၂၀၁၁ ခုနှစ်က ဂျပန်မှာ အိမ်တွေနဲ့လယ်မြေတွေကိုဝါးမျိုသွားတဲ့ ဆူနာမီဗီဒီယိုကို ၂၀၂၄ ခုနှစ် ဂျပန်ငလျင်အဖြစ် မှားယွင်းဖော်ပြ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 ဇန်နဝါရီ 2024 အချိန် 09h29
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Chayanit ITTHIPONGMAETEE, AFP ထိုင်း
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်က ဂျပန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီရိုက်ခတ်မှုမြင်ကွင်းလို့ မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေရာချီ ကြည့်ရှုခဲ့ကြပါတယ်။ ဗီဒီယိုထဲမှာ အဆောက်အအုံနဲ့ လယ်ယာမြေတွေကို ကြောက်မက်ဖွယ်ရေလှိုင်းတွေက တိုက်စား ဝါးမျိုသွားတာ မြင်တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးနေ့က ဂျပန်မှာ အင်အား ၇ ဒဿမ ၅ မဂ္ဂနီကျုရှိတဲ့ ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်ခဲ့ပြီး တစ်မီတာကျော်ကျော်မြင့်တဲ့ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် အခုလို ဗီဒီယိုပျံ့နှံ့လာခဲ့တာပါ။ တကယ်တမ်း အဲဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၁၁ ခုနှစ်၊ မတ်လက ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အင်အားအားပြင်းငလျင်နဲ့ ဆူနာမီရေလှိုင်းတွေကြောင့် ဂျပန်နိုင်ငံ၊ မီယာဂီခရိုင်မှာ လယ်မြေ၊ အိုးအိမ်တွေပျက်စီးခဲ့တဲ့ မြင်ကွင်းကို မှတ်တမ်းတင်ထားတဲ့ဗီဒီယိုအဟောင်း ဖြစ်ပါတယ်။ 

၁ မိနစ်ကျော်ကျော်ကြာမြင့်တဲ့ ဗီဒီယိုကို “ဂျပန်ဆူနာမီ” ဆိုတဲ့ စာသားနဲ့အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။ 

ဝေဟင်ကနေရိုက်ကူးထားတဲ့ အဲဒီဗီဒီယိုထဲမှာ ကြီးမားတဲ့ရေလှိုင်းကြီးတွေက အဆောက်အအုံတွေနဲ့ လယ်ယာမြေတွေကို တိုက်စား၊ ဖျက်ဆီးသွားတာ တွေ့မြင်ရပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်း (Honshu)၊ အိရှိခါဝါ (Ishikawa) စီရင်စုမှာ့ အင်အား ၇ ဒဿမ ၅ မဂ္ဂနီကျုရှိတဲ့ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့တဲ့နောက် အခုလို ဗီဒီယိုအဟောင်း အင်တာနက်လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တာပါ။ 

ငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၂၂၂ ဦး သေဆုံးခဲ့ပြီး ထောင်ချီတဲ့လူတွေဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီရေလှိုင်းတွေလည်း ဖြစ်ပေါ်ခဲ့သလို ဝါဂျီမာ (Wajima) ပင်လယ်ဆိပ်ကမ်းမှာ ၄ ပေအမြင့်ရှိတဲ့ဆူနာမီလှိုင်းနဲ့၊ ရှီခ (Shika) နျူကလိယားစက်ရုံကမ်းခြေမှာ ၁၀ ပေ အမြင့်ရှိတဲ့ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က ရိုက်ယူထားတဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို TikTok ဒီလင့်ခ်မှာလည်း မျှဝေထားပါတယ်။

အလားတူ ဒီဗီဒီယိုကို ထိုင်းဘာသာစကားနဲ့လည်း TikTok ဒီလင့်ခ်ဒီလင့်ခ်တွေမှာ မျှဝေထားကြပြီး အကြိမ်ရေသိန်းချီ ကြည့်ရှုခဲ့ကြပါတယ်။ 

ဒါပေမဲ့ ဒီဗီဒီယိုက ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးနေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ငလျင် မဟုတ်ပါဘူး။ 

၂၀၁၁ ဂျပန်ဆူနာမီ

ဗီဒီယိုမှာပါဝင်တဲ့အဓိကမြင်ကွင်းတွေကို အသုံးပြုပြီး Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်က Associated Press သတင်းအေဂျင်စီရဲ့ YouTube စာမျက်နှာ ဒီလင့်ခ်မှာတင်ထားတဲ့ ဗီဒီယိုကို တွေ့ရပါတယ်။ (archived link)

