အီရန်ခေါင်းဆောင်ကို ဂုဏ်ပြုထားတဲ့ Forbes မဂ္ဂဇင်းမျက်နှာဖုံးပုံအတု ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 02 မေ 2024 အချိန် 08h18
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Bill MCCARTHY, AFP USA, AFP ထိုင်း
အီရန်က အစ္စရေးကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် အီရန်ထိပ်သီးခေါင်းဆောင် Ayatollah Ali Khamenei ကို "ကမ္ဘာ့ သြဇာအရှိဆုံးသူ"ဆိုပြီး Forbes မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြခဲ့တယ်ဆိုပြီး မှားယွင်းပြောဆိုနေကြပါတယ်။ ဒါပေမဲ့ မဂ္ဂဇင်းရဲ့နောက်ဆုံးထုတ်ဝေမှုမှာ အမေရိကန်ရင်းနှီးမြှပ်နှံသူတစ်ဦးအကြောင်း ဖော်ပြထားပြီး ဒီဓာတ်ပုံကိုထုတ်ဝေခဲ့ခြင်းမရှိဘူးလို့ Forbes မဂ္ဂဇင်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို အတည်ပြုပြောဆိုခဲ့ပါတယ်။

"Ayatollah ali khamenei သည် forbes မဂ္ဂဇင်း၏ မျက်နှာဖုံးကို ‘ကမ္ဘာပေါ်တွင် သြဇာအရှိဆုံးလူသား’ အဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရသည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

Image
၂၀၂၄ ခုနှစ်၊ မေလ ၂ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ Screenshot

Khamenei ရဲ့ ဓာတ်ပုံနဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်စွဲပါ ဒီမဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံအတုကို တူညီတဲ့ပြောဆိုမှုတွေနဲ့  XInstagram နဲ့ TikTok တွေမှာလည်း မျှဝေနေကြပါတယ်။ 

အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ ဟာမက်စ်အဖွဲ့တို့ကြား ပြင်းထန်တဲ့ ပဋိပက္ခ ခြောက်လကျော်ကြာမြင့်ခဲ့ပြီးနောက် အီရန်က ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်မှာ အစ္စရေးကို တိုက်ခိုက်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများတွေမြင့်တက်လာခဲ့ပါတယ်။

ဧပြီလ ၁ ရက်က ဆီးရီးယားနိုင်ငံ၊ ဒမားစကတ်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုဟာ အစ္စရေးရဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်အပြစ်တင်ပြောဆိုမှုတွေရှိခဲ့တဲ့နောက် အီရန်က လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို ဒရုန်း၊ ဒုံးကျည်အစီးရေ ၃၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၉၉ ရာခိုင်နှုန်းကို အမေရိကန်အပြင် တခြားမဟာမိတ်တွေရဲ့အကူအညီနဲ့ ဟန့်တားနိုင်ခဲ့ပြီး အစ္စရေးဘက်က ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အီရန်အလယ်ပိုင်းဒေသမှာ ပေါက်ကွဲမှု ၁၉ ခုဖြစ်ပေါ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒမားစကတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် Khamenei က အစ္စရေး "အပြစ်ပေးခံရလိမ့်မယ်" လို့ ပြောဆိုခဲ့ပေမဲ့ သူ့ကို "ကမ္ဘာ့သြဇာအရှိဆုံးသူ" ဆိုပြီးဂုဏ်ပြုထားတဲ့ Forbes မဂ္ဂဇင်းမျက်နှာဖုံးဟာ အတုဖြစ်လို့ မဂ္ဂဇင်းရဲ့ ကမ္ဘာတဝန်းဖြန့်ချီမှုနဲ့ ဝဘ်ဆိုက်တွေက မဟုတ်ပါဘူး။

"ဒီဓာတ်ပုံဟာ Forbes မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပုံအစစ် မဟုတ်သလို ကျွန်တော်တို့ရဲ့ ဝဘ်ဆိုက်တွေမှာ ဒီဓာတ်ပုံကိုဘယ်တုန်းကမှ မဖော်ပြခဲ့ပါဘူး" လို့ မဂ္ဂဇင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီလ ၁၈ ရက်မှာ AFP ကိုပြောပါတယ်။ 

ဓာတ်ပုံကို ရာဇဝင်ရှာဖွေကြည့်တဲ့အခါ မျက်နှာဖုံးရုပ်ပုံပါမဂ္ဂဇင်းထုတ်ဝေမှုကို အွန်လိုင်းနဲ့ ပုံနှိပ်ထုတ်ဝေမှုတွေမှာ ဖော်ပြထားတာမျိုးမရှိတဲ့အပြင် Forbes မဂ္ဂဇင်းဝဘ်ဆိုက်ပေါ်က ဝယ်ယူရရှိနိုင်တဲ့ ထုတ်ဝေမှုတွေမှာလည်း မတွေ့ရှိရပါဘူး။ (Archived here)

 ၂၀၂၄ ခုနှစ်၊ ဧပြီလနဲ့ မေလ ထုတ်ဝေမှုရဲ့ မျက်နှာဖုံးမှာ အမေရိကန် ဘီလီယံနာ ရင်းနှီးမြှုပ်နှံသူ Todd Boehly ကို ဂုဏ်ပြုဖော်ပြထားပါတယ်။ (Archived here)

Image
ဧပြီလနဲ့ မေလ ထုတ်ဝေမှုရဲ့ မျက်နှာဖုံး Screenshot

ဧပြီလ ၁၅ ရက်နေ့အတွက် အမှုဆောင်များ၊ ဉာဏ်ရည်တုနည်းပညာဆိုင်ရာကုမ္ပဏီ စတင်တည်ထောင်သူနဲ့ အဝတ်အစားပြန်လည်ရောင်းချတဲ့ လစ်သူယေးနီးယားကုမ္ပဏီအကြောင်း ရေးသားထားတဲ့ Forbes မဂ္ဂဇင်းရဲ့ နေ့စဥ်မျက်နှာဖုံးဆောင်းပါးတွေမှာလည်း Khamenei ကို ဖော်ပြထားတာ မရှိပါဘူး။ (Archived here)

ဒါအပြင် ဒီမျက်နှာဖုံးအတုကဓာတ်ပုံဟာ Forbes မဂ္ဂဇင်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံမဟုတ်ပါဘူး။ ဒီဓာတ်ပုံကို ၂၀၁၅ ခုနှစ်က အီရန်ထိပ်သီးခေါင်းဆောင်ရဲ့ တရားဝင်ဝဘ်ဆိုက် အပါအဝင် ဝဘ်ဆိုက် အတော်များများမှာဖော်ပြထားတာကို AFP ကတွေ့ရှိခဲ့ပါတယ်။ (Archived here)

Image
အီရန်ထိပ်သီးခေါင်းဆောင်ရဲ့ တရားဝင်ဝဘ်ဆိုက် Screenshot

အီရန်ရဲ့ အစ္စရေးအပေါ်တိုက်ခိုက်မှုဆိုပြီး မှားယွင်းမျှဝေထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်