၂၀၂၁ ခုနှစ်က ဂါဇာကို အီဂျစ်ကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပို့ဆောင်ခဲ့တဲ့ယာဥ်တန်းဖြစ်ပြီး ၂၀၂၃ ခုနှစ်က ဗီဒီယိုမဟုတ်ပါ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ ဟာမက်စ်စစ်သွေးကြွတွေရဲ့ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာဒေသကို မနားတမ်းဗုံးကြဲမှုတွေနဲ့အတူ မြေပြင်တိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်ခဲ့တဲ့နောက် ဂါဇာဒေသထဲကို အစားအသောက်၊ ရေနဲ့ လောင်စာဆီအကူအညီတွေ ပို့ဆောင်ဖို့ ကန့်သတ်ခံထားရပါတယ်။ အဲဒီဖြစ်စဉ်တွေနောက်မှာ ဂါဇာဒေသထဲ ဝင်ရောက်ဖို့ အစ္စရေးရဲ့ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတဲ့ အကူအညီပေးရေးယာဉ်တန်းလို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခု အင်တာနက်လူမှုကွန်ရက်ပေါ် အကြောင်းအရာလွဲမှား ပျံ့နှံ့နေပါတယ်။ တကယ်တမ်း အဲဒါဟာ ၂၀၂၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမဟုတ်ဘဲ လက်ရှိပဋိပက္ခမတိုင်ခင် ၂၀၂၁ ခုနှစ်၊ မေလကတည်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုကို “ဂါဇာနယ်စပ်တွင် အစ္စရေးခွင့်ပြုချက် စောင့်ဆိုင်းနေသော လူမှုကရုဏာ အကူအညီယာဥ်များ” (မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့အတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က Facebook ဒီလင့်ခ်မှာ ဖော်ပြခဲ့ပြီး အကြိမ်ရေ ၅၅,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။

အဲဒီပို့စ်မှာ အခုလို ဆက်ပြီး ရေးသားထားပါတယ်။

“ဂါဇာကမ်းမြှောင်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းကြီးကို အစ္စရေးက ပိတ်ဆို့လိုက်ပါတယ်။ ကုလသမဂ္ဂနှင့် အခြားသော အနောက်တိုင်း ပရဟိတအဖွဲ့များ အပါအဝင် သာမာန်မွတ်စလင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကောက်ခံရရှိသော အကူအညီများဖြင့်ဖွဲ့စည်းထားသည့် လူသားချင်းအကူအညီပေးရေးအဖွဲ့ဖြစ်သည်”(မူရင်းအတိုင်း)

Image
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot 

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို ပိုလန်ဘာသာအင်္ဂလိပ်ဘာသာပြင်သစ်ဘာသာစပိန်ဘာသာစကားတွေနဲ့ ဖြန့်ဝေခဲ့ကြသလို မြန်မာဘာသာစကားနဲ့လည်း Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။

ဂါဇာကမ်းမြှောင်ဒေသက ဟာမက်စ်စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုမှာ အရပ်သားအများစုအပါအဝင် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် လူ ၂၄၀ ခန့် ဓားစာခံအဖြစ်ဖမ်းခေါ်သွားခြင်းခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က ဟာမက်စ်အုပ်ချုပ်တဲ့ ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် မြေပြင်တိုက်ခိုက်မှုတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ထောင်ပေါင်းများပါဝင်တဲ့ လူပေါင်း ၁၄,၀၀၀ ခန့်သေဆုံးခဲ့တယ်လို့ ဟာမက်စ်လက်အောက်ခံ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဂါဇာဒေသအစိတ်အပိုင်းအတော်များများဟာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ခံနေရသလို အစားအသောက်၊ ရေနဲ့ လောင်စာဆီအကူအညီတွေ ဝင်ရောက်ဖို့ ကန့်သတ်ခံထားရပါတယ်။

အခုလိုဗီဒီယိုပျံ့နှံ့လာချိန်မှာပဲ နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေဟာ အီဂျစ်ကနေ ဂါဇာကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသော Rafah နယ်စပ်မှာ အသင့်စောင့်ဆိုင်းနေကြပါတယ်။ ဟာမက်စ်ရဲ့ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုနောက်ပိုင်းမှာ အစ္စရေးက နယ်စပ်စစ်ဆေးရေးဂိတ်တွေကို ပိတ်ထားတာ ဖြစ်ပါတယ်။

