၂၀၁၃ ခုနှစ်က အီဂျစ်မှာ ရိုက်ကူးထားတဲ့ ဆန္ဒပြပွဲဗီဒီယိုကို အစ္စရေး-ဟာမက်စ်စစ်ပွဲအတွင်း လူသေအလောင်းတွေလိုဟန်ဆောင်နေတဲ့ ပါလက်စတိုင်းတွေ ဆိုပြီး မှားယွင်းဖော်ပြ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 နိုဝင်ဘာ 2023 အချိန် 02h26
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Devesh MISHRA, AFP အိန္ဒိယ
အစ္စရေး - ဟာမက်စ်စစ်ပွဲအတွင်း နှစ်ဘက် အရပ်သားတွေအပါအဝင် သေဆုံးသူထောင်နဲ့ချီ ရှိလာခဲ့တဲ့နောက် ပိတ်ဖြူတွေ လွှမ်းထားပြီး ရုပ်အလောင်းတွေလို သရုပ်ပြနေသူတွေရဲ့ဗီဒီယိုတစ်ခု အင်တာနက်လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့ပြီး ဒါဟာ သေဆုံးသယောင် ဟန်ဆောင်ထားတဲ့ပါလက်စတိုင်းတွေရဲ့ ဗီဒီယိုဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒီအဆိုဟာ မှားပါတယ်။ တကယ်တမ်း ဒီဗီဒီယိုဟာ လက်ရှိ အစ္စရေး - ဟာမက်စ် စစ်ပွဲနဲ့မသက်ဆိုင်ဘဲ ၂၀၁၃ ခုနှစ်က အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမှာ ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေရဲ့ ဗီဒီယိုသာ ဖြစ်တယ်လို့ ဗီဒီယိုကို ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ သတင်းထောက်က AFP ကို ပြောပါတယ်။

အဲဒီဗီဒီယိုကို “ဂဏှာမငြိမ်တဲ့ ပါလက်စတိုင်း အလောင်းများ”(မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့အတူ Facebook ပေါ်က ဒီလင့်ခ်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်က မျှဝေခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၈၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။

ဗီဒီယိုမှာ လူသေအလောင်းတွေလို ဘေးချင်းကပ်လဲလျောင်း သရုပ်ပြနေတဲ့ လူတချို့ကို တွေ့ရပါတယ်။ သူတို့ရဲ့ ကိုယ်ပေါ်မှာ အာရဗီစာသားတွေရေးထားတဲ့ အဖြူရောင်ပိတ်စတွေကို လွှမ်းခြုံထားကြပါတယ်။ အများစုကတော့ မလှုပ်မယှက် ငြိမ်သက်နေကြပြီး တချို့ကတော့ အနည်းငယ်လှုပ်ရှားနေတာကို မြင်ရပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟာမက်စ် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က အစ္စရေးနိုင်ငံတောင်ပိုင်းကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့အတွက် လူပေါင်း ၁,၄၀၀ ခန့် သေဆုံးခဲ့သလို လူ ၂၃၀ ကျော်ကိုလည်း ဟာမက်စ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့နောက် အစ္စရေး-ဟာမက်စ် စစ်ပွဲစတင်ခဲ့ပါတယ်။

အဲဒီနောက်မှာ အစ္စရေးက ဂါဇာဒေသကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေကိုလည်း စေလွှတ်တိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ၄,၀၀၀ လောက်က ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဟာမက်စ်ထိန်းချုပ်နယ်မြေရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

Image
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က ရယူထားတဲ့ မှားယွင်းတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။

ဗီဒီယိုမှာ ရုပ်အလောင်းတွေလို သရုပ်ဆောင်ထားတဲ့ လူတွေကို တွေ့ရပေမယ့်၊ တကယ်တမ်း ဒီဗီဒီယိုဟာ အစ္စရေး-ဟာမက်စ် စစ်ပွဲနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။

အီဂျစ်က ဆန္ဒပြပွဲ

အဓိကကျတဲ့စကားလုံးတွေနဲ့ ဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေကို ထုတ်ယူ အသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါ ပိုရှည်လျားတဲ့ ဒီဗီဒီယိုကို အီဂျစ် El-Badil သတင်းစာရဲ့ တရားဝင် YouTube ချန်နယ်မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်က ဖော်ပြထားတာတွေ့ရပါတယ်။ (archived link)

ဗီဒီယိုနဲ့အတူ “ လူသေအလောင်းတွေအဖြစ် Al-Azhar တက္ကသိုလ်မှာ သရုပ်ပြ” ဆိုတဲ့ အာရဗီဘာသာ စာသားကို ရေးထားပါတယ်။

ဒီလိုသရုပ်ပြမှုဟာ Al-Azhar တက္ကသိုလ်မှာ မွတ်စလင်မ်ညီနောင်များ (Muslim Brotherhood) အဖွဲ့ဝင် ကျောင်းသားတွေ ပြုလုပ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး စစ်တပ်နဲ့ရဲတွေကို ဆန့်ကျင်တဲ့ စာသားတွေကို ကြွေးကြော်ခဲ့ကြတယ်လို့ ဗီဒီယိုရဲ့အညွှန်းစာမှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ မွတ်စလင်မ်ညီနောင်များအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သမ္မတမိုဟာမက်မော်စီကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် အီဂျစ်က တက္ကသိုလ်တွေဟာ ကျောင်းသားတွေ အဓိက ဆန္ဒဖော်ထုတ်ရာနေရာတွေ ဖြစ်လာခဲ့ပါတယ်။

မှားယွင်းတဲ့ပို့စ်တွေမှာ တင်ထားတဲ့ ဗီဒီယို (ဘယ်) နဲ့ El-Badil သတင်းဌာန YouTube မှာ တင်ထားတဲ့ ဗီဒီယို (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်တွေမှာ တင်ထားတဲ့ ဗီဒီယို (ဘယ်) နဲ့ El-Badil သတင်းဌာန YouTube မှာ တင်ထားတဲ့ ဗီဒီယို (ညာ)

ဗီဒီယိုကို မာလ်တီမီဒီယာသတင်းထောက် Mostafa Darwish က ရိုက်ကူးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ဒီဗီဒီယိုကို El-Badil သတင်းစာအတွက် ၂၀၁၃ ခုနှစ်မှာ ကျွန်တော် ရိုက်ကူးခဲ့တာပါ” လို့ သူက AFP ကို နိုဝင်ဘာ ၂ ရက်က ပြောပါတယ်။

အဲဒီဆန္ဒပြပွဲကို တခြားရှုထောင့်တစ်ခုကနေ ရိုက်ကူးထားတဲ့ နောက်ထပ်ဗီဒီယိုတစ်ခုကို Akhbar Al yom TV ရဲ့ YouTube စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ (archived link)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်