အာဂျင်တီးနားက တောမီးလောင်ကျွမ်းမှုဗီဒီယိုတွေကို အစ္စရေး-ဟာမက်စ်စစ်ပွဲအဖြစ် မှားယွင်းပြောဆို

အောက်တိုဘာ ၇ ရက်က ဟာမတ်စ်သေနတ်သမားတွေရဲ့ ရုတ်တရက်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာဒေသကို အဆက်မပြတ်ဗုံးကြဲခဲ့တာအပြင် မြေပြင်မှာပါ ထိုးစစ်ဆင်ခဲ့တဲ့နောက် ဂါဇာကမ်းမြောင်ဒေသဟာ အပျက်အစီးမီးခိုးငွေ့တွေ ဖုံးလွှမ်းနေတဲ့ စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့ လတ်တလောအွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ကြီးမားတဲ့မီးလောင်ကျွမ်းမှုဗီဒီယိုတချို့ဟာ အစ္စရေး-ဟာမက်စ်စစ်ပွဲနဲ့ သက်ဆိုင်မှုမရှိပါဘူး။ အလားတူဗီဒီယိုတွေကို အာဂျင်တီးနားသတင်းမီဒီယာတွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက တောမီးလောင်ကျွမ်းမှုနဲ့ ပတ်သက်တဲ့သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

"အသေအပျောက်ဘယ်လောက်ပဲရှိရှိဟားမတ်စ်တွေကိုပြာဖြစ်အောင်ချေမှုန်းမယ်လို့ အစ္စရေကာကွယ်ရေးအရာရှိဟောင်းကဆို" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ဆိုပါတယ်။

ပြင်းထန်တဲ့မီးလောင်ကျွမ်းမှုတွေရဲ့ ရုပ်သံငါးခုကို ပေါင်းစပ်ထားတဲ့ ဒီဗီဒီယိုကို Facebook ပေါ်မှာအကြိမ်ရေ ၃,၁၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။

အစ္စရေး-ဟာမက်စ်စစ်ပွဲကြောင့် ဂါဇာမှာ လူပေါင်း ၁၃,၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဟာမက်စ်အာဏာပိုင်တွေက ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုမှာ အစ္စရေးအရပ်သားအများစုပါဝင်တဲ့ လူပေါင်း ၁,၂၀၀ ကျော်သေဆုံးခဲ့ပြီး လူ ၂၄၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ အစ္စရေးအာဏာပိုင်တွေက ဆိုပါတယ်။

Image

တူညီတဲ့ပြောဆိုမှုနဲ့ ဗီဒီယိုကို TikTok ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုထဲကရုပ်သံတွေဟာ အာဂျင်တီးနားနိုင်ငံအလယ်ပိုင်း၊ ကော်ဒိုဘာပြည်နယ်က တောမီးလောင်ကျွမ်းမှုနဲ့ပက်သက်တဲ့သတင်းတွေမှာ ယခင်ကတည်းကပျံ့နှံ့ခဲ့ပါတယ်။

AFP ရဲ့ သတင်းတင်ပြချက်အရ အောက်တိုဘာလ ၉ ရက်မှာ စတင်ခဲ့တဲ့ ဒီတောမီးလောင်ကျွမ်းမှုမှာ Punilla ဒေသက Villa Carlos Paz၊ Cabalango နဲ့ Tala Huasi စတဲ့ ဒေသတွေ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် (၉၅ ဒီဂရီ ဖာရင်ဟိုက်) အထိမြင့်တက်ပြီး မြောက်လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၇၀ နှုန်းအထိရှိခဲ့တဲ့ ရာသီဥတုအခြေအနေတွေက ဒီတောမီးလောင်ကျွမ်းမှုကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

