မိုးမျှော်တိုက်ကြီးတွေပြိုကျတဲ့ဗီဒီယိုဟောင်းတွေကို ၂၀၂၄ ခုနှစ် ဂျပန်ငလျင်ကဆိုပြီး မှားယွင်းဖော်ပြ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 ဇန်နဝါရီ 2024 အချိန် 10h41
- ဖတ်ရန် ကြာချိန် 4 မိနစ်
- Jan Cuyco, AFP ဖိလစ်ပိုင်, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ဂျပန်ငလျင် ၂၀၂၄" ဆိုတဲ့စာသားနဲ့အတူ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။
ဒီပို့စ်ရဲ့စာသားမှာလည်း "2024တစ်ကျော့ပြန် ဂျပန်ဆူနာမီ ၇.၄ မဂ္ဂနီကျု ငလျင်လှုပ်" (မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။
မိုးမျှော်တိုက်ကြီးတွေပြိုကျတဲ့မြင်ကွင်း၊ ကမ်းရိုးတန်းမြို့တစ်မြို့မှာ အင်အားပြင်းငလျင်လှုပ်ခတ်နေတဲ့မြင်ကွင်း၊ ပြိုကျနေတဲ့အဆောက်အအုံတွေဆီကနေ လူတွေဘေးလွတ်ရာထွက်ပြေးနေကြတဲ့မြင်ကွင်းနဲ့ အဖြူရောင်အဆောက်အအုံတစ်ခုကနေ အပျက်အစီးအပိုင်းအစတွေပြုတ်ကျနေတဲ့ပုံရိပ်တွေကို ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်။
နှစ်သစ်ကူးနေ့က ဂျပန်နိုင်ငံ၊ အိရှိခါဝါစီရင်စုကို အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အခုလို ဗီဒီယိုတွေ အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒီငလျင်ကြောင့် မီးလောင်ကျွမ်းမှုတွေနဲ့ အခြေခံအဆောက်အအုံတွေပျက်စီးခဲ့ပြီး လူ ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ပေါ်မှာ မြန်မာဘာသာစကားအပြင် အင်္ဂလိပ်ဘာသာစကားနဲ့လည်း မျှဝေထားကြပါတယ်။
အဲဒီပို့စ်မှာပါဝင်တဲ့ ဗီဒီယိုတွေထဲကတစ်ခုဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်တဲ့ဗီဒီယိုဖြစ်ပေမယ့် တခြားဗီဒီယိုတွေကတော့ တရုတ်နိုင်ငံမှာ မိုးမျှော်တိုက်တွေ ဖြိုချနေတဲ့ဗီဒီယို၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက တူရကီနိုင်ငံမှာ ၇ ဒဿမ ၈ မဂ္ဂနီကျုပြင်းအားရှိတဲ့ငလျင်လှုပ်ခတ်တဲ့ ဗီဒီယိုနဲ့ နောက်တစ်ခုက ကွန်ပျူတာနည်းပညာအသုံးပြုပြီး ငလျင်ပုံစံတူဖန်တီးထားတဲ့ဗီဒီယိုတွေ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် လင်းဂေါင်ခရိုင်က မိုးမျှော်တိုက်ဖြိုဖျက်မှု
အထပ်မြင့်အဆောက်အအုံတစ်ခု မြေပြင်ပေါ်ကို ပြိုကျလာတာ မြင်တွေ့ရတဲ့ ပထမဗီဒီယိုကို ၂၀၂၀ ခုနှစ်က တရုတ်အင်တာနက်လူမှုကွန်ရက် Meipian မှာ အစိုးရထုတ်ပြန်ချက်တွေကိုမျှဝေလေ့ရှိတဲ့စာမျက်နှာတစ်ခုက ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။ (archived link)
ဒီပို့စ်နဲ့အတူ တရားမဝင်ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖြိုဖျက်နေမှုကို ရှုထောင့်အမျိုးမျိုးကရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း ဖော်ပြထားပါတယ်။ ဒီဖြိုချဖျက်ဆီးမှုကို တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ၊် Lingao ခရိုင်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီ Meipian ပို့စ်မှာ ဖော်ပြခဲ့တဲ့ ဗီဒီယိုတွေထဲက တစ်ခုဟာ မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုရဲ့နောက်ပိုင်းမှာ မြင်တွေ့ရတဲ့ မြင်ကွင်းတွေနဲ့ ကိုက်ညီနေပါတယ်။
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ပို့စ်ကဗီဒီယိုကမြင်ကွင်း (ဘယ်) ကို Meipian မှာ ဖော်ပြထားတဲ့ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာကို တွေ့နိုင်ပါတယ်။
ဒီအဆောက်အအုံဖြိုဖျက်တဲ့သတင်းကို တရုတ်မီဒီယာတွေက ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ သတင်းဖော်ပြထားပါတယ်။ (archived links here and here).
