'ဖားကန့်မှာပစ်ချခံရတဲ့ မြန်မာစစ်တပ် ရဟတ်ယာဉ်'လို့ ပြောဆိုထားတဲ့ တူရကီနိုင်ငံက ဗီဒီယိုအဟောင်း မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 ဇူလိုင် 2024 အချိန် 09h53
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲ လက်နက်ကိုင်အဖွဲ့တွေပစ်ချလိုက်တဲ့ မြန်မာစစ်တပ်ရဟတ်ယာဉ်လို့ မှားယွင်းပြောဆိုထားတဲ့ ရဟတ်ယာဉ်တစ်စီး လေထဲမီးလောင်ပြီး တောင်တန်းတွေကြားပျက်ကျသွားတဲ့ ဗီဒီယိုဟောင်းတစ်ခုကို Facebook ပေါ်မှာ မှားယွင်းမျှဝေနေကြပါတယ်။ တကယ်တမ်း အဲဒီဗီဒီယိုဟာ ၂၀၁၆ ခုနှစ်၊ မေလကတည်းက တူရကီနိုင်ငံ၊ အီရတ်နယ်စပ်မှာ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့တဲ့ သတင်းတွေမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာ ဖြစ်ပြီး အခုလို စာသား ရေးထားပါတယ်။

"ကချင်ပြည်နယ် ဖားကန့်မှာ မကြာ ေသးခင်ကပဲ ဝေဟင်ပစ် စက်သေနတ်ဖြင့် စကစ တိုက်ခိုက်ရေး စစ်၇ဟတ်ယာဉ် ပစ်ချခံလိုက် ၇ပါတယ် ဂိုရှယ်လေး" (မူရင်းအတိုင်း) 

ရဟတ်ယာဉ်တစ်စီး ဝေဟင်မှာ ပေါက်ကွဲပြီး မြေပြင်ပေါ် ပျက်ကျသွားတဲ့ ဗီဒီယိုကို အကြိမ်ရေ ၉၄,၀၀၀ ကျော် ကြည့်ရှုထားကြပါတယ်။

'စကစ' ဆိုတာ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံက ရွေးကောက်ခံဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတဲ့ မြန်မာစစ်တပ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ (Archived link)

အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာမှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့”တွေက ထောင်နဲ့ချီတဲ့လူငယ်တွေကို စည်းရုံးစုဆောင်းနိုင်ခဲ့ပြီး နိုင်ငံအနှံ့ စစ်တပ်ဆန့်ကျင်ရေးတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။  

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်က ရိုက်ယူထားတဲ့ Screenshot

၂၀၁၄ ခုနှစ်၊ ဩဂုတ်လထဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မြန်မာစစ်တပ်ရဲ့ တပ်စခန်းနှစ်ခုကို သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဖော်ပြခဲ့ကြတဲ့နောက် အခုလို ဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ (Archived links here and here)

တူညီတဲ့ပြောဆိုချက်နဲ့အတူ ဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်တွေမှာ မျှဝေခဲ့ကြပါတယ်။ 

ဒါပေမဲ့ ဒါဟာ မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဉ် မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်ထိ ဖားကန့်မှာ မြန်မာစစ်တပ်ရဲ့ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်တွေ မတွေ့ရပါဘူး။ 

 'တူရကီစစ်တပ်ရဲ့ရဟတ်ယာဉ်'

ဗီဒီယိုမှာပါဝင်တဲ့ရုပ်ပုံတွေကို အသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၆ ခုနှစ်၊ မေလ ၁၅ ရက်က Washington Post သတင်းစာဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ပိုရှည်တဲ့ ဗီဒီယိုကို တွေ့ရပါတယ်။ (Archived link)

Facebook ပေါ် မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုဟာ Washington Post ဗီဒီယိုကို မြင်ကွင်းအကျယ်ချဲ့ပြီး ပြောင်းပြန်ပြုလုပ်ထားတာ တွေ့ရပါတယ်။

"ကာ့ဒ်သူပုန်တွေ ပစ်ချလိုက်တဲ့ တူရကီစစ်တပ်ရဟတ်ယာဉ်ရဲ့ ဗီဒီယို"ဆိုပြီး Washington Post ရဲ့ အညွှန်းစာမှာ ရေးထားပါတယ်။