အာဂျင်တီးနားတောမီးလောင်ကျွမ်းမှု

ပထမဗီဒီယိုမှာ မီးလျှံတွေကြောင့် လိမ္မော်ရောင်သန်းနေတဲ့ ကောင်ကင်ရှေ့က အစိမ်းရောင်အဝေးပြေးတံတားတစ်ခုပေါ်မှာ ရပ်တန့်ထားတဲ့ကားတွေဘေး မတ်တပ်ရပ်နေကြတဲ့ လူတချို့ကို မြင်တွေ့ရပါတယ်။ အဲဒီဗီဒီယိုကို Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်မှာ အာဂျင်တီးနားသတင်းစာ La Voz del Interior က ဒီဆောင်းပါးနဲ့အတူဖော်ပြထားတာတွေ့ရပါတယ်။ (archived link)

နောက်တစ်နေ့ အောက်တိုဘာ ၁၁ ရက်မှာတော့ ၈ စက္ကန့်ကြာမြင့်တဲ့ အဲဒီဗီဒီယိုကို အာဂျင်တီးနားသတင်းဌာန infobae က Cabalango ဒေသခံတွေ ဘေးကင်းရာပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်တဲ့ သတင်းနဲ့အတူ ဖော်ပြခဲ့ပါတယ်။ (archived link)

ဒေသတွင်းသတင်းဌာန Perfil Cordoba ရဲ့ သတင်းထောက် Andy Ferreyra ကလည်း အစိမ်းရောင်တံတားအနီးမှာ မီးလောင်နေတာကိုပြတဲ့ဗီဒီယိုကို ယခင်က Twitter လို့လူသိများတဲ့ X မှာ အောက်တိုဘာ ၁၀ ရက်က မျှဝေခဲ့ပါတယ်။ (archived links here and here)

"Cabalango က မီးလောင်ကျွမ်းမှု၊ လက်ရှိအချိန်" ဆိုပြီး ဒီပို့စ်မှာရေးသားခဲ့ပါတယ်။

အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို La Voz ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို La Voz ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot

ဒုတိယဗီဒီယိုမှာတော့ မိုးကုပ်စက်ဝိုင်းအထိ တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးတောက်တွေကနေ ကြီးမားထူထပ်တဲ့မီးခိုးလုံးကြီးတွေ ထွက်ပေါ်နေတာကို တွေ့ရပါတယ်။ အဲဒီဗီဒီယိုကို အာဂျင်တီးနားနိုင်ငံရဲ့ရာသီဥတုအခြေအနေတွေကိုအထူးပြုဖော်ပြလေ့ရှိတဲ့ Meteorologia Argentina y Mundial Facebook စာမျက်နှာမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်က မျှဝေထားပါတယ်။ (archived links here and here)

ဒီပို့စ်ရဲ့စာသားအရ ဒီဗီဒီယိုကို ဗီလာကားလို့စ်ပါ့ဇ်မှာရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

၂၂ စက္ကန့်ကြာဗီဒီယိုကို အာဂျင်တီးနားရေဒီယိုဌာနတစ်ခုဖြစ်တဲ့ Radio Online Parana ကလည်း ဗီလာကားလို့စ်ပါ့ဇ် တောမီးလောင်ကျွမ်းမှုအကြောင်းရေးသားထားတဲ့ Instagram ပို့စ်တစ်ခုမှာ ဖော်ပြထားပါတယ်။ (archived link)

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို Meteorologia Argentina y Mundial ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot

မြို့အနီးမီးလောင်ကျွမ်း

မှားယွင်းပြောဆိုထားတဲ့ပို့စ်က တတိယမြောက်ဗီဒီယိုမှာတော့ နှစ်ထပ်အိမ်တစ်လုံးမီးလောင်နေတာကို တွေ့ရပါတယ်။ ဒီဗီဒီယိုကို ကော်ဒိုဘာ မှာ တောမီးလောင်ကျွမ်းမှုအကြောင်းရေးသားထားတဲ့ သတင်းဆောင်းပါးနဲ့အတူ အာဂျင်တီးနား သတင်းဌာန MinutoUno က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်မှာ ဖော်ပြထားပါတယ်။ (archived link)

မက္ကဆီကိုမီဒီယာတစ်ခုဖြစ်တဲ့ ADN 40 ကလည်း ဒီဗီဒီယိုကို ဗီလာကားလို့စ်ပါ့ဇ်က တောမီးလောင်မှုအကြာင်းရေးသားထားတဲ့ဆောင်းပါးတစ်ခုမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ (archived link)

