ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ ဂြိုလ်သားဝင်ရောက်မှုဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုအမှား ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 23 ဇန်နဝါရီ 2024 အချိန် 10h22
  • အပ်ဒိတ်ရက်စွဲ 24 ဇန်နဝါရီ 2024 အချိန် 04h56
  • ဖတ်ရန် ကြာချိန် 4 မိနစ်
  • Natalie WADE, AFP USA, AFP ထိုင်း
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က ဈေးဝယ်စင်တာတစ်ခုမှာ အရပ် ၁၀ ပေလောက်မြင့်တဲ့ ဂြိုလ်သားတွေ တွေ့ရှိခဲ့ရတယ်လို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို အကြိမ်ရေထောင်ချီ ကြည့်ရှုခဲ့ကြပါတယ်။ ၂၀၂၄ နှစ်သစ်ကူးနေ့က အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က ဈေးဝယ်စင်တာတစ်ခုမှာ ဒါဇင်နဲ့ချီတဲ့ရဲကားတွေ စေလွှတ်ခဲ့ရတဲ့ အမှုအခင်းကိစ္စနောက်ပိုင်း အခုလို ဗီဒီယိုပျံ့နှံ့လာခဲ့တာပါ။ ဒါပေမဲ့ အာဏာပိုင်တွေနဲ့ အမေရိကန်က သတင်းဌာနတွေကတော့ ဒီဗီဒီယိုမှာ ဂြိုလ်သားတွေကို မြင်ရတာမဟုတ်ဘဲ လုယက်မှုနဲ့ မီးရှူးမီးပန်းတွေပစ်ဖောက်တာတွေ ပြုလုပ်ခဲ့ကြတဲ့ လူငယ်တွေကို မိုင်ယာမီရဲတွေက ကိုင်တွယ်ဖြေရှင်းနေတဲ့ ဗီဒီယိုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“Twitter မှာ Trending ဖြစ်နေတဲ့ ဂြိုလ်သားသတင်း။ ခန့်မှန်းခြေ အရပ် ၈ပေ ကနေ ၁၀ ပေ ရှိတဲ့ ဂြိုလ်သားတွေ Miami မှာတွေ့လို့တဲ့။ ”(မူရင်းအတိုင်း) ဆိုပြီး ရေးသားထားတဲ့ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။ 

“...သတင်းအစီအစဉ်တစ်ခုက Video မှာ ဂြိုလ်သားလို့ ယူဆရတဲ့ အရာကြီး လမ်းလျှောက်နေတာပါတင်ထားပါတယ်”(မူရင်းအတိုင်း) ဆိုပြီး အဲဒီပို့စ်မှာ ဆက်ရေးထားပါတယ်။ 

ဗီဒီယိုထဲမှာ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့က Bayside Marketplace ဈေးဝယ်စင်တာအနီးမှာ ရဲကားတွေ အများကြီး ရောက်ရှိနေတဲ့မြင်ကွင်းကို ကောင်းကင်ကနေ ရိုက်ကူးထားတာ တွေ့ရပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်က ရိုက်ယူထားတဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ မျှဝေခဲ့ကြပါတယ်။

ဗီဒီယိုကို အင်္ဂလိပ်ဘာသာစကားနဲ့လည်း ဒီလင့်ခ်မှာ မှားယွင်း မျှဝေခဲ့ပြီး အကြိမ်ရေသိန်းချီကြည့်ရှုခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီကောလာဟလတွေဟာ မှားယွင်းတယ်လို့ မိုင်ယာမီရဲဌာနက ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်တဲ့ Instagram ဗီဒီယိုမှာ  ငြင်းဆိုထားပါတယ်။ (archived here

“Bayside ဈေးဝယ်စင်တာမှာ အရပ် ၈ ပေကနေ ၁၀ ပေလောက်ရှိတဲ့ ဂြိုလ်သားတွေ လမ်းလျှောက်နေတယ်ဆိုတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့နေပါတယ်။ တကယ်တမ်းတော့ ဒါဟာ လမ်းလျှောက်နေတဲ့ လူတစ်ယောက်ရဲ့ အရိပ်ပဲ ဖြစ်ပါတယ်” လို့ ရဲအရာရှိ Rafael Horta က ဗီဒီယိုမှာ ပြောဆိုပါတယ်။ 

“အခုချိန်ထိ မိုင်ယာမီ၊ Bayside ဈေးဝယ်စင်တာမှာ ဂြိုလ်သားတွေ မရှိသေးပါဘူး” လို့ Horta က ဟာသနှောပြီး ပြောပါတယ်။ အဲဒီအချိန်မှာပဲ ကွန်ပျူတာနဲ့ဖန်တီးထားတဲ့ ဂြိုလ်သားပုံတစ်ပုံက သူ့နောက်မှာ ထွက်ပေါ်လာတာ တွေ့ရပါတယ်။ 

အဲဒီညက ဈေးဝယ်စင်တာအနီးက စတိုးဆိုင်တွေကို လုယက်တာ၊ လူတွေကို မီးရှူးမီးပန်းတွေနဲ့ ချိန်ရွယ်ပစ်ဖောက်တာတွေ ကျူးလွန်ခဲ့တဲ့ လူငယ် ၅၀ လောက်ကို ရဲအရာရှိတွေက ကိုင်တွယ်ဖြေရှင်းနေကြတာ ဖြစ်တယ်လို့ သတင်းဌာနတော်တော်များများကရေးသား ဖော်ပြကြပါတယ်။ 

 “ရဲအရာရှိတွေက အခြေအနေကို ထိန်းသိမ်းဖို့ အခက်အခဲနည်းနည်း ရှိနေခဲ့တာ ဖြစ်ပါတယ်” လို့ ရဲအရာရှိ Horta က ဗီဒီယိုမှာ ပြောပါတယ်။  

နောက်ပိုင်းမှာ အာဏာပိုင်တွေက မြို့ထဲမှာရှိတဲ့ရဲတွေအားလုံးကို စုဝေးခေါ်ယူခဲ့ပြီး မြို့တွင်းအရေးပေါ်အခြေအနေ ကြေညာလိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “ဒါကြောင့်လည်း အဲဒီလူစုလူဝေးကို ဖြေရှင်းဖို့ အလွန်များပြားတဲ့ရဲတွေ ရောက်ရှိလာတာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အဲဒီအဖြစ်အပျက်ကြောင့် အနီးတဝိုက်က လမ်းတွေကို ယာယီပိတ်ထားခဲ့ရပြီး တစ်နာရီလောက်အကြာမှာ ပြန်ဖွင့်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ လူငယ် ၄ ဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ The Miami Herald သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ (archived here)

ဂြိုလ်သားတွေနဲ့ပတ်သက်တဲ့ အခြားသော မှားယွင်းပြောဆိုမှုတွေကို AFP က အချက်အလက်စိစစ်ထားပြီး ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်