိကန်တပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ပါတယ်။  

အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေက ပင်လယ်နီကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောင်းမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို ဟူသီကပစ်မှတ်ထားနေတာကို လျှော့ချဖို့ ရည်ရွယ်ပြီး ပူးတွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။  

Chios Lion ရေနံတင်သင်္ဘော  

ဒုတိယဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က AFP ဝဘ်ဆိုဒ်မှာ ဖော်ပြထားပြီး ဇူလိုင်လထဲ ဟူသီသူပုန်တွေရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ Chios Lion ရေနံတင်သင်္ဘောရဲ့ ဓာတ်ပုံဖြစ်တယ်လို့ ရေးသားထားပါတယ်။ (Archived link)

ဒီဓာတ်ပုံနဲ့အတူ အညွန်းစာကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။  

"ယီမင် ဟူသီအဖွဲ့၏ Ansarullah Media Center မှပေးပို့သော ဓာတ်ပုံတွင် ၎င်းတို့၏ပစ်မှတ်ဖြစ်သည့်လိုက်ဘေးရီးယားအလံတင် Chios Lion ရေနံတင်သင်္ဘောကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၌ ပင်လယ်နီရှိ မောင်းသူမဲ့ရေယာဥ်တစ်စီးမှ ချဥ်းကပ်နေသည်ကိုတွေ့ရှိရသည်။ ၎င်းနေ့တွင်ပင် ပင်လယ်နီအတွင်း တိုက်ခိုက်မှုအများအပြား ကြုံတွေ့ခဲ့ရသည်ဟု ဗြိတိသျှလုံခြုံရေးအဖွဲ့အစည်းတစ်ခုမှတင်ပြခဲ့ပြီးနောက် ယီမင်ဟူသီအဖွဲ့မှ ရေနံတင်သင်္ဘောနှစ်စီးအား ဒရုန်း၊ ဒုံးကျည်တို့ ဖြင့်တိုက်ခိုက်ခဲ့သည်ဟုပြောကြားခဲ့ပါသည်။"

အောက်မှာ မှားယွင်းပြောဆိုထားတဲ့ Facebook ပို့စ်က ဓာတ်ပုံ (ဘယ်) ကို AFP ဝဘ်ဆိုဒ်က ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။  

Image
မှားယွင်းစွာပျံ့နှံ့နေတဲ့ Facebook ပို့စ်က ဓာတ်ပုံ (ဘယ်) ကို AFP ဝဘ်ဆိုဒ်က ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

တတိယဓာတ်ပုံကိုတော့ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း Sounion သင်္ဘောသားတွေကို ကယ်ဆယ်မှုတွေပြုလုပ်ခဲ့တဲ့အကြောင်းအရာနဲ့အတူ ဥရောပသမဂ္ဂရဲ့စစ်ဘက်ဆိုင်ရာ X အကောင့်မှာ ဖော်ပြထားပါတယ်။ (Archived link)

AFP အနေနဲ့ ယခင်ကတည်းက ပင်လယ်နီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ် ခဲ့ပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်