"အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လေယာဥ်ပေါ်က ဆင်းသက်စဥ်ချော်လဲ" ဆိုတဲ့ ဗီဒီယို မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 ဒီဇင်ဘာ 2023 အချိန် 06h28
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Bill MCCARTHY, AFP USA, AFP ထိုင်း
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်က ပိုလန်နိုင်ငံ၊ ဝါဆောမြို့ကို သွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ Air Force One လေယာဥ်ပေါ်က အဆင်းမှာ ချော်လဲခဲ့တယ်လို့ မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို အင်တာနက်လူမှုကွန်ရက်ပေါ်မှာ အကြိမ်ကြိမ်ပြန်လည်မျှဝေနေကြပါတယ်။ ဒီအဆိုဟာ မှားယွင်းပါတယ်။ ဝါဆောကိုရောက်ရှိခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒန်ဟာ လေယာဥ်ရဲ့အခြားထွက်ပေါက်ကနေ အခက်အခဲမရှိ ဆင်းသက်ခဲ့တာကို အခြားဗီဒီယိုတွေမှာတွေ့ရပြီး ဒီဗီဒီယိုထဲက ချော်လဲသူဟာ သမ္မတဂျိုးဘိုင်ဒန်မဟုတ်ဘူးလို့ အိမ်ဖြူတော်ကအတည်ပြုပြောဆိုခဲ့ပါတယ်။

ဗီဒီယိုကို "အမေရိကန်သမ္မတ ဂျိုးဘန်ဒန် လေယာဥ်အဆင်းအတက် လှေကားပေါ်မှာ လိမ့်ကာကျ" (မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့အတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်က မျှဝေထားတဲ့ ဒီFacebook ပို့စ်မှာ ဖော်ပြခဲ့တာပါ။

Image
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

ဗီဒီယိုထဲမှာ လူတစ်ဦးဟာ လေယာဥ်အနောက်ထွက်ပေါက်နဲ့ ချိတ်ဆက်ထားတဲ့ လှေကားပေါ်ကနေ လျောကျသွားတာကိုတွေ့ရပါတယ်။

ဗီဒီယိုအောက်က ပိုလန်ဘာသာစကားစာတန်းထိုးအရ ဒီဗီဒီယိုကို သမ္မတဘိုင်ဒန်ရဲ့ လေယာဥ် ဝါဆောမြို့ Chopin လေဆိပ်ကိုဆိုက်ရောက်ခဲ့စဥ်မှာ ရိုက်ကူးခဲ့တာသိရပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ယူကရိန်းနိုင်ငံ၊ Kyiv မြို့ကိုမကြေညာဘဲ သွားရောက်ခဲ့ပြီးနောက် ခရီးတစ်ထောက်မှာ ပိုလန်နိုင်ငံကိုလည်း သွားရောက်ခဲ့တာဖြစ်ပါတယ်။ ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်မှု တစ်နှစ်မပြည့်ခင် ရက်အနည်းငယ်အလို ဒီဝါဆောမြို့ခရီးစဥ်မှာ သူက ကမ္ဘာ့တဝှမ်းက နိုင်ငံတွေရဲ့ ဒီမိုကရေစီဖြစ်စဉ်တွေကို ကာကွယ်သွားမှာဖြစ်ပြီး ယူကရိန်းနဲ့အတူ အခိုင်အမာရပ်တည်တဲ့အကြောင်း ထပ်ပြီးပြောကြားခဲ့ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို မြန်မာဘာသာစကားနဲ့ Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပြီး အင်္ဂလိပ်ဘာသာစပိန်ဘာသာရုရှားဘာသာတွေအပြင် ဒတ်ခ်ျဘာသာစကားနဲ့လည်း ပျံ့နှံ့ခဲ့ပါတယ်။

အသက် ၈၀ ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတဟာ၂၀၂၁ ခုနှစ်မှာ Air Force One လေယာဥ်ပေါ်အတက် ခလုတ်တိုက်လဲကျခဲ့တဲ့အပြင်၂၀၂၂ ခုနှစ်မှာလည်း စက်ဘီးပေါ်ကပြုတ်ကျခဲ့ဖူးပါတယ်။ အဲဒီ့ဖြစ်စဥ်တွေနောက်ပိုင်း သူ့အနေနဲ့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေအရ သမ္မတဝန်ကိုဆက်လက်ထမ်းဆောင်ဖို့မဖြစ်နိုင်တော့ဘူးလို့ အတိုက်အခံတွေက ပြောဆိုနေကြပြီး အခုလိုလှောင်ပြောင်မှုပို့စ်တွေလည်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်မှာလည်း သမ္မတဘိုင်ဒန်ဟာ ဝါဆောမြို့ကနေ ဝါရှင်တန်ကိုပြန်လည်မထွက်ခွာမီ လေယာဥ်ပေါ်အတက်မှာ အနည်းငယ် ခြေချော်ခဲ့ပါတယ်။

ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုမှာပါဝင်တဲ့ လေယာဥ်အဆင်း လှေကားပေါ်ချော်လဲခဲ့သူဟာ သမ္မတဘိုင်ဒန်မဟုတ်ဘူးလို့ အိမ်ဖြူတော်က AFP ကိုအတည်ပြုပြောဆိုပါတယ်။

"ဒီဗီဒီယိုထဲက ချော်လဲသူဟာ အမေရိကန်သမ္မတမဟုတ်ပါဘူး" လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Sean Savett က အီးမေးလ်ကတဆင့် AFP ကို ပြောပါတယ်။

AFP သတင်းဌာနရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေအပါအဝင် ABC News နဲ့ Sky News စတဲ့သတင်းဌာနတွေက တင်ပြထားတဲ့သတင်းဗီဒီယိုတွေမှာ သမ္မတဘိုင်ဒန်ဟာ ပိုလန်နိုင်ငံကိုဆိုက်ရောက်ချိန်မှာ လေယာဥ်ပေါ်ကနေတစ်ဦးတည်း အခက်အခဲမရှိ ဆင်းသက်ခဲ့တာကိုတွေ့ရပါတယ်။

သမ္မတဘိုင်ဒန်ဟာ လေယာဥ်ရဲ့အရှေ့ဘက်ထွက်ပေါက်နဲ့ချိတ်ဆက်ထားတဲ့ လှေကားကနေဆင်းသက်ခဲ့တာ ဖြစ်ပြီး Facebook ပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာလို လေယာဉ်ရဲ့အနောက်ပိုင်း ထွက်ပေါက်ကို အသုံးပြုခဲ့တာ မဟုတ်ပါဘူး။

Image
US President Joe Biden disembarks Air Force One at a military airport in Warsaw, Poland, on February 20, 2023 ( AFP / POOL / Evan Vucci)
Image
US President Joe Biden disembarks Air Force One at a military airport in Warsaw, Poland, on February 20, 2023 ( AFP / POOL / Evan Vucci)

 

 

ဂျော်ဂျီယာနိုင်ငံအခြေစိုက် အချက်အလက်စိစစ်ရေးဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Myth Detector က သမ္မတဘိုင်ဒန်ဆင်းသက်ဖို့ ဒုတိယလှေကားမချိတ်ဆက်မီ အမည်မသိလူတစ်ဦးဟာ အနောက်ဘက်လှေကားကနေ ချော်ကျခဲ့တာကို ပိုလန်ရုပ်သံလိုင်း TVN24 ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တွေ့ရကြောင်း ဆိုပါတယ်။

ဒီချော်လဲမှုဖြစ်ပွားခဲ့ပြီးနောက် ၄ မိနစ်ခန့်အကြာမှာ သမ္မတဘိုင်ဒန်ဟာလေယာဥ်ပေါ်ကနေဆင်းလာတာကို TVN24 ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တွေ့ရပါတယ်။ ABC News ရဲ့ Facebook တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း တူညီတဲ့အဖြစ်အပျက်တွေကို တွေ့နိုင်ပါတယ်။

Image
Screenshot from Facebook taken February 24, 2023, with elements outlined by AFP
Image
Screenshot from Facebook taken February 24, 2023, with elements outlined by AFP

 

 

CBS News ရဲ့ဖော်ပြချက်အရ Air Force One လေယာဉ့်ခေါင်းပိုင်းမှာ ရှိတဲ့ ထွက်ပေါက်ကို သမ္မတ၊ သမ္မတမိသားစုနဲ့ အထူးဧည့်သည်တွေအတွက်သာ သီးသန့်အသုံးပြုကြောင်း သိရပါတယ်။

အခြားခရီးစဥ်တွေအတွင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတွေအရ သမ္မတဘိုင်ဒန်နဲ့ အခြားသောအမေရိကန်သမ္မတတွေဟာ လေယာဥ်ရဲ့အရှေ့ဘက်ထွက်ပေါက်ကိုသာ အသုံးပြုကြတာတွေ့နိုင်ပါတယ်။

Image
Air Force One, with US President Joe Biden on board, arrives to a military airport in Warsaw, on February 20, 2023 ( AFP / Wojtek RADWANSKI)

လေယာဥ်ဆင်းလမ်းပေါ်ချော်လဲခဲ့သူဟာ ဘယ်သူလဲဆိုတာကို AFP အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ UK အခြေဆိုက် the Independent ကတော့ အဲဒီလူဟာ အိမ်ဖြူတော်ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ ပိုလန်နိုင်ငံကိုသွားရောက်ခဲ့တဲ့ခရီးစဥ်နဲ့ပက်သက်ပြီး အခြား အချက်အလက်မှားတွေကို AFP က ဒီလင့်ခ်မှာ စိစစ်ထုတ်ဖော်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်