တူရကီမြေငလျင်လှုပ်ခတ်မှုနောက်ပိုင်းရိုက်ကူးထားတဲ့ ဗီဒီယိုကို ‘အစ္စရေးတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ဂါဇာကမ်းမြှောင်ဒေသ’ဆိုပြီး မှားယွင်းပြောဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 နိုဝင်ဘာ 2023 အချိန် 05h48
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
အောက်တိုဘာလ ၇ ရက်နေ့က ဟာမက်စ်အဖွဲ့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ တစ်ချိန်တည်းမှာ အဆောက်အအုံအပျက်အစီးတွေပါဝင်တဲ့ မြို့တစ်မြို့ရဲ့ဒရုန်းဗီဒီယိုတစ်ခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီး ဒါဟာ အစ္စရေးရဲ့တိုက်ခိုက်မှုခံနေရတဲ့ ဂါဇာဒေသလို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုဟာ ဂါဇာဒေသမှာ ရိုက်ကူးထားတာမဟုတ်ဘဲ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက တူရကီနိုင်ငံ၊ Antakya မြို့က ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုနောက်ပိုင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

"စစ်ပွဲဆယ်ရက်မြောက် ဂါဇာမြောက်ပိုင်း အခြေအနေ"(မူရင်းအတိုင်း) ဆိုပြီး ဗီဒီယိုကို အောက်တိုဘာလ ၁၇ ရက်နေ့က ဒီ Facebook ပို့စ်မှာ မျှဝေထားပါတယ်။

စက္ကန့် ၃၀ သာကြာတဲ့ ဒီဗီဒီယိုကိုအကြိမ်ရေ ၂၆,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပြီး ဗီဒီယိုထဲမှာ အဆောက်အအုံအပျက်အစီးများစွာရှိနေတဲ့ မြို့တစ်မြို့ကို ဝေဟင်ကနေ တွေ့မြင်ရပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ငိုကြွေးနေသံကိုလည်း ဒီဗီဒီယိုထဲမှာကြားနိုင်ပါတယ်။

Image
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

ဂါဇာကမ်းမြှောင်ဒေသက ဟာမက်စ်စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုမှာ အရပ်သားအများစုပါဝင်တဲ့ လူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် လူ ၂၄၀ ခန့် ဓားစာခံအဖြစ်ဖမ်းခေါ်သွားခြင်းခံခဲ့ရပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ လူ ၅ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

အစ္စရေးက ဟာမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကြုံးဝါးခဲ့ပြီး ပါလက်စတိုင်းလူမျိုး ၂ ဒသမ၃ သန်းခန့်နေထိုင်တဲ့ လူဦးရေထူထပ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

အစ္စရေးရဲ့ဗုံးကြဲမှုနဲ့ ပိုမိုပြင်းထန်လာတဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၄,၀၀၀ ကျော်အပါအဝင် အရပ်သားအများစုပါဝင်တဲ့ လူပေါင်း ၁၀,၆၀၀ ခန့်သေဆုံးခဲ့တယ်လို့ ဟာမက်စ်လက်အောက်ခံ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီပဋိပက္ခကြောင့် နှစ်ဘက်စလုံးမှာ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဟာ အစ္စရေး-ဟာမက်စ်ပဋိပက္ခနဲ့ ဆက်နွယ်မှုမရှိပါဘူး။

ဒီဗီဒီယိုကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက ဆီးရီးယားနဲ့ တူရကီမှာ လူပေါင်း ၅၀,၀၀၀ သေဆုံးပြီး သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ အိုးအိမ်ပျက်စီးစေခဲ့တဲ့ ငလျင်လှုပ်ခတ်မှုနောက်ပိုင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ (Archived link)

ဒီငလျင်လှုပ်ခတ်မှုမှာ အဆောက်အအုံ ၂ ဒသမ ၆ သန်းခန့်ပျက်စီးခဲ့တယ်လို့ တူရကီအစိုးရက ဆိုထားပါတယ်။ (Archived link)

တူရကီငလျင်

Google မှာ အဓိကကျတဲ့စကားလုံးတွေနဲ့အချက်အလက်ရှာဖွေမှုအပြင် ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို တူရကီသတင်းဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ En Son Haber က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ (Archived link)

