ရေသောက်ခြင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာအယူအဆအမှားတွေ ထပ်မံပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဖေဖော်ဝါရီ 2024 အချိန် 09h19
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
ရေကို အချိန်အတိအကျ သတ်မှတ်သောက်သုံးခြင်းဖြင့် ကောင်းမွန်တဲ့ကျန်းမာရေးရလဒ်တွေ ရရှိစေနိုင်ပြီး အစာစားနေစဉ် ရေအေးနဲ့ ရေခဲရေတွေသောက်သုံးခြင်းကတော့ ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်လို့ ပြောဆိုထားတဲ့ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည်မျှဝေထားကြပါတယ်။ ဒါပေမဲ့ ဒီပြောဆိုမှုတွေဟာ မှားပါတယ်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကတော့ ဒီပြောဆိုမှုတွေဟာ သိပ္ပံနည်းကျ အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ရိုက်ယူထားတဲ့ Screenshot

အဲဒီပို့စ်မှာ အစာမစားမီနဲ့ ရေမချိုးခင် မိနစ် (၃၀) အလို အစရှိတဲ့ အချိန်ဇယားအတိုင်း ရေသောက်ဖို့ အကြံပြုထားပြီး ကျန်းမာရေးအကျိုးရလဒ်တွေအများအပြား ရရှိစေနိုင်မယ်လို့ ဆိုထားပါတယ်။ အဲဒီလိုရေသောက်သုံးခြင်းဖြင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးနိုင်ပြီး အိပ်ပျော်နေစဉ် ကြွက်တက်ခြင်း၊ နှလုံးအမောဖောက်ခြင်းတွေကို ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အစာစားနေစဉ် ရေအေးသောက်သုံးခြင်းက အဆီတွေကို ပိုဖြစ်စေပြီး “အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွှံ့စေးအနည်အနှစ်များသဖွယ် ခဲပျစ်သွားတတ်”တဲ့အတွက် အစာကောင်းစွာမခြေနိုင်တော့ဘဲ အူကင်ဆာ ဖြစ်စေတယ်လို့ ပို့စ်မှာ ဖော်ပြထားပါတယ်။ 

အလားတူမှားယွင်းပြောဆိုထားတဲ့ပို့စ်တွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။  

ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကတော့ ဒီလိုပြောဆိုမှုတွေဟာ သိပ္ပံနည်းကျအထောက်အထားမရှိဘူးလို့ AFP ကို ပြောပါတယ်။

တူညီတဲ့ပြောဆိုမှုတွေ ယခင်ကတည်းက အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး AFP က အချက်အလက်စိစစ်ခဲ့ပြီး ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။  

သိပ္ပံနည်းကျအထောက်အထားမရှိ 

သတ်မှတ်ထားတဲ့အချိန်အတိအကျအတိုင်း ရေသောက်ခြင်းက လူတွေရဲ့နှလုံးအတွက် ကျန်းမာရေးအကျိုးရလဒ်တွေရှိတယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထားမရှိသလို၊ လူတွေရဲ့သွေးဖိအားအပေါ်မှာလည်း သက်ရောက်မှုမရှိဘူးလို့ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDD)၊ နှလုံးရောဂါနှင့်လေဖြတ်ခြင်းဆိုင်ရာဌာနခွဲက တာဝန်ရှိသူတစ်ယောက်က AFP ကို ပြောပါတယ်။ (archived link)  

“ရေသောက်ချိန်သတ်မှတ်ထားခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာအကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထား မရှိပါဘူး” လို့ ဌာနရဲ့တာဝန်ရှိသူတစ်ဦးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ အီးမေးလ်ကတဆင့် AFP ကို ဖြေကြားပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံ၊ Manila Doctors ဆေးရုံက နှလုံးအထူးကုဆရာဝန် Anthony C. Leachon ကလည်း “ဒီအဆိုတွေဟာ မမှန်ကန်သလို သိပ္ပံနည်းကျခိုင်မာတဲ့အထောက်အထားလည်း မရှိပါဘူး။ ဒီလိုအတည်အပေါက်ပြောဆိုမှုတွေကို မယုံကြည်သင့်သလို၊ ယုံကြည်လွယ်တဲ့လူတွေ ယုံမှားသံသယဖြစ်အောင် မပြုလုပ်သင့်ဘူး” လို့ AFP ကို ပြောပါတယ်။ (archived link)

ရေအေးသောက်ခြင်းနဲ့ ကင်ဆာ

အစာစားနေစဉ် ရေအေးသောက်သုံးခြင်းကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ သြစတြေးလျကင်ဆာကောင်စီ (Cancer Council Australia) ရဲ့ ကင်ဆာထိန်းချုပ်ရေးမူဝါဒဆိုင်ရာ ဒါရိုက်တာ Megan Varlow က AFP ကို ပြောပါတယ်။ (archived link)

“အေးတဲ့အရည်တွေကို သောက်သုံးလိုက်တဲ့အခါ အဲဒီအရည်တွေဟာ ခန္ဓာကိုယ်အပူရှိန်အတိုင်း အလျင်အမြန်ပဲ ပူနွေးသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့အစာခြေစနစ်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေ မဖြစ်စေပါဘူး” လို့ ဇန်နဝါရီ ၂၄ ရက်မှာ Varlow က အီးမေးလ်ကတဆင့် ဖြေကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDD) ရဲ့ ကင်ဆာရောဂါဆိုင်ရာဌာနကလည်း “ပို့စ်မှာပါဝင်တဲ့ ကင်ဆာရောဂါနဲ့ပတ်သက်တဲ့ပြောဆိုမှုတွေအတွက် ခိုင်မာတဲ့ သိပ္ပံနည်းကျအထောက်အထား မတွေ့ရဘူးလို့” ဇန်နဝါရီ ၂၄ ရက်မှာ AFP ကို ပြောဆိုထားပါတယ်။ (archived link)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်