၂၀၂၁ ခုနှစ်က ဂျပန်မှာ မြေပြိုတဲ့ဗီဒီယိုကို ၂၀၂၄ ဂျပန်ငလျင်နောက်ဆက်တွဲအပျက်အစီးတွေအဖြစ် မှားယွင်းဖော်ပြ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်လို့ မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ မျှဝေခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးနေ့က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တစ်မီတာကျော်ကျော်မြင့်တဲ့ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် အခုလို ဗီဒီယိုပျံ့နှံ့လာခဲ့တာပါ။ တကယ်တမ်း အဲဒီ ဗီဒီယိုဟာ ၂၀၂၁ ခုနှစ်က ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းခြေမြို့ဖြစ်တဲ့ Atami မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့တဲ့ဗီဒီယိုသာ ဖြစ်ပါတယ်။ 

၄၇ စက္ကန့်ကြာ ဗီဒီယိုကို “ဂျပန် ဆူနာမီ ကပ်ဆိုးကြီးတေလာနေပီ”(မူရင်းအတိုင်း) ဆိုတဲ့စာသားနဲ့အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။ 

ဗီဒီယိုထဲမှာ ဧရာမရွှံ့စီးကြောင်းကြီးနဲ့အတူ မျှောပါလာတဲ့အပျက်အစီးအပိုင်းအစတွေဟာ တောင်စောင်းမှာရှိတဲ့အဆောက်အအုံတွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို တိုက်ဖြိုဖျက်ဆီးသွားတာ မြင်ရပါတယ်။

Image
မှားယွင်းတဲ့ Facebook ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က ရိုက်ယူထားတဲ့ Screenshot

ဇန်နဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်း (Honshu)၊ အိရှိခါဝါ (Ishikawa) စီရင်စုမှာ အနည်းဆုံးလူ ၆၂ ဦးသေဆုံးခဲ့တဲ့ အင်အား ၇ ဒဿမ ၅ မဂ္ဂနီကျုရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တဲ့နောက် အခုလို ဗီဒီယိုအဟောင်း အင်တာနက်လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တာပါ။ 

ငလျင်ကြောင့် တစ်မီတာကျော်ကျော်မြင့်တဲ့ ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်ခဲ့သလို အကြီးစားမီးလောင်မှုနဲ့ လမ်းတွေတွန့်ခေါက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ငလျင်နောက်ဆက်တွဲအဖြစ် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးခဲ့ကြပါတယ်။ 

အိရှိခါဝါ (Ishikawa) စီရင်စု၊ Wajima မြို့ဆိပ်ကမ်းကို ၄ ပေ (၁ ဒဿမ ၂ မီတာ) အမြင့်ရှိတဲ့ရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပြီး ဆူနာမီအသေးစားတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့လှိုင်းတွေဖြစ်ပေါ်နိုင်ခြေမရှိတာကြောင့် ဆူနာမီသတိပေးချက်တွေကို ဇန်နဝါရီ ၂ ရက်မှာ ဂျပန်အာဏာပိုင်တွေက ရုတ်သိမ်းခဲ့ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို Facebook ဒီလင့်ခ်မှာလည်း တင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဗီဒီယိုမှာ မြင်ရတာကတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ဂျပန်နိုင်ငံ၊ Atami မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုပဲ ဖြစ်ပါတယ်။

Atami မြို့ဟာ ဂျပန်နိုင်ငံ၊ အရှေ့ပိုင်းမှာ တည်ရှိပြီး မကြာသေးခင်က ငလျင်လှုပ်ခတ်ခဲ့တဲ့ Noto ကျွန်းဆွယ်နဲ့ မိုင် ၂၀၀ ကျော် (၃၂၀ ကီလိုမီတာ) အကွာမှာ တည်ရှိပါတယ်။ 

