‘ပင်လယ်နီမှာ တိုက်ခိုက်ခံရတဲ့ ဗြိတိသျှရေနံတင်သင်္ဘော’ လို့ပြောဆိုထားတဲ့ ဗီဒီယို မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01 ဖေဖော်ဝါရီ 2024 အချိန် 09h38
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ပင်လယ်နီအတွင်း ကုန်သွယ်သင်္ဘောတွေကို ဟူသီသူပုန်တွေကတိုက်ခိုက်မှုတွေရှိနေချိန်မှာ ယီမင်နိုင်ငံအနီး ပင်လယ်နီမှာ တိုက်ခိုက်ခံခဲ့ရတဲ့ဗြိတိသျှရေနံတင်သင်္ဘောလို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ မှားယွင်းမျှဝေခဲ့ကြပါတယ်။ ဗီဒီယိုမှာ ပင်လယ်ထဲ သင်္ဘောတစ်စီးမီးလောင်နေတာကိုတွေ့ရပါတယ်။။ ဒါပေမဲ့ ဒီအဆိုက မှားပါတယ်။ တကယ်တမ်း ဒီဗီဒီယိုဟာ ဆိုမာလီယာကိုသွားရောက်စဥ် အိုမန်ရေပိုင်နက်ထဲမှာ မီးလောင်ကျွမ်းခဲ့တဲ့သင်္ဘောတစ်စီးအကြောင်းရေးသားခဲ့ကြတဲ့ လူမှုကွန်ရက်ပို့စ်တွေနဲ့သတင်းလူမှုကွန်ရက်ပို့စ်တွေနဲ့သတင်းတွေမှာ ဖော်ပြခဲ့တဲ့ဗီဒီယိုဖြစ်ပြီး ပင်လယ်နီက လတ်တလောတိုက်ခိုက်မှုတွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။ 

ဗီဒီယိုကို "ယီမင်အနီး ပင်လယ်နီတွင် ဗြိတိသျှချောဆီတင် သဘ်ောဒုံးပျံထိမှန် မီးလောင်" (မူရင်းအတိုင်း) ဆိုတဲ့စာသားနဲ့အတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ မျှဝေခဲ့တာပါ။ 

၁၀ စက္ကန့်ကြာတဲ့  ဒီဗီဒီယိုကို အကြိမ်ရေ ၃၅၀ ကျော် ကြည့်ရှုခဲ့ကြပြီး မီးလောင်ကျွမ်းနေတဲ့ သင်္ဘောတစ်စင်းကထွက်လာတဲ့ မီးခိုးငွေ့တွေ ကောင်းကင်ထက် ပျံတက်နေတာတွေ့ရပါတယ်။

Image
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

လတ်တလော ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာတဲ့ကုန်သွယ်သင်္ဘောတွေကို ဟူသီသူပုန်တွေက တိုက်ခိုက်မှုတွေရှိနေသလို ဂါဇာစစ်ပွဲကြောင့် ဒေသတွင်း အကြမ်းဖက်မှုတွေပြန့်ပွားလာနိုင်တဲ့ စိုးရိမ်မှုတွေမြင့်တက်လာချိန်မှာပဲ အွန်လိုင်းပေါ် ဒီဗီဒီယို ပျံ့နှံ့လာတာဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလထဲမှာ ယီမင်နယ်နမိတ်အတော်များများကိုထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေက အစ္စရေးနဲ့ဆက်နွယ်မှုတွေရှိတယ်ဆိုတဲ့ ကုန်သင်္ဘောတွေကိုပင်လယ်နီမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးနဲ့ ဟာမက်စ်လက်နက်ကိုင်တွေကြားတိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ ဂါဇာဒေသက ပါလက်စတိုင်းလူမျိုးတွေနဲ့အတူ ရပ်တည်ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ဒီတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဟူသီသူပုန်တွေက ဆိုပါတယ်။

