ပင်လယ်နီအတွင်း အမေရိကန် ကုန်တင်သင်္ဘော တိုက်ခိုက်ခံရတဲ့ဗီဒီယိုလို့ မှားယွင်းပြောဆိုထားတဲ့ ၂၀၂၁ ခုနှစ်က သီရိလင်္ကာမှာ သင်္ဘောမီးလောင်တဲ့ဗီဒီယိုအဟောင်း ပျံ့နှံ့

ယီမင်-ဟူသီသူပုန်တွေ တိုက်ခိုက်မှုကြောင့် ပင်လယ်နီထဲ သွားလာနေတဲ့ အမေရိကန်နိုင်ငံပိုင် ကုန်တင်သင်္ဘောတစ်စင်း မီးလောင်နေတဲ့မြင်ကွင်းလို့ မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ ပင်လယ်နီထဲ အမေရိကန်သင်္ဘောတစ်စင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန်စစ်တပ်က ကြေညာခဲ့တဲ့နောက် အခုလို ဗီဒီယိုပျံ့နှံ့လာခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်း အဲဒီဗီဒီယိုဟာ ၂၀၂၁ ခုနှစ်က သီရိလင်္ကာကမ်းလွန်မှာ နိုက်ထရစ်အက်စစ်တွေ တန်နဲ့ချီတင်ဆောင်လာတဲ့ စင်္ကာပူသင်္ဘောတစ်စင်း မီးလောင်ခဲ့တဲ့ဗီဒီယိုသာ ဖြစ်ပါတယ်။

“ပင်လယ်နီအတွင်း အမေရိကန်ပိုင် ကွန်တိန်နာသဘ်ော မီးလောင်နေပုံ။”(မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့အတူ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။

မီးခိုးတွေထွက်ပြီး ပင်လယ်ထဲ မီးလောင်နေတဲ့သင်္ဘောတစ်စင်းရဲ့မြင်ကွင်းကို အပေါ်စီးကနေ ရိုက်ကူးထားတဲ့ အဲဒီဗီဒီယိုကို အကြိမ်ရေ ၁,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။

ယီမင်နိုင်ငံအနီးမှာ အမေရိကန်နိုင်ငံပိုင် ကုန်တင်သင်္ဘောတစ်စင်းကို ဟူသီသူပုန်တွေက တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့တဲ့နောက် အခုလိုဗီဒီယိုအမှား ပျံ့နှံ့လာခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကလည်း တုံ့ပြန်တိုက်ခိုက်ခဲ့ကြပြီး မငြိမ်မသက်ဖြစ်နေတဲ့အဲဒီဒေသအတွင်း စိုးရိမ်မှုတွေ မြင့်တက်စေခဲ့ပါတယ်။ 

ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် မာရှဲလ်ကျွန်းစုနိုင်ငံအလံ လွှင့်တင်ထားတဲ့ Gibraltar Eagle သင်္ဘော မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် သင်္ဘောသားတွေထိခိုက်မှု တစုံတရာမရှိခဲ့သလို သင်္ဘောဟာလည်း ပင်လယ်ပြင်မှာ သွားလာနိုင်သေးတယ်လို့  အမေရိကန်စစ်ဆင်ရေးဗျူဟာကွပ်ကဲရေးဗဟိုဌာနချုပ် (US Central Command) က ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးနိုင်ငံနဲ့ သုံးလကျော်ကြာ စစ်မက်ဖြစ်ပွားနေတဲ့ ဂါဇာဒေသကို ထောက်ခံတဲ့အနေနဲ့ အဲဒီတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဟူသီသူပုန်တွေက ဆိုပါတယ်။  

အီရန်ကျောထောက်နောက်ခံ “axis of resistance” အဖွဲ့ဝင် ဟူသီသူပုန်တွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ဂါဇာစစ်ပွဲကနေ ဒေသတွင်းပဋိပက္ခတွေအထိ ကြီးမားကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေမြင့်တက်စေခဲ့ပါတယ်။