ရွှံ့စီးကြောင်းနဲ့ အပျက်အစီးတွေ

အလားတူမှားယွင်းပြောဆိုထားတဲ့ဗီဒီယိုကို အင်္ဂလိပ်ဘာသာစကားနဲ့ X (Twitter) ဒီလင့်ခ်မှာ ဖော်ပြခဲ့ကြပြီး တကယ်တမ်းဒီဗီဒီယိုဟာ ၂၀၂၁ ခုနှစ်က မြေပြိုမှုဖြစ်တဲ့အကြောင်း X အသုံးပြုသူတွေက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်က အဆာဟိရှင်ဘွန်း ဂျပန်သတင်းဌာနကတင်ခဲ့တဲ့ ဒီ YouTube ဗီဒီယိုနဲ့အတူ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။ (archived link

ဗီဒီယိုရဲ့ခေါင်းစီးမှာ “Atami မြို့၊ မြေပြိုတဲ့အခိုက်အတံ့ကို  မြို့ခံတွေ ရိုက်ကူးထားတဲ့ ဗီဒီယို” ဆိုပြီး ရေးသားထားပါတယ်။

ဗီဒီယိုရဲ့အညွှန်းစာမှာ အဆာဟိရှင်ဘွန်းသတင်းတစ်ပုဒ်ကိုလည်း တွဲဖက်ဖော်ပြထားပြီး အဲဒီသတင်းမှာ ‘Atami မြို့မှာ နေ့ရက်ဆက် မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီးနောက် ရွှံ့မြေပြိုကျမှုဖြစ်ပေါ်ခဲ့တဲ့အတွက် လူနှစ်ဦးသေဆုံးခဲ့ပြီး ၂၀ ဦးခန့် ပျောက်ဆုံးနေတယ်” လို့ ရေးသားထားပါတယ်။ (archived link

ဒီ AFP သတင်းမှာ ဖော်ပြထားသလို အဲဒီအချိန်ဟာ ဂျပန်နိုင်ငံရဲ့မိုးရာသီဖြစ်ပြီး ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်တဲ့အတွက် အရေးပေါ်ပြောင်းရွှေ့ဖို့အသိပေးချက်တွေကို ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ 

မှားယွင်းတဲ့ပို့စ်က ဗီဒီယိုပါ မြင်ကွင်းတွေ (ဘယ်) နဲ့ အဆာဟိရှင်ဘွန်းသတင်းဌာနက ဗီဒီယို (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်က ဗီဒီယိုပါ မြင်ကွင်းတွေ (ဘယ်) နဲ့ အဆာဟိရှင်ဘွန်းသတင်းဌာနက ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

ဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေကို အသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါမှာလည်း အလားတူမြင်ကွင်းတွေပါဝင်တဲ့ ဓာတ်ပုံတွေကို သြစတြေးလျသတင်းဌာန 9News ရဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်က မြေပြိုမှုအကြောင်းသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ (archived link)

ဗီဒီယိုရိုက်ကူးခဲ့နေရာကို Google Street View ဓာတ်ပုံတွေအသုံးပြုပြီး AFP က အတည်ပြုခဲ့ပါတယ်။ 

ဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေဟာ Google Street View ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ မြင်တွေ့ရတဲ့ Atami မြို့၊ Izusan ဆိပ်ကမ်းဆီဦးတည်နေတဲ့ တောင်ကမူဧရိယာမြင်ကွင်းတွေနဲ့ ကိုက်ညီမှုရှိပါတယ်။ (archived links here, here, here, here and here)

မြေပြိုတဲ့ဗီဒီယို (ဘယ်) နဲ့ Google Street View ဓာတ်ပုံတွေ (ညာ) တို့ရဲ့ ကိုက်ညီတဲ့နေရာတွေကို အမှတ်အသားတွေနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ 

Image
Image
Image
မြေပြိုတဲ့ဗီဒီယို (ဘယ်) နဲ့ Google Street View ဓာတ်ပုံတွေ (ညာ) တို့ရဲ့ ကိုက်ညီတဲ့နေရာတွေကို အမှတ်အသားပြ နှိုင်းယှဉ်ထားတဲ့ Screenshot

၂၀၂၄ ခုနှစ်၊ ဂျပန်ငလျင်နဲ့ ပတ်သက်ပြီး မှားယွင်းပြောဆိုထားတဲ့ပို့စ်တွေကို AFP က အချက်အလက်စိစစ်ထားပြီး ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်