ပုံမှန်အားဖြင့် ကမ္ဘာ့ကုန်သွယ်လုပ်ငန်း ၁၂ ရာခိုင်နှုန်းဟာ ယီမင်အနောက်တောင်ပိုင်းနဲ့ ဂျီဘူတီနိုင်ငံကြား ပင်လယ်နီဝင်ပေါက်ဖြစ်တဲ့ Bab al-Mandeb ရေလက်ကြားကနေ ဖြတ်သန်းလေ့ရှိပါတယ်။ ဒါပေမဲ့ ဟူသီသူပုန်တွေရဲ့တိုက်ခိုက်မှုတွေကြောင့် လက်ရှိမှာသင်္ဘောတွေအများအပြားဟာ အာဖရိကတိုက်ဝန်းကျင်တဝိုက် မိုင်ထောင်ချီ လမ်းကြောင်းပြောင်းပြီး ကုန်သွယ်သွားလာကြရပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ အမေရိကန်နဲ့ ဗြိတိန်တို့က  "တင်းမာမှုတွေကိုလျော့ကျရန်"ဆိုတဲ့  ရည်ရွယ်ချက်နဲ့ ဒါဇင်နဲ့ချီတဲ့ဟူသီသူပုန်ပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဟူသီသူပုန်တွေက သူတို့ရဲ့တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြိမ်းဝါးခဲ့ပြီး အမေရိကန်နဲ့ ဗြိတိသျှပိုင်အကျိုးစီးပွားတွေက သူတို့ရဲ့"တရားဝင်ပစ်မှတ်တွေ" ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ 

တူညီတဲ့ပြောဆိုမှုနဲ့အတူ မှားယွင်းတဲ့ဗီဒီယိုကို အာရဗီတရုတ်ထိုင်းအင်ဒိုနီးရှားဘာသာစကားတွေနဲ့ အကြိမ်ရေသန်းချီပြန်လည်မျှဝေနေကြပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုဟာ ပင်လယ်နီမှာ ဒုံးကျည်ထိမှန်ခဲ့တဲ့ ဗြိတိသျှရေနံတင်သင်္ဘောရဲ့ ဗီဒီယိုမဟုတ်ပါဘူး။  

'အိုမန်က သင်္ဘောမီးလောင်ကျွမ်းမှု'

မှားယွင်းပြောဆိုထားတဲ့ပို့စ်မှာပါဝင်တဲ့ ဗီဒီယိုရဲ့အောက်ခြေမှာ အိုမန်တော်ဝင်ရဲတပ်ဖွဲ့ (The Royal Oman Police) ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာအမည်နဲ့ တံဆိပ်ပါရှိတာ တွေ့ရပါတယ်။ (archived link)

ဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေကို အသုံးပြုပြီး Google မှာ ရာဇဝင်ရှာကြည့်တဲ့အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့အချက်အလက်တွေ ရှာဖွေကြည့်တဲ့အခါ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှာ အိုမန်တော်ဝင်ရဲတပ်ဖွဲ့ရဲ့  လူမှုကွန်ရက်စာမျက်နှာ X မှာ ဖော်ပြထားတဲ့ ဒီဗီဒီယိုကိုတွေ့ရပါတယ်။ (archived link)

"ဒိုဖာပြည်နယ် ဟာဆစ်မြို့အနီး အိုမန်စူလတန်နိုင်ငံ ပိုင်နက်ရေပြင်တွင် သင်္ဘောတစ်စင်း မီးလောင်ခဲ့သည်။ အဆိုပါသင်္ဘောသည် ဆိုမာလီယာသို့ပို့ဆောင်မည့်ကုန်ပစ္စည်းများကို တင်ဆောင်လာကာ ၎င်း၏အဖွဲ့ဝင် ၁၁ ဦးပါ အိန္ဒိယသင်္ဘောသားများကို ဒေသခံများကဘေးကင်းစွာ ကယ်ထုတ်ခဲ့သည်။" ဆိုပြီး အာရဗီဘာသာစကားနဲ့ရေးသားထားတဲ့ ဒီပို့စ်မှာဆိုထားပါတယ်။  

ဒါ့အပြင် "အဖွဲ့ဝင်တစ်ဦး အနည်းငယ်ထိခိုက်မှုရှိခဲ့တယ်။" လို့ ဒီပို့စ်မှာ ဆိုထားပါတယ်။  

ဟာဆစ်မြို့ဟာ အိုမန်နိုင်ငံရဲ့ အာရေဗျပင်လယ်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ (archived link)

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဗီဒီယို (ဘယ်) ကို အိုမန်တော်ဝင်ရဲတပ်ဖွဲ့ ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။  

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဗီဒီယို (ဘယ်) ကို အိုမန်တော်ဝင်ရဲတပ်ဖွဲ့ ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot

တစ်ရက်ထဲမှာပဲ The Oman Observer နဲ့ the Times of Oman စတဲ့ ဒေသတွင်းသတင်းဌာနတွေကလည်း ဒီဗီဒီယိုနဲ့ Screenshot တွေကိုအသုံးပြုပြီး သတင်းဖော်ပြခဲ့ပါတယ်။ (archived links here and here

ပင်လယ်နီထဲကတိုက်ခိုက်မှုတွေနဲ့ပက်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်