ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးကို ဂျပန်ရဲတွေ ဖမ်းဆီးပြီး နိုင်ငံက မောင်းထုတ်လိုက်တယ်ဆိုတဲ့ ဗီဒီယိုအမှား ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 ဒီဇင်ဘာ 2023 အချိန် 10h43
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ဂျပန်နိုင်ငံကိုသွားရောက်ခဲ့တဲ့ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဂျပန်ရဲတွေက ဖမ်းဆီးပြီး နိုင်ငံကနေ နှင်ထုတ်လိုက်တယ်လို့ မှားယွင်းပြောဆိုထားတဲ့ TikTok ဗီဒီယိုတစ်ခုကို အကြိမ်ရေသောင်းချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒေါ်ဇင်မာအောင်ဟာ ဂျပန်နိုင်ငံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းက သွားရောက်ခဲ့ပြီး ဂျပန်မှာရှိတဲ့မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တဲ့နောက် အခုလိုဗီဒီယိုအမှား အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာပါ။ ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးတာဝန်ရှိသူတစ်ဦးက ဒေါ်ဇင်မာအောင်ကို ဂျပန်နိုင်ငံကနေ မောင်းထုတ်လိုက်တယ်ဆိုတဲ့ ဖြစ်စဉ်မရှိဘူးလို့ AFP ကို ပြောပါတယ်။ တကယ်တော့ ဗီဒီယိုမှာ မြင်တွေ့ရတာဟာ ဒေါ်ဇင်မာအောင်ကို ဂျပန်ရဲတွေ ဖမ်းဆီးနေတာမဟုတ်ဘဲ မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံပွဲမှာ သူ့အတွက် လုံခြုံရေးယူပေးသူတွေသာ ဖြစ်တယ်လို့ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးရုံးတာဝန်ရှိသူနဲ့ TikTok ဗီဒီယိုကို ရိုက်ကူးခဲ့သူက AFP ကို ပြောပါတယ်။

၆ စက္ကန့် ကြာတဲ့ ဗီဒီယိုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က Facebook ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၅,၁၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။

ဗီဒီယိုနဲ့အတူ အောက်ပါအတိုင်း ရေးထားပါတယ်။

“ဝမ်းသာစရာ သတင်းကောင်း NUG အကြမ်းဖက်အဖွဲ ခေါင်းဆောင်တဦးဖြစ်တဲ့ (ဇင်မာအောင်ဆိုသူအမျိုးသမီး ) ဂျပန်မှာ စကားပြောပွဲလုပ်နေစဉ် ဂျပန်လျှိုဝှက်ရဲတပ်ဖွဲက ဝင်ရောက်ဖမ်းဆီးပြီး ဂျပန်နိူင်ငံကနေ နှင်ထုတ်လိုက်တယ်လိုသိရပါတယ်” (မူရင်းအတိုင်း)

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ရိုက်ယူထားတဲ့ screenshot

အဲဒီဗီဒီယိုကို မြန်မာစစ်တပ်ကိုထောက်ခံတဲ့ Kyaw Swar Telegram ချန်နယ် ဒီလင့်ခ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က တင်ခဲ့တာတွေ့ရပြီး အကြိမ်ရေ ၇၀,၈၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီ Telegram ချန်နယ်ဟာ မြန်မာနိုင်ငံက အာဏာသိမ်းမှုကိုဆန့်ကျင်သူတွေရဲ့ အချက်အလက်တွေကို ဖွင့်ချပြီး သူတို့ကိုဖမ်းဆီးအရေးယူဖို့ လှုံ့ဆော်တဲ့ပို့စ်တွေ တင်လေ့ရှိပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ ဗီဒီယိုကို Telegram ဒီလင့်ခ် အပြင်၊ Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း အလားတူမျှဝေခဲ့တာ တွေ့ရပါတယ်။

