ရေလွှမ်းမိုးမှုကြောင့်ပျက်စီးသွားတဲ့ လစ်ဗျားကမြို့တစ်မြို့ရဲ့ ဗီဒီယိုကို ‘ဗုံးဒဏ်ကြောင့် ပျက်စီးသွားတဲ့ဂါဇာဒေသ’ဆိုပြီး မှားယွင်းဖော်ပြ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 နိုဝင်ဘာ 2023 အချိန် 08h38
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
အောက်တိုဘာလ ၇ ရက်က ဟာမက်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ပါလက်စတိုင်းဒေသကို ဗုံးကြဲတိုက်ခိုက်မှုအပြင် မြေပြင်စစ်ဆင်ရေးတွေပါ ပြုလုပ်ခဲ့တဲ့အတွက် ဂါဇာကမ်းမြောင်ဒေသမှာ ပျက်စီးမှုအများအပြားရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ပျက်စီးနေတဲ့မြို့တစ်မြို့ရဲ့ဝေဟင်ကရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုကို အစ္စရေးရဲ့ ဗုံးကြဲမှုကြောင့်ပျက်စီးသွားတဲ့ဂါဇာဒေသဆိုပြီး မှားယွင်းပြောဆိုနေကြပါတယ်။ တကယ်တော့ ဒီဗီဒီယိုကို စက်တင်ဘာလက ရေကြီးမှုကြောင့်ပျက်စီးသွားတဲ့ လစ်ဗျားနိုင်ငံအရှေ့မြောက်ပိုင်းက မြို့တစ်မြို့မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။

"ဂါဇာ လုံးဝ ပျက်စီးသွားပါပြီ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ဆိုထားပါတယ်။

ဒါအပြင် "စိတ်မကောင်းပါဘူး။ ဒီနေ့ကျွန်တော်တို့မြင်တွေ့ရတဲ့မြင်ကွင်းကတော့ အစ္စရေးရဲ့ပစ်မှတ်ထားတဲ့ဂါဇာနော်။၂၄နာရီအတောအတွင်းထဲမှာရွှေ့ပြောင်းဖို့ပြောထားပေမယ့် အချိန်အမီအတောအတွင်းထဲမှာပဲပစ်ခတ်မှုအားများမှုကြောင့် မြို့တစ်မြို့လုံးပျက်စီးသွားပါပြီ။" ဆိုတဲ့နောက်ခံစကားပြောသံကိုလည်း ဒီဗီဒီယိုမှာကြားရပါတယ်။

ဒီဗီဒီယိုကို အကြိမ်ရေ ၁,၆၀၀ ကျော် ကြည့်ရှုခဲ့ကြပြီး ပျက်စီးမှုတွေရှိနေတဲ့ ပင်လယ်ကမ်းစပ်ကမြို့တစ်မြို့ကို ဝေဟင်ကနေရိုက်ကူးထားတာတွေ့ရပါတယ်။

Image
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

ဂါဇာကမ်းမြှောင်ဒေသက ဟာမက်စ်စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုမှာ အရပ်သားအများစုအပါအဝင် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် လူ ၂၄၀ ခန့် ဓားစာခံအဖြစ်ဖမ်းခေါ်သွားခြင်းခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က ဟာမက်စ်အုပ်ချုပ်တဲ့ ဂါဇာကမ်းမြှောင်ဒေသကို ဗုံကြဲတိုက်ခိုက်မှုတွေအပြင် မြေပြင်တိုက်ခိုက်မှုတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ထောင်ပေါင်းများပါဝင်တဲ့ လူပေါင်း ၁၄,၀၀၀ ခန့်သေဆုံးခဲ့တယ်လို့ ဟာမက်စ်လက်အောက်ခံ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်အပြင် TikTok ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလထဲမှာ လစ်ဗျားနိုင်ငံ Derna မြို့မှာ လူထောင်နဲ့ချီသေဆုံးခဲ့တဲ့ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီးနောက် ရိုက်ကူးခဲ့တာဖြစ်ပြီး အစ္စရေး-ဟာမက်စ် ပဋိပက္ခနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။

