အီဖယ်မျှော်စင်မီးလောင်ခဲ့တယ်ဆိုတဲ့ကောလာဟလ အွန်လိုင်းပေါ်ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဖေဖော်ဝါရီ 2024 အချိန် 09h13
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Natalie WADE, AFP USA, AFP ထိုင်း
ပါရီမြို့လယ်ခေါင်မှာရှိတဲ့  အထင်ကရ အီဖယ်မျှော်စင်မီးလောင်ခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့အတူ ဓာတ်ပုံတစ်ချို့ကို အင်တာနက်လူမှုကွန်ရက်မှာ အကြိမ်ကြိမ်ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ ကွန်ပျူတာနဲ့ပြုပြင်ဖန်တီးထားတာဖြစ်ပြီး ပါရီမြို့ရဲ့ အထင်ကရအဆောက်အဦးတစ်ခုဖြစ်တဲ့ အီဖယ်မျှော်စင်မီးလောင်ခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေ မရှိပါဘူး။

"အီဖယ်မျှော်စင်  ကမ္ဘာပေါ်တွင် အထင်ရှားဆုံး အထိမ်းအမှတ်များထဲမှ တစ်ခုဖြစ်သည်။  ပါရီမြို့လယ်မှာ မီးလောင်နေပါတယ်။ နောက်ဆုံးရသတင်းများမှ  ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုအား မီးသတ်သမားများက ထိန်းမနိုင် သေးကြောင်း သိရသည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာလည်း မျှဝေထားပါတယ်။  

တစ်ချိန်တည်းမှာပဲ အီဖယ်မျှော်စင်မီးလောင်နေတဲ့မြင်ကွင်းတွေပါဝင်တဲ့ လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းပေါ်မှာပျံ့နှံ့နေခဲ့ပါတယ်။

ဒီဗီဒီယိုဟာ Twitter လို့ ယခင်ကလူသိများတဲ့ X နဲ့ Faceook စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီး လူမှုကွန်ရက်အသုံးပြုသူတွေရဲ့တုံ့ပြန်မှုအများအပြားရရှိခဲ့ပါတယ်။  

ဒါပေမဲ့ ဒီဗီဒီယိုကပုံရိပ်တွေကို Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်က မျှဝေထားတဲ့ ဒီ YouTube ဗီဒီယိုနဲ့ ကိုက်ညီနေတာ တွေ့ရပါတယ်။ ဒီဗီဒီယိုကို @Augmented_One ဆိုတဲ့အကောင့်က မျှဝေထားပြီး ဗီဒီယိုရဲ့အညွှန်းစာမှာ "အီဖယ်မျှော်စင် မီးလောင်ခြင်း VFX" ဆိုပြီး ရေးသားထားပါတယ်။  

ဗီဒီယိုဖန်တီးသူက  "ဒါဟာ VFX (ရုပ်ပုံဖန်တီးချက်) ဖြစ်ပါတယ်။"  လို့ ဗီဒီယိုအောက်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်က မှတ်ချက်ပေးခဲ့ပြီး အထင်အမြင်မှားတွေကို ပြန်လည်ချေပထားပါတယ်။

VFX ဟာ ရုပ်ရှင်ဗီဒီယိုတွေမှာအသုံးပြုတဲ့ ဒစ်ဂျစ်တယ်ရုပ်ပုံအဆင့်မြှင့်တင်မှုတွေကို ရည်ညွှန်းပြီး ရုပ်ရှင်ရိုက်ကူးသူတွေ မကြာခဏအသုံးပြုလေ့ရှိတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။

အချို့သောမှားယွင်းပြောဆိုမှုတွေမှာ ဒီမတူညီတဲ့ဓာတ်ပုံတွေကိုအသုံးပြုကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေဟာလည်း ဒစ်ဂျစ်တယ်နည်းအရပြုပြင်ဖန်တီးထားတဲ့ ရုပ်ပုံတွေဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်လွှင့်တဲ့ အီဖယ်မျှော်စင်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ မီးလောင်ကျွမ်းမှုကြောင့်ဖြစ်တဲ့ပျက်စီးမှုတွေ မတွေ့ရပါဘူး။ (archived here

Image
ဇန်နဝါရီလ ၂၄ ရက်က ရယူထားတဲ့ မှားယွင်းပြောဆိုမှုနဲ့ Facebook ပို့စ်တစ်ခု
Image
ဇန်နဝါရီလ ၂၄ ရက်က ရယူထားတဲ့ မှားယွင်းပြောဆိုမှုနဲ့ X ပို့စ်တစ်ခု

ပါရီမြို့အခြေစိုက် AFP သတင်းထောက်တစ်ဦးဖြစ်သူ Alexis Orsini က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဥရောပအလယ်ပိုင်းစံတော်ချိန် ညနေ ၅ နာရီ ၄၂ မိနစ်နဲ့ ၅ နာရီ ၄၆ မိနစ်ကြားမှာ အီဖယ်မျှော်စင်ကို ဓာတ်ပုံရိုက်ကူးခဲ့ပြီး မျှော်စင်မှာ ထိခိုက်ပျက်စီးမှု လုံးဝမရှိ နဂိုအတိုင်းရှိနေတာ တွေ့ရပါတယ်။ 

Image
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်က ရိုက်ကူးထားတဲ့ အီဖယ်မျှော်စင်ဓာတ်ပုံ (Alexis ORSINI)

ယုံကြည်ရတဲ့သတင်းဌာနတွမှာလည်းအီဖယ်မျှော်စင်မီးလောင်ခဲ့တယ်ဆိုတဲ့  ခိုင်လုံတဲ့သတင်းဖော်ပြချက်တွေ မတွေ့ရသလို မျှော်စင်စီမံခန့်ခွဲရေးအာဏာပိုင်၊ ပါရီမြို့နဲ့ ပါရီမြို့မီးသတ်တပ်ဖွဲ့တွေက မျှော်စင်မီးလောင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိပါဘူး။

အီဖယ်မျှော်စင်ရဲ့တရားဝင် X စာမျက်နှာရဲ့ နောက်ဆုံးမျှဝေထားတဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်က ပို့စ်မှာ ခရီးသွားဆွဲဆောင်မှုနေရာတချို့ကိုဖော်ပြထားပြီး မျှော်စင်ကိုသွားရောက်လည်ပတ်ဖို့ လှုံ့ဆော်တိုက်တွန်းထားပါတယ်။ (archived here)

မျှော်စင်စီမံခန့်ခွဲရေးအဖွဲ့အစည်းဖြစ်တဲ့ the Société d'Exploitation de la Tour Eiffel က မျှော်စင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာမျိုးမရှိဘူးလို့ AFP ကို အတည်ပြုပြောဆိုခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်