၂၀၂၄ ဂျပန်ငလျင်လို့ပြောဆိုထားတဲ့ ၂၀၁၁ ခုနှစ်က ဂျပန်ဆူနာမီဖြစ်စဉ် ဗီဒီယိုအဟောင်း ပျံ့နှံ့

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဂျပန်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်လို့ မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ ဗီဒီယိုထဲမှာ ကမ်းခြေမှာရှိတဲ့ လှေတွေ၊ ကားတွေကို ဆူနာမီရေလှိုင်းကြီးက  ကြောက်မက်ဖွယ် ရိုက်ခတ်ပြီး ဝါးမျိုသွားတာ တွေ့ရပါတယ်။ လတ်တလော ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးနေ့က ဂျပန်မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဂျပန်နိုင်ငံမှာ တစ်မီတာကျော်ကျော်မြင့်တဲ့ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်ခဲ့တာရှိပေမယ့် အခုပျံ့နှံ့နေတဲ့ဗီဒီယိုကတော့ ၂၀၁၁ ခုနှစ်ကတည်းက ဂျပန်ငလျင်နဲ့ဆူနာမီရေလှိုင်းဖြစ်စဉ်ကို ရိုက်ကူးခဲ့တဲ့ဗီဒီယိုအဟောင်းသာ ဖြစ်ပါတယ်။ 

ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က Facebook ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၇၅၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။ 

ဗီဒီယိုရဲ့အညွှန်းစာမှာတော့ “ ဂျပန်နိုင်ငံ ရစ်ချက်တာစကေး ၇.၆ ငလျင် ကြမ်းချက်ကတော့ ဂျပန်နိုင်ငံ ၏ အနောက်ဘက်ကမ်းခြေများတွင်  ငလျင်၏ နောက်ဆက်တွဲ အဖြစ် ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်ဟု ဆို...” (မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။ 

ဗီဒီယိုထဲမှာ ကြီးမားတဲ့ဆူနာမီလှိုင်းတွေက ကမ်းခြေမှာရပ်နားထားတဲ့ လှေတွေ၊ ကားတွေကို ကမ်းရိုးတန်းလမ်းမတောက်လျှောက် ရိုက်ပုတ်ဝါးမျိုသွားတာ တွေ့ရပါတယ်။ 

‘ပင်လယ်ဘက်က ရေတွေ တိုးဝင်လာတဲ့အတွက် အဆောက်အအုံရဲ့မြေညီထပ် ရေနစ်နေပြီ’လို့ ဂျပန်လိုပြောဆိုတဲ့အသံကိုလည်း ဗီဒီယိုမှာ ကြားရပါတယ်။ 

ဇန်နဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်း (Honshu)၊ အိရှိခါဝါ (Ishikawa) စီရင်စုမှာ အနည်းဆုံးလူ ၆၂ ဦးသေဆုံးခဲ့တဲ့ အင်အား ၇ ဒဿမ ၅ မဂ္ဂနီကျုရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တဲ့နောက် အခုလို ဗီဒီယိုအဟောင်း အင်တာနက်လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တာပါ။ 

ငလျင်ကြောင့် တစ်မီတာကျော်ကျော်မြင့်တဲ့ ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်ခဲ့သလို အကြီးစားမီးလောင်မှုနဲ့ လမ်းတွေတွန့်ခေါက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်က ရိုက်ယူထားတဲ့ Screenshot

ဗီဒီယိုဟာ မြန်မာနိုင်ငံမှာတင် ပျံ့နှံ့တာမဟုတ်ဘဲ ဂရိအိန္ဒိယဂျပန်ကိုရီးယားပါကစ္စတန်စင်္ကာပူထိုင်းအမေရိကန်ပြည်ထောင်စုက FacebookX (Twitter)TikTokYouTube စတဲ့ အင်တာနက်လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ဘာသာစကားအမျိုးမျိုးနဲ့ ပျံ့နှံ့ခဲ့ပါတယ်။  