ရုပ်ရှင်ဖန်တီးသူ Muhammed Kösen ကို ဒီ ၂ မိနစ်ကျော်ကြာ ဗီဒီယိုမှာ မှတ်တမ်းတင် ခရက်ဒစ်ပေးထားပါတယ်။

ဒီဗီဒီယိုကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က Antakya မြို့မှာ သူကိုယ်တိုင်ရိုက်ကူးခဲ့တယ်လို့ Kösen က AFP ကိုပြောပြီး မူရင်းဗီဒီယိုကို ပေးပို့ခဲ့ပါတယ်။ သူပေးပို့ခဲ့တဲ့ ဗီဒီယိုရဲ့ အချက်အလက်တွေ (Metadata) မှာ ဒီဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ နေ့ရက် ပါရှိပါတယ်။

Image
မူရင်းဗီဒီယိုကထုတ်ယူထားတဲ့ metadata

ဒီဗီဒီယိုအတိုကို Kösen က သူ့ရဲ့ Instagram မှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မျှဝေထားပါတယ်။ Instagram ပေါ်က ဗီဒီယိုမှာတော့ မှားယွင်းဖော်ပြထားတဲ့ပို့စ်က ဗီဒီယိုမှာလို လူတစ်ယောက်ရဲ့ ငိုကြွေးနေတဲ့ နောက်ခံအသံမပါဝင်ပါဘူး။ (Archived link)

ဒီမူရင်းဗီဒီယိုရဲ့ စာသားမှာ Hatay ပြည်နယ်နဲ့ Antakya မြို့နှစ်ခုစလုံးကို ဖော်ပြထားပါတယ်။

အောက်က Screenshot မှာတွေ့ရတဲ့ လက်ဝဲစွန်းက မြစ်ကမ်းပါး၊ မီးခိုးရောင် အဆောက်အအုံဘေးက အနီနဲ့ အဝါရောင် အဆောက်အအုံ၊ စိမ်းလန်းတဲ့သစ်ပင်တွေနဲ့လမ်းမတစ်ခု၊ အဝါရောင်နဲ့ အဖြူရောင် အဆောက်အအုံစတဲ့ မြင်သာတဲ့အချက်အလက်တွေကို ငလျင်လှုပ်ခတ်မှုမတိုင်ခင်ကရိုက်ကူးထားတဲ့ Google Street View ဓာတ်ပုံတွေနဲ့နှိုင်းယှဥ်ပြီး AFP က တည်နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်။

Image
AFP မှ highlight လုပ်ထားတဲ့ ဗီဒီယိုထဲက သဲလွန်စများ

ငလျင်မလှုပ်ခတ်မီ ၃ လအလို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ရိုက်ကူးထားတဲ့ Google Street View ဓာတ်ပုံတွေမှာ မီးခိုးရောင် အဆောက်အအုံဘေးက အနီနဲ့ အဝါရောင် အဆောက်အအုံကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်၊ သစ်ပင်တွေအနားသပ်ထားတဲ့ Sultan Selim လမ်းမတွေအပြင် အဖြူရောင်နဲ့ အဝါရောင် အဆောက်အအုံကိုလည်း တွေ့နိုင်ပါတယ်။

အောက်မှာ ဗီဒီယိုထဲမှာတွေ့ရတဲ့အဆောက်အအုံတွေ (ဘယ်)ကို Google Map က ဓာတ်ပုံတွေ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာ တွေ့နိုင်ပါတယ်။

Image
ဗီဒီယိုထဲမှာတွေ့ရတဲ့အဆောက်အအုံတွေ (ဘယ်)ကို Google Map က ဓာတ်ပုံတွေ (ညာ) နဲ့ နှိုင်းယှဥ်

အစ္စရေး-ဟာမက်စ်စစ်ပွဲကြောင့် လူမှုကွန်ရက်တွေမှာ အချက်အလက်မှားပျံ့နှံ့မှုတွေအရှိန်အဟုန်နဲ့မြှင့်တက်လာပြီး မှားယွင်းတဲ့အချက်အလက်တချို့ကို AFP က ဒီလင့်ခ်မှာ စိစစ်ဖော်ထုတ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်