၂၀၂၁ ခုနှစ် ကူမင်းမြို့က မိုးမျှော်တိုက်ဖြိုဖျက်မှု
အလားတူ တတိယနဲ့ စတုတ္ထ ဗီဒီယိုတွေမှာလည်း အထပ်မြင့်အဆောက်အအုံတွေ မြေပြင်ပေါ် တပြိုင်တည်း ပြိုကျသွားတာကို တွေ့ရပါတယ်။ အလယ်မှာတထီးတည်းကျန်ခဲ့တဲ့ အဆောက်အအုံတစ်ခုကို ဖုန်မှုန့်တွေက လွှမ်းခြုံသွားခဲ့ပါတယ်။
ဒီဗီဒီယိုထဲကမြင်ကွင်းတွေကို အသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်က တရုတ်နိုင်ငံမြောက်ပိုင်း၊ ကူမင်းပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ အဆောက်အအုံဖြိုဖျက်မှုအကြောင်း ရေးသားထားတဲ့ USA Today ရဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကိုတွေ့ရှိခဲ့ပါတယ်။ (archived link)
၁၅ လွှာရှိတဲ့ အဲဒီအဆောက်အအုံကို လူနေထိုင်ဖို့ရည်ရွယ်ပြီးဆောက်လုပ်ခဲ့ပေမယ့် ပြီးစီးမှုမရှိခဲ့ဘူးလို့ တရုတ်သတင်းဌာန Global Times က ဆိုပါတယ်။ (archived link)
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ဗီဒီယို (ဘယ်) ကို USA Today ရဲ့ ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။
ဒီဖြိုဖျက်မှုအကြောင်းသတင်းတွေကို ဗီဒီယိုမူပိုင်ခွင့်ရောင်းချတဲ့သတင်းဌာန Newsflare နဲ့ The Indian Express တို့ကလည်း ဖော်ပြခဲ့ပါတယ်။ (archived links here and here).
၂၀၁၅ ခုနှစ် Xi’an က အဆောက်အအုံဖြိုဖျက်မှု
ပဉ္စမဗီဒီယိုမှာ စက္ကန့်ပိုင်းအတွင်း ပြိုကျပျက်စီးသွားတဲ့ အထပ်မြင့်အဆောက်အအုံတစ်ခုကို အနီးကပ်ရိုက်ကူးထားတာကို တွေ့ရပါတယ်။
ဗီဒီယိုထဲက ရုပ်ပုံတွေကိုအသုံးပြုပြီး Baidu မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ တရုတ်သတင်းဌာန CCTV+ က ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ဒီဗီဒီယိုကို တွေ့ရပါတယ်။ (archived link)
အညွှန်းစာအရ အဲဒီဗီဒီယိုဟာ Shaanxi ပြည်နယ်အနောက်တောင်ပိုင်း Xi’an မြို့က လူအသုံးပြုမှုမရှိတဲ့ ၂၆ လွှာအဆောက်အအုံတစ်ခုကို ဖြိုဖျက်ခဲ့တဲ့ မှတ်တမ်းဖြစ်တယ်လို့ ဆိုပါတယ်။
အဆောက်အအုံဖြိုဖျက်မှုကိုလုပ်ဆောင်ခဲ့တဲ့ ကုမ္ပဏီရဲ့နာမည်နဲ့ဆိုင်းဘုတ်ကိုလည်း ဒီဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ပို့စ် (ဘယ်) ကို CCTV+ က ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။
ဒီဗီဒီယိုကို China Global Television Network ကလည်း ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။ (archived link)
တူရကီငလျင်
နောက်ထပ်ဗီဒီယိုတစ်ခုမှာ လေးထပ်အဆောက်အအုံတစ်ခုပြိုကျလာချိန် အပျက်အဆီးတွေကြား ဘေးလွတ်ရာကိုထွက်ပြေးနေကြတဲ့ လူတွေကို တွေ့ရပါတယ်။
ဒီဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေကို အသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါ တူရကီသတင်းဌာနတစ်ခုဖြစ်တဲ့ MHA Haber က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှာ ဖော်ပြထားတဲ့ ဒီ YouTube ဗီဒီယိုကို တွေ့ရပါတယ်။ (archived link)
ဒီဗီဒီယိုရဲ့ခေါင်းစီးအရ တူရကီငလျင်လှုပ်ခတ်မှုမှာ အပြင်းထန်ဆုံးထိခိုက်ခဲ့တဲ့ အက်ဒီယာမန်မြို့မှာ အဆောက်အအုံတစ်ခုပြိုကျခဲ့တာကို ရိုက်ကူးထားတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ၁၉၃၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ထိ စံချိန်တင် အပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့ပါတယ်။ အဲဒီငလျင်ကြောင့် နိုင်ငံတွင်း အသစ်ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေပါ ပြိုကျပျက်စီးခဲ့ပြီး အခြေခံအဆောက်အအုံဆောက်လုပ်မှု စံချိန်စံညွှန်း ညံ့ဖျင်းမှုကို သိသာစေခဲ့ပါတယ်။
အစိုးရထုတ်ပြန်ချက်အရ အဆောက်အအုံပေါင်း ၁၂,၀၀၀ ကျော်ပျက်စီးခဲ့ပြီး ဒီအပျက်အစီးတွေထဲမှာ လွန်ခဲ့တဲ့ခြောက်လခန့်ကဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံအသစ်တွေပါဝင်နေပါတယ်။
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို MHA Haber ရဲ့ ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။
အခြားဒေသတွင်းသတင်းမီဒီယာတွေကလည်း ဒီဗီဒီယိုကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖော်ပြထားပါတယ်။ (archived links here and here)
ပုံစံတူဖန်တီးထားတဲ့ ငလျင်ဗီဒီယို
အဖြူရောင်အဆောက်အအုံတစ်ခု လှုပ်ခါနေတဲ့ ဗီဒီယိုပါမြင်ကွင်းတွေကို အသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာ မျှဝေထားတဲ့ ဒီ YouTube ဗီဒီယိုကို တွေ့ရှိခဲ့ပါတယ်။ (archived link)
အဲဒီအကောင့်ဟာ ဗီဒီယိုဂိမ်းတွေကို တည်းဖြတ်တယ်လို့ ဆိုထားပြီး အဲဒီမှာဖော်ပြထားတဲ့ဗီဒီယိုမှာတော့ Teardown နဲ့ Minecraft ဂိမ်းတွေရဲ့နာမည် Hashtag တွေကို ရေးသားဖော်ပြထားပါတယ်။ အဲဒီဂိမ်းတွေဟာ ငလျင်အစရှိတဲ့သဘာဝဘေးဖြစ်စဉ်တွေကို ပုံစံတူဖန်တီးပြုလုပ်နိုင်တဲ့ဂိမ်းတွေ ဖြစ်ပါတယ်။ (archived links here and here)
ဒီဗီဒီယိုအပြင် အခြားငလျင်လှုပ်ခတ်မှုကို ပုံစံတူဖန်တီးထားတဲ့ ဗီဒီယိုတွေကိုလည်း ဒီအကောင့်မှာ မျှဝေထားပါတယ်။ (archived link)
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ဗီဒီယို (ဘယ်) ကို ၂၀၂၂ ခုနှစ်က YouTube ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။
ဒီအကောင့်ပိုင်ရှင်ကလည်း ဒီဗီဒီယိုဟာ စစ်မှန်တဲ့ငလျင်လှုပ်ခတ်မှုကမဟုတ်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးနေ့က ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုနဲ့ ပက်သက်တဲ့မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်