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။ 

ဒါပေမဲ့ ဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေကို အသုံးပြုပြီး Google ပေါ် ရာဇဝင်ရှာကြည့်တဲ့အခါမှာတော့ တကယ်တမ်း အဲဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၁၁ ခုနှစ်၊ မတ်လက ဂျပန်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ၉ ဒသမ သုည မဂ္ဂနီကျုပြင်းအားရှိတဲ့ငလျင်နဲ့ နောက်ဆက်တွဲဆူနာမီရေလှိုင်းတွေကြောင့် ထိခိုက်ပျက်စီးမှုတွေကို မှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယိုဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီတုန်းက ငလျင်နဲ့ဆူနာမီကြောင့် ဂျပန်မှာ လူပေါင်း ၁၈,၅၀၀ ဝန်းကျင် သေဆုံး၊ ပျောက်ဆုံးခဲ့ပါတယ်။ 

ဗီဒီယိုအဟောင်း

မူလဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က ANN  ဂျပန်ရုပ်သံဌာန YouTube ဒီလင့်ခ်မှာ ၂၀၁၁ ခုနှစ် ဂျပန်ဆူနာမီမှတ်တမ်းအဖြစ် ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ပို့စ်အမှားတွေမှာတွေ့ရတဲ့ ဗီဒီယိုကတော့ မူရင်းဗီဒီယိုရဲ့ ၀၃:၁၈ အချိန်ကနေ ၀၄:၀၈ အထိ ဖြတ်တောက် တည်းဖြတ်ထားတာ ဖြစ်ပါတယ်။ (archived link

ANN ရုပ်သံဌာနရဲ့ ဗီဒီယိုအညွှန်းစာမှာ “ဆူနာမီ၊ အရှေ့ဂျပန်ငလျင်ကြီး” ဆိုပြီး ရေးသားဖော်ပြထားသလို ဗီဒီယိုကို ဂျပန်နိုင်ငံ၊ ကျွန်းမကြီး အရှေ့ဘက်ကမ်းခြေ၊ Iwate စီရင်စုမှာရှိတဲ့ Miyako မြို့မှာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။  

မှားယွင်းတဲ့ပို့စ်တွေမှာ ဖော်ပြထားတဲ့ဗီဒီယို (ဘယ်) နဲ့ ANN ရုပ်သံဌာန YouTube မှာ ဖော်ပြထားတဲ့ ဗီဒီယို (ညာ) ရဲ့ကိုက်ညီတဲ့အချက်တွေကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်တွေမှာပါဝင်တဲ့ဗီဒီယို (ဘယ်) နဲ့ ANN ရုပ်သံဌာန YouTube မှာ ဖော်ပြထားတဲ့ ဗီဒီယို (ညာ) တို့ရဲ့ကိုက်ညီတဲ့အချက်တွေကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

ဒါအပြင် အဲဒီ၂၀၁၁ ခုနှစ် ဆူနာမီလှိုင်းဖြစ်စဉ်ကို တူညီတဲ့ရှုထောင့်ကနေရိုက်ကူးထားတဲ့ ဓာတ်ပုံကို AFP ကလည်း ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။ 

ပုံရဲ့အညွှန်းစာမှာ “ဂျပန်နိုင်ငံမြောက်ပိုင်းဒေသတွင် ၉ ဒဿမ သုည မဂ္ဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး များမကြာမီ တာတမံဘောင်ကို ကျော်လွန်၍ Miyako မြို့ထဲသို့ စီးဝင်လာသည့်  ဆူနာမီရေလှိုင်းများကို ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်က မှတ်တမ်းတင်ရိုက်ကူးပြီး၊ မတ်လ ၁၈ ရက်မှာ ထုတ်လွှင့်ဖော်ပြခဲ့သည့် ဓာတ်ပုံ” ဆိုပြီး ရေးထားပါတယ်။  

ဗီဒီယိုရဲ့တည်နေရာဟာ Google Street View မှာတွေ့ရတဲ့ Miyako မြို့က ဓာတ်ပုံတွေနဲ့လည်း ကိုက်ညီနေတာ တွေ့ရပါတယ်။ (archived link

ပို့စ်အမှားတွေမှာပါဝင်တဲ့ ဗီဒီယိုထဲက မြင်ကွင်း (ဘယ်) နဲ့ Google Street View မြင်ကွင်း (ညာ) တို့ရဲ့ ကိုက်ညီတဲ့အဆောက်အအုံတွေကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။ 

Image

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်