ဂါဇာအတွက် အီဂျစ်ရဲ့ အထောက်အပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့ ယာဉ်တန်းရှည်ကြီးဟာ Ismailia Desert လမ်းမကြီးပေါ်မှာ ဂါဇာကိုဝင်ရောက်နိုင်ဖို့ စောင့်ဆိုင်းနေတာကို AFP က အောက်တိုဘာ ၁၆ ရက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ (ဒီလင့်ခ်ဒီလင့်ခ်) တွေမှာ တွေ့နိုင်ပါတယ်။ ယာဉ်တန်းဟာ Rafah နယ်စပ်ကို ဦးတည်နေတာ ဖြစ်ပြီး အီဂျစ်-ဂါဇာနယ်စပ်အရှေ့ဘက် ၁၈၅ မိုင်အကွာမှာ ရောက်ရှိနေတာပါ။

ဒါပေမဲ့ Facebook ပေါ် ပျံ့နှံ့နေတဲ့ ယာဉ်တန်းဗီဒီယိုကတော့ ၂၀၂၃ ခုနှစ်၊ အစ္စရေး-ဟာမက်စ်ပဋိပက္ခ မတိုင်ခင်ကတည်းက ရိုက်ကူးထားတာဖြစ်လို့ နားလည်မှုလွဲမှားစေနိုင်ပါတယ်။

ဗီဒီယိုအဟောင်း

ဓာတ်ပုံရာဇာဝင်ရှာဖွေမှုအပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ Googleမှာ အချက်အလက်ရှာဖွေကြည့်တဲ့အခါ မူရင်းဗီဒီယိုကို အီဂျစ်ရုပ်သံလိုင်း AI Nahar TV ရဲ့ Facebook ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်က ဖော်ပြခဲ့တာတွေ့ရပါတယ်။ (archived link)

ဗီဒီယိုရဲ့ အညွှန်းစာကို အာရဗီဘာသာစကားနဲ့ အခုလို ရေးထားပါတယ်။

“အီဂျစ်သည် ဂါဇာရှိပါလက်စတိုင်းများအတွက် အကြီးမားဆုံးအကူညီအထောက်အပံ့ယာဉ်တန်းကို တတိယအကြိမ် စေလွှတ်လိုက်သည်။”

အောက်မှာ မှားယွင်းနေတဲ့ပို့စ်က ဗီဒီယီု (ဘယ်) နဲ့ Al Nahar TV ရဲ့ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းနေတဲ့ပို့စ်က ဗီဒီယီု (ဘယ်) နဲ့ Al Nahar TV ရဲ့ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot 

၂၀၂၁ ခုနှစ်၊ မေလတုန်းက ဂျေရုဆလင်အရှေ့ဘက်မှာ ဂျူးအခြေချနေထိုင်သူတွေအတွက် ပါလက်စတိုင်းတွေကို သူတို့အိမ်တွေကနေ နှင်ထုတ်ခဲ့တာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေကို အစ္စရေးလုံခြုံရေးအဖွဲ့တွေက နှိမ်နင်းခဲ့တဲ့အပြင် ဂါဇာဒေသကို ဒုံးပျံတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီနောက်မှာ အီဂျစ်နိုင်ငံက လူသားချင်းစာနာမှုအကူအညီတွေနဲ့ လူနာတင်ယာဉ်တွေကို ဂါဇာဒေသဆီ ပေးပို့ခဲ့တယ်လို့ အဲဒီတုန်းက AFP သတင်းမှာ ဖော်ပြပါတယ်။

ရက်သတ္တနှစ်ပတ်ခန့်ကြာမြင့်ခဲ့တဲ့ အဲဒီပဋိပက္ခကြောင့် ပါလက်စတိုင်း ၂၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီး သေဆုံးသူတွေထဲက ထက်ဝက်ကျော်ဟာ အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အီဂျစ်ရဲ့အထောက်အပံ့ပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းပါဝင်တဲ့ နောက်ထပ်ဗီဒီယိုတစ်ခုကိုလည်း Sada El Balad အီဂျစ်သတင်းဌာနရဲ့ YouTube မှာ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။ (archived link)

အစ္စရေး - ဟာမက်စ်စစ်ပွဲနဲ့ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာများစွာ အွန်လိုင်းပေါ်ပျံ့နှံ့နေပြီး AFP ရဲ့အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်