ဗီဒီယိုရဲ့ခေါင်းစီးမှာ “ဗီဒီယိုမူကြမ်း - ဂျပန်နိုင်ငံ၊ အရှေ့မြောက်ပိုင်းကို ဆူနာမီလှိုင်း ရိုက်ခတ်” ဆိုပြီး ရေးသားထားပါတယ်။ ဗီဒီယိုရဲ့အညွှန်းစာမှာတော့ “ပြင်းထန်ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆူနာမီရေလှိုင်းသည် ဂျပန်နိုင်ငံ၊ အရှေ့မြောက်ကမ်းခြေရှိ အဆောက်အအုံများအား ရိုက်ခတ်ဝါးမျိုသွားခဲ့သည် (မတ်လ ၁၁ ရက်)” ဆိုပြီး ဖော်ပြပါတယ်။ 

ဂျပန်ရုပ်သံဌာန NHK က ထုတ်လွှင့်ခဲ့တဲ့ ၄၈ မိနစ်ကြာ ရှည်လျားတဲ့မှတ်တမ်းဗီဒီယိုမှာလည်း အဲဒီဗီဒီယိုကို ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ မှတ်တမ်းဗီဒီယိုရဲ့အညွှန်းစာမှာတော့ “၃/၁၁။ ဆူနာမီ၊ ပထမသုံးရက်” ဆိုပြီး ရေးသားထားပါတယ်။ (archived link)

အဲဒီမှတ်တမ်းဗီဒီယိုကို NHK ရုပ်သံက ၂၀၁၁ ခုနှစ် ဂျပန်ဆူနာမီဖြစ်စဉ် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က ကြောက်မက်ဖွယ်ရာ ငလျင်ကြောင့် ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၈,၅၀၀ ခန့် သေဆုံး၊ ပျောက်ဆုံးခဲ့သလို ဖူကူရှီးမားနျူကလိယားစက်ရုံ ထိခိုက်ခဲ့ပါတယ်။ 

မှားယွင်းတဲ့ပို့စ်တွေမှာ ဖော်ပြထားတဲ့ ဗီဒီယိုကို NHK ရုပ်သံရဲ့ မှတ်တမ်းဗီဒီယို ၁၇ မိနစ် ၀၇ စက္ကန့်မှာ တွေ့ရပါတယ်။ အဲဒီမြင်ကွင်းကို ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက် ညနေ ၃ နာရီ ၅၄ မိနစ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး NHK သတင်းအစီအစဉ်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ 

ရုပ်သံဗီဒီယိုရဲ့ ၁၈ မိနစ် ၇ စက္ကန့်မှာတော့  ဂျပန်လို နောက်ခံစကားပြောထားတာ ကြားရပြီး အင်္ဂလိပ်လို ဘာသာပြန်စာတန်းလည်း ထိုးထားပါတယ်။ 

“ဆူနာမီက အိမ်တွေကို တိုက်စားနေပါပြီ။ အဆောက်အအုံတွေ ပျက်စီးသွားပြီ။ ဆူနာမီက လယ်ကွင်းတွေကိုလည်း လွှမ်းသွားပါပြီ။ ကားတွေ .. အိမ်တွေ..။ အနက်ရောင်ရေလှိုင်းကြီးတွေက အိမ်တွေ၊ လယ်တွေကို ဝါးမျိုသွားပြီ။ ဒါက နာတိုရိ(Natori)မြစ်ဝအနီးမှာ ဖြစ်နေတာပါ” ဆိုပြီး ဂျပန်လို ပြောဆိုထားတာ ကြားရပါတယ်။ 

နာတိုရိမြစ်ဟာ ဂျပန်နိုင်ငံ၊ အရှေ့မြောက်ကမ်းခြေ၊ မီယာဂီခရိုင်၊ ဆန်ဒိုင်း (Sendai)မြို့အနီးမှာ ရှိပါတယ်။ (archived link).

မှားယွင်းတဲ့ပို့စ်က ဗီဒီယိုပါ မြင်ကွင်းတွေ (ဘယ်) နဲ့ NHK မှတ်တမ်းဗီဒီယိုမှာ ပါဝင်တဲ့ ဗီဒီယိုပါမြင်ကွင်းတွေကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။  

Image
မှားယွင်းတဲ့ပို့စ်က ဗီဒီယိုပါ မြင်ကွင်းတွေ (ဘယ်) နဲ့ NHK မှတ်တမ်းဗီဒီယိုမှာ ပါဝင်တဲ့ ဗီဒီယိုပါမြင်ကွင်းတွေကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

၂၀၂၄ ခုနှစ်၊ ဂျပန်ငလျင်နဲ့ ပတ်သက်ပြီး မှားယွင်းပြောဆိုထားတဲ့ပို့စ်တွေကို AFP က အချက်အလက်စိစစ်ထားပြီး ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်