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို MinutoUno ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot

စတုတ္ထမြောက်ဗီဒီယိုထဲမှာ မြို့တစ်မြို့ရဲ့နောက်ခံမိုးကုတ်စက်ဝိုင်းပေါ်လောင်ကျွမ်းနေတဲ့မီးတောက်ကြီးကို ဒရုန်းနဲ့ရိုက်ကူးထားတာတွေ့ရပါတယ်။ ဒီဗီဒီယိုကို ဗီဒီယိုမူပိုင်ခွင့်ရောင်းချတဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ Stroyful က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဖော်ပြထားပါတယ်။ (archived link)

"ဗီလာကားလို့စ်ပါ့ဇ်မြို့ကို တောမီးဘယ်လောက်နီးကပ်လာသလဲဆိုတာကို ဒီဒရုန်းဗီဒီယိုက ပြသနေပါတယ်။ Federico Krypner ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ဗီလာကားလို့စ်ပါ့ဇ်မြို့ အနီးက မိုးကုတ်စက်ဝိုင်းမှာ မီးလောင်ကျွမ်းနေတာကို ပြသထားပါတယ်" လို့ Storyful ရဲ့ သတင်းဖော်ပြချက်မှာ ရေးထားပါတယ်။

ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးသူတစ်ဦးဖြစ်တဲ့ Krypner ဟာ ဒီဗီဒီယိုကို သူရဲ့ Instagram စာမျက်နှာမှာလည်းမျှဝေခဲ့ပါတယ်။ (archived link)

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို Storyful ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီဗီဒီယိုရဲ့တည်နေရာဟာ Google Maps မှာတွေ့ရတဲ့ ဗီလာကားလို့စ်ပါ့ဇ်မြို့က ဒီလမ်းထောင့် နဲ့ကိုက်ညီမှုရှိနေပြီး တူညီတဲ့ ခရမ်းနုရောင်နဲ့အထပ်နိမ့်အဆောက်အအုံကို တွေ့နိုင်ပါတယ်။ (archived link)

အဆောက်အအုံတစ်ချို့ရဲ့နောက်ကွယ်က မီးလောင်ကျွမ်းမှုအတိုင်းအတာကိုပြတဲ့ နောက်ဆုံးဗီဒီယိုကို Meteorologia Argentina y Mundial Facebook စာမျက်နှာမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က မျှဝေထားတဲ့ ပို့စ်တစ်ခုမှာ တွေ့ရပါတယ်။ (archived link)

"ကော်ဒိုဘာ၊ ဗီလာကားလို့စ်ပါ့ဇ်မြို့မှ ထပ်မံရရှိသည့်ပုံရိပ်များ"ဆိုပြီး ဒီပို့စ်မှာ ဆိုထားပါတယ်။

ဒေသတွင်းသတင်းဌာန Todo Noticias နဲ့ မိုးလေဝသသတင်းဌာန Meteored တို့ရဲ့ မိုးလေဝသပညာရှင်တစ်ဦးဖြစ်တဲ့ Marina Fernandez ကလည်း ဒီဗီဒီယိုကို Krypner ရဲ့ ဗီဒီယိုနဲ့ ပူးတွဲပြီး သူ့ရဲ့ Instagram စာမျက်နှာပေါ်မှာ မျှဝေထားပါတယ်။ (archived link)

ဒီဗီဒီယိုနှစ်ခုလုံးကို ဗီလာကားလို့စ်ပါ့ဇ်မြို့မှာရိုက်ကူးခဲ့တယ်လို့ သူကဆိုပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို Meteorologia Argentina y Mundial ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီဗီဒီယိုတွေနဲ့ပက်သက်ပြီး မှားယွင်းပြောဆိုချက်တွေကို ဖိလစ်ပိုင်အချက်အလက်စိစစ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Vera Files ကလည်း ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။

အစ္စရေး-ဟာမက်စ်စစ်ပွဲနဲ့ သက်ဆိုင်တဲ့ အချက်အလက်မှားတွေကို AFP က စိစစ်ထားပြီး ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