လစ်ဗျားရေကြီးရေလျှံမှု

ဓာတ်ပုံရာဇာဝင်ရှာဖွေမှုအပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ Googleမှာ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုနဲ့ဆင်တူတဲ့ ဝေဟင်ပြဗီဒီယိုတစ်ခုကို AFP ရဲ့ YouTube စာမျက်နှာမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ဖော်ပြထားတာတွေ့ရပါတယ်။ (archived link)

"ရေကြီးပြီးနောက် အပျက်အစီးတွေကြားမှာတွေ့ရတဲ့ လစ်ဗျားနိုင်ငံ Derna မြို့" ဆိုပြီး ဗီဒီယိုခေါင်းစဥ်မှာဆိုထားပါတယ်။

"လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ Derna တွင် ရေကြီးမှုအတွင်း ပြိုကျခဲ့သော အဆောက်အအုံ အပျက်အစီးများထဲမှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေသည့်လူများနှင့် ရွှံ့လမ်းများကို ဝေဟင်ပုံရိပ်များတွင်တွေ့ရသည်" ဆိုပြီး ဗီဒီယိုဖော်ပြချက်မှာ ရေးသားထားပါတယ်။ "သဘာဝဘေးကြောင့် လူပေါင်း ထောင်နှင့်ချီ သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေပါသည်။"

ပြင်းထန်တဲ့ရေလွှမ်းမိုးမှုကြောင့် မြစ်အထက်ပိုင်းမှာရှိတဲ့ ရေကာတာနှစ်ခု ကျိုးကျပျက်စီးခဲ့ပြီးနောက် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Derna မြို့ ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း ၃,၈၀၀ ကျော် သေဆုံးကာ လူပေါင်း ၄၃,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

AFP ဗီဒီယိုရဲ့အစပိုင်းမှာပါတဲ့မြင်ကွင်းတွေက မှားယွင်းပြောဆိုထားတဲ့ Facebook ပို့စ်ရဲ့ ဗီဒီယိုထဲက မြင်ကွင်းတွေနဲ့တူညီမှုရှိနေပါတယ်။

AFP ဗီဒီယို (ဘယ်) ကို မှားယွင်းပြောဆိုထားတဲ့ပို့စ်က ဗီဒီယို (ညာ)နဲ့ တူညီမှုတွေကို ထင်ရှားတဲ့အမှတ်အသားတွေနဲ့ နှိုင်းယှဉ်ပြထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
AFP ဗီဒီယို (ဘယ်) ကို မှားယွင်းပြောဆိုထားတဲ့ပို့စ်က ဗီဒီယို (ညာ)နဲ့ တူညီမှုတွေကို ထင်ရှားတဲ့အမှတ်အသားတွေနဲ့ နှိုင်းယှဉ်ပြထားတဲ့  Screenshot

Derna မြို့ရဲ့ Google Map က ဂြိုလ်တုရုပ်ပုံတွေဟာလည်း မှားယွင်းပြောဆိုထားတဲ့ပို့စ်က ဗီဒီယိုရဲ့တည်နေရာနဲ့ ကိုက်ညီမှုရှိနေပါတယ်။

Google Maps ကဓာတ်ပုံ (ဘယ်)ကို မှားယွင်းပြောဆိုထားတဲ့ပို့စ်ကဗီဒီယိုရဲ့ပုံရိပ် (ညာ)နဲ့ တူညီမှုတွေကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
Google Maps ကဓာတ်ပုံ (ဘယ်)ကို မှားယွင်းပြောဆိုထားတဲ့ပို့စ်ကဗီဒီယိုရဲ့ပုံရိပ် (ညာ)နဲ့ တူညီမှုတွေကို နှိုင်းယှဥ်ထားတဲ့ Screenshot

Derna မြို့မှာရှိတဲ့ Al Sahaba ဗလီ ကိုလည်း ဗီဒီယိုရဲ့ ၁၉ စက္ကန့်ကြာချိန်မှာတွေ့နိုင်ပါတယ်။

အစ္စရေး-ဟာမက်စ်စစ်ပွဲကြောင့် လူမှုကွန်ရက်တွေမှာ အချက်အလက်မှားပျံ့နှံ့မှုတွေအရှိန်အဟုန်နဲ့မြင့်တက်လာပြီး မှားယွင်းတဲ့အချက်အလက်တချို့ကို AFP က ဒီလင့်ခ်မှာ စိစစ်ဖော်ထုတ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်