PDF တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ် ရဟတ်ယာဉ် ပျက်ကျသွားဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုဟောင်း ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ်က ရဟတ်ယာဥ်ပျက်ကျတဲ့ဗီဒီယိုဟောင်းတစ်ခုကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလမှာ PDF တပ်ဖွဲ့ကပစ်ချခဲ့တဲ့ စစ်တပ်ရဟတ်ယာဥ်ဆိုပြီးမှာယွင်းပြောဆိုမှုနဲ့အတူ လူမှုကွန်ရက်မှာ အကြိမ်ရေထောင်နဲ့ချီကြည့်ရှုမှုရှိနေပါတယ်။ ဒီဗီဒီယိုဟာ စစ်တပ်ရဲ့ရဟတ်ယာဥ်တစ်စင်းကို PDF တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပြီး အခုလို အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက အိန္ဒိယနိုင်ငံမှာ ပျံ့နှံ့နေခဲ့ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ Arunachal Pradesh ပြည်နယ်မှာ စစ်တပ်လေယာဥ်တစ်စင်းပျက်ကျခဲ့တဲ့ ဖြစ်စဥ်နဲ့အတူ ဖော်ပြထားတာတွေ့ရပါတယ်။

ရဟတ်ယာဥ်တစ်စင်း ကျေးလက်နေရာတစ်ခုမှာဆင်းသက်စဥ် ပျက်ကျခဲ့တာကိုပြတဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်မှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က မျှဝေထားပါတယ်။

ဒီဗီဒီယိုကို ရိုက်ကူးနေတဲ့သူကို ဒီဗီဒီယိုပြီးဆုံးခါနီးမှာ အခြားသူတစ်ဦးနဲ့ ရဟတ်ယာဥ်ဆီ ပြေးလွှားနေတာကို တွေ့ရပြီး လက်နက်ပစ်ခတ်သံတွေကို ကြားရတာမျိုးမရှိပါဘူး။

“ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စကစ ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့သည့် ရုပ်သံ” (မူရင်းအတိုင်း) ဆိုပြီး စာသားကိုလည်း ဗီဒီယိုနဲ့အတူ ဖော်ပြထားပါတယ်။

ဒီဗီဒီယိုရဲ့ ကြည့်ရှုမှုအကြိမ်ရေ ၉,၇၀၀ ကျော်ရှိပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

ဟုမ္မလင်းမြို့ဟာ မြန်မာနိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာရှိတဲ့ စစ်ကိုင်းဒေသထဲက မြို့တစ်မြို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ပြီး နှစ်ရက်အကြာ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စစ်တပ်ရဟတ်ယာဥ်တစ်စင်းကို PDF တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဒီဗီဒီယိုဟာ အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး အရပ်သားအစိုးရကို ဖြုတ်ချကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။

အာဏာသိမ်းမှုကြောင့်နိုင်ငံတဝန်း “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” (PDF) လို့ခေါ်တဲ့ အာဏာသိမ်းဆန့်ကျင်တပ်ဖွဲ့တွေ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်နဲ့ ထိတွေ့မှုတွေဖြစ်ပွားခဲ့ပါတယ်။

ကုလသမဂ္ဂအစီရင်ခံစာအရ ဆန္ဒပြသူတွေကို စစ်တပ်ရဲ့ရက်စက်စွာနှိမ်နင်းမှုကြောင့် လူ ၂,၈၀၀ ကျော်အသက်ဆုံးရှုံးခဲ့ကြပြီး လူထောင်နဲ့ချီဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဗီဒီယိုဟောင်း

အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဗီဒီယိုကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကတည်းက အိန္ဒိယနိုင်ငံလူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

မူလဗီဒီယိုကို Asian News International (ANI) လို့ခေါ်တဲ့ New Delhi အခြေစိုက် သတင်းဌာနတစ်ခုက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က Twitter မှာ မျှဝေခဲ့ပါတယ်။

“လေယာဥ်မှူးနှစ်ဦးနဲ့ အမှုထမ်းသုံးဦး လိုက်ပါလာတဲ့ အိန္ဒိယလေတပ် Mi-17 ရဟတ်ယာဥ် Arunachal Pradesh ပြည်နယ်အရှေ့ပိုင်းမှာဆင်းသက်စဥ် ပျက်ကျခဲ့တဲ့ဗီဒီယို။ လိုက်ပါလာသူအားလုံးအသက်အန္တရာယ်မစိုးရိမ်ရ။” ဆိုပြီး စာသားပါရှိပါတယ်။

“ဒေသခံလူတစ်ဦး” ကို ခရက်ဒစ်ပေးထားတဲ့ ဒီဗီဒီယိုမှာ ရဟတ်ယာဥ်တစ်စင်း အရေးပေါ်အခြေအနေအရ မြေပြင်ပေါ်ကို ဖြည်းဖြည်းခြင်း ဆင်းသက်နေတာကို တွေ့ရပါတယ်။

အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံတွေ (ဘယ်) ကို ANI ဗီဒီယိုက ရယူထားတဲ့ ဓာတ်ပုံတွေ(ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံတွေ (ဘယ်) ကို ANI ဗီဒီယိုက ရယူထားတဲ့ ဓာတ်ပုံတွေ(ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

EastMojo လို့ခေါ်တဲ့ အိန္ဒိယသတင်းဌာနကလည်း “IAF ရဟတ်ယာဥ်တစ်စင်း Arunachal ပြည်နယ် Anjaw ခရိုင်တွင် ဆင်းသက်စဥ်ပျက်ကျဆိုတဲ့” ခေါင်းစဥ်နဲ့ သတင်းဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Delhi အခြေစိုက် The Hindustan Times သတင်းဌာနကလည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ က YouTube မှာ မျှဝေထားပါတယ်။

မြန်မာနိုင်ငံက ရဟတ်ယာဥ်ပျက်ကျမှုတွေနဲ့ပတ်သက်တဲ့ မှားယွင်းလုပ်ကြံသတင်းတွေကို AFP က ဒီလင်ခ့်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။

Myanmar military coup