ပုံမှန်အားဖြင့် ကမ္ဘာ့ကုန်သွယ်လုပ်ငန်း ၁၂ ရာခိုင်နှုန်းဟာ ယီမင်အနောက်တောင်ပိုင်းနဲ့ ဂျီဘူတီနိုင်ငံကြား ပင်လယ်နီဝင်ပေါက်ဖြစ်တဲ့ Bab al-Mandeb ရေလက်ကြားကနေ ဖြတ်သန်းလေ့ရှိပါတယ်။ ဒါပေမဲ့ ဟူသီသူပုန်တွေရဲ့တိုက်ခိုက်မှုတွေကြောင့် လက်ရှိမှာသင်္ဘောတွေအများအပြားဟာ အာဖရိကတိုက်ဝန်းကျင်တဝိုက် မိုင်ထောင်ချီ လမ်းကြောင်းပြောင်းပြီး ကုန်သွယ်သွားလာကြရပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က ရိုက်ယူထားတဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို Facebook ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။ 

အလားတူ ဒီဗီဒီယိုကို အင်္ဂလိပ်အာရဗီစပိန်ဂျာမန်စတဲ့ ဘာသာစကားတွေနဲ့လည်း မှားယွင်းမျှဝေခဲ့ကြပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မီးလောင်တဲ့ သင်္ဘော 

ဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေကို အသုံးပြုပြီး Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်မှာ သီရိလင်္ကာနိုင်ငံလေတပ်ရဲ့ YouTube မှာ ဓာတ်ပုံတွေနဲ့ပေါင်းစပ်ဖော်ပြခဲ့တဲ့ ဒီဗီဒီယိုကိုတွေ့ရပါတယ်။ (archived link)

ဗီဒီယိုရဲ့အညွှန်းစာမှာ “မီးတောက်များ ဖုံးလွှမ်းနေသည့် X-PRESS PEARL သင်္ဘော၏ နောက်ဆုံးရဗီဒီယို” ဆိုပြီး ရေးသားထားပါတယ်။ 

မှားယွင်းတဲ့ပို့စ်တွေမှာပါဝင်တဲ့ဗီဒီယိုကို သီရိလင်္ကာလေတပ် YouTube ဗီဒီယိုရဲ့ ၃၄ စက္ကန့်မှာ တွေ့ရပါတယ်။ အဲဒီဗီဒီယိုကို ပြောင်းပြန်တည်းဖြတ်ပြီး Facebook ပေါ် မှားယွင်း မျှဝေခဲ့ကြတာပါ။ 

အောက်မှာ မှားယွင်းတဲ့ပို့စ်တွေမှာပါဝင်တဲ့ ဗီဒီယို (ဘယ်) နဲ့ ၂၀၂၁ ခုနှစ်က ဖော်ပြခဲ့တဲ့ YouTube ဗီဒီယို (ညာ) တို့ရဲ့ ကိုက်ညီတဲ့အချက်တွေကို နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်တွေမှာပါဝင်တဲ့ ဗီဒီယို (ဘယ်) နဲ့ ၂၀၂၁ ခုနှစ်က ဖော်ပြခဲ့တဲ့ YouTube ဗီဒီယို (ညာ) တို့ရဲ့ ကိုက်ညီတဲ့အချက်တွေကို နှိုင်းယှဉ်ပြထားတဲ့ screenshot

အဲဒီသင်္ဘောမီးလောင်တဲ့ဖြစ်စဉ်ကို AFP ကလည်း ဗီဒီယို ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်မြို့ကနေ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုဆိပ်ကမ်းကို ဝင်ရောက်ခဲ့တဲ့ X-Press Pearl သင်္ဘောပေါ်မှာ အက်စစ်ယိုစိမ့်ပြီး မီးလောင်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဲဒီသင်္ဘောဟာ နိုက်ထရစ်အက်စစ် ၂၅ တန်အပြင် ပလတ်စတစ်ကုန်ကြမ်းကွန်တိန်နာ ၂၈ လုံးနဲ့ တခြားဓာတုပစ္စည်းတွေ တင်ဆောင်လာခဲ့တာဖြစ်ပြီး ကုန်ပစ္စည်းအများစုကို ပင်လယ်ထဲမှာ ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ 

မီးလောင်မှုကို နိုင်ငံတကာနဲ့ ပူးပေါင်းငြှိမ်းသတ်ခဲ့ပြီး ၁၃ ရက်အကြာမှာ မီးငြိမ်းခဲ့တယ်လို့ သီရိလင်္ကာနိုင်ငံ၊ ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