ဗီဒီယိုအညွှန်းစာမှာ "သောကြာနေ့၊ နံနက်ပိုင်းက တူရီနိုင်ငံ အရှေ့တောင်ပိုင်းတောင်တန်းတွင် ကော်ဘရာတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းကို လက်နက်ကိုင်တစ်ဦးက MANPADS ဟုခေါ်သည့် ပုခုံးထမ်းလေကြောင်းကာကွယ်ရေးလက်နက်ဖြင့် ပစ်ချခဲ့သည့် ဗီဒီယိုကို တူရကီအစိုးရကိုတိုက်ခိုက်နေသည့် လက်ဝဲလက်နက်ကိုင် ကာဒစ္စတန်လုပ်သားပါတီ (PKK) အဖွဲ့နှင့် ဆက်စပ်သော မီဒီယာက ဖော်ပြခဲ့သည်" ဆိုပြီး ရေးသားထားပါတယ်။ 

ဗီဒီယိုကို Gerilla TV က ဖော်ပြခဲ့တာဖြစ်တယ်လို့ ရေးသားထားပြီး ဗီဒီယိုရဲ့အပေါ်ဘယ်ဘက်မှာ Gerilla TV ရဲ့ လိုဂိုအမှတ်တံဆိပ်ကိုလည်း တွေ့ရပါတယ်။

မှားယွင်းတဲ့ပို့စ်တွေမှာ မျှဝေထားတဲ့ ဗီဒီယို (ဘယ်) နဲ့ Washington Post ဗီဒီယို (ညာ)တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot ကို အောက်မှာ ဖော်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်တွေမှာ မျှဝေထားတဲ့ဗီဒီယို (ဘယ်) နဲ့ Washington Post ဗီဒီယို (ညာ)တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot

အီရတ်နယ်စပ်အနီးက တိုက်ပွဲအတွင်း ကော်ဘရာရဟတ်ယာဉ် ပျက်ကျသွားတဲ့အတွက် စစ်တပ်လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့တယ်လို့ AFP က သတင်းဖော်ပြခဲ့ပါတယ်။ (Archived link)

ရဟတ်ယာဉ်ကို PKK တိုက်ခိုက်ရေးသမားတွေက ပစ်ချခဲ့တယ်လို့ PKK ကို ထောက်ခံတဲ့ Firat သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ နည်းပညာချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ တူရကီစစ်တပ်က အစဦးပိုင်းမှာ ပြောဆိုခဲ့ပေမယ့် ပစ်ချခံရတာဖြစ်နိုင်တယ်လို့ နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ 

မူရင်းဗီဒီယိုလို့ ယူဆရတဲ့ ဒီဂျစ်တယ်နည်းနဲ့သိမ်းဆည်းထားတဲ့လင့်ခ်တစ်ခုကို အင်္ဂလိပ်ဘာသာနဲ့သတင်းဖော်ပြလေ့ရှိတဲ့ Ekurd Daily သတင်းဌာနက ၂၀၁၆ ခုနှစ်၊ မေလ ၁၅ ရက်မှာ အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြောင်းရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ (Archived link)

၂၀၁၆ ခုနှစ်၊ မေလ ၁၃ ရက်မှာ ကာ့ဒ်သူပုန်တွေ ပစ်ချခဲ့တဲ့ ကော်ဘရာရဟတ်ယာဉ်ရဲ့ ဗီဒီယိုကို PKK က ထုတ်ပြန်ခဲ့တယ်လို့ အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

Wayback Machine မှာ သိမ်းဆည်းထားတဲ့လင့်ခ်ရဲ့ ဗီဒီယို thumbnail (ဘယ်) နဲ့ Washington Post ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot ကို အောက်မှာ ဖော်ပြထားပါတယ်။ 

Image
Wayback Machine မှာ သိမ်းဆည်းထားတဲ့လင့်ခ်ရဲ့ ဗီဒီယို thumbnail (ဘယ်) နဲ့ Washington Post
ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot

တူရကီဘာသာစကားနဲ့ ရေးသားထားတဲ့ အညွှန်းစာမှာ "တော်လှန်ရေးစစ်ဆင်ရေး - Cukurca နယ်စပ်၊ ၂၀၁၆ ခုနှစ်၊ မေလ ၁၃ ရက်" ဆိုပြီး ရေးသားထားပါတယ်။

မှားယွင်းတဲ့ဗီဒီယိုကို မြန်မာနိုင်ငံကအချက်အလက်စိစစ်ရေးအဖွဲ့ BeWise Verify ကလည်း ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်မှာ အချက်အလက်စိစစ်ထားတာ တွေ့ရပါတယ်။ (Archived link)

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ သက်ဆိုင်တဲ့ တခြားသော အချက်အလက်အမှားတွေကို AFP က ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာအချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