၂၀၂၁ ခုနှစ်မှာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို မြန်မာစစ်တပ်ကဖယ်ရှားပြီး အာဏာရယူခဲ့တဲ့နောက် ဖယ်ရှားခံရတဲ့ ပြည်ပရောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာစစ်တပ်က NUG အစိုးရကို “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာခဲ့တယ်လို့ ဒီ AFP သတင်းမှာ ဖော်ပြပါတယ်။ (archived link)

ဒါပေမဲ့ ဗီဒီယိုနဲ့အတူ ဖော်ပြထားတဲ့ အဆိုက မှားယွင်းပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်

ဒေါ်ဇင်မာအောင်ကို ဂျပန်နိုင်ငံကနေ မောင်းထုတ်ခဲ့တဲ့ ဖြစ်စဉ်မရှိဘူးလို့ ဂျပန်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါ်ဇင်မာအောင်ကို ဂျပန်နိုင်ငံအစိုးရက နယ်နှင်ဒဏ်ပေးလိုက်တယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ "မမှန်ပါဘူး” လို့ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာတာဝန်ရှိသူတစ်ဦးက AFP ကို ဒီဇင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးရုံး တာဝန်ရှိသူတစ်ဦးကလည်း အဲဒီအဆိုကို ငြင်းဆိုပါတယ်။

ဒေါ်ဇင်မာအောင်ဟာ ဖိတ်ကြားချက်တစ်ခုအရ ဂျပန်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံဘက်က ခွင့်ပြုပေးခဲ့သလို “ခရီးစဉ်တောက်လျှောက် လုံခြုံရေးပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိဘူး” လို့ သူက ဒီဇင်ဘာ ၂၆ ရက်မှာ AFP ကို ပြောပါတယ်။

“ဝန်ကြီးရဲ့ဘေးနားမှာ တွေ့ရတဲ့သူတွေဟာ NUG ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးက စီစဉ်ထားတဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ပိုရှည်လျားတဲ့ TikTok ဗီဒီယိုကို နိုဝင်ဘာ ၂၆ ရက်က ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။ ၁၂ စက္ကန့်ကြာတဲ့ အဲဒီဗီဒီယိုကို ရိုက်ကူးခဲ့သူက အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့အဆိုဟာ “သတင်းတု”ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ (archived link)

“အဲဒီဗီဒီယိုကို တွေ့ဆုံပွဲမှာ ကိုယ်တိုင်ရိုက်ခဲ့တာပါ” လို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှာ TikTok Message ကတဆင့် AFP ကို ပြောပါတယ်။

TikTok ဗီဒီယိုရဲ့အညွှန်းစာမှာ “#ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံပွဲလေး#အရေးတော်ပုံအောင်ရမည်” ဆိုပြီး ရေးထားပါတယ်။

မှားယွင်းဖော်ပြထားတဲ့ Telegram ဗီဒီယို (ဘယ်) နဲ့ TikTok ဗီဒီယို (ညာ)တို့ကို အောက်မှာ နှိုင်းယှဉ်ဖော်ပြထားပါတယ်။

Image
မှားယွင်းဖော်ပြထားတဲ့ Telegram ဗီဒီယို (ဘယ်) နဲ့ TikTok ဗီဒီယို (ညာ)တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က အိုဆာကာမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ၊ မြန်မာအရေးကိုထောက်ခံတဲ့ဂျပန်လူမျိုးတွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေ၊ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ (archived link)

ဒေါ်ဇင်မာအောင်ကလည်း အဆိုပါတွေ့ဆုံပွဲအကြောင်းကို နိုဝင်ဘာ ၃၀ ရက်က သူ့ရဲ့ X စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ (archived link)

Image
ဒေါ်ဇင်မာအောင်ရဲ့ X ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်က ရိုက်ကူးထားတဲ့ Screenshot

မြန်မာက တခြားသောအချက်အလက်စိစစ်တဲ့ဌာနတွေကလည်း မှားယွင်းတဲ့ဗီဒီယိုနဲ့ပတ်သက်လို့ ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ဆောင်းပါးတွေ ဖော်ပြခဲ့ကြပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်