
ဒီဗီဒီယိုထဲက အဆောက်အအုံပြိုကျမှုဟာ ဆော်ဒီအာရေဗျမှာဖြစ်ပြီး တူရကီငလျင်နဲ့ မသက်ဆိုင်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဖေဖော်ဝါရီ 2023 အချိန် 10h23
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Bill MCCARTHY, AFP အမေရိကန်ပြည်ထောင်စု, AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“ငလျင်လှုပ်ခတ်မှုကြောင့် တူရကီနှင့် ဆီးရီးယားတွင် သေဆုံးသူဦးရေ ၆၂၀၀ ကျော်သွားပြီဖြစ်ပြီး အဆောက်အဦး ၅၇၀၀ ကျော်ပျက်စီးသွားကြောင်း AFP ၏ တရားဝင် အချက်အလက်များအရသိရသည်။” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ဆိုထားပါတယ်။
ဒီဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ ၃၂,၀၀၀ ကျော်ရှိနေပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပြီး ဘာသာစကားအမျိုးမျိုးနဲ့ နိုင်ငံအတော်များများမှာလည်း ပျံ့နှံ့နေတာတွေ့ရပါတယ်။

ပြင်းအား ၇.၈ မဂ္ဂနီကျုရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တူရကီနိုင်ငံနဲ့ အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာ လူပေါင်း ၂၁,၀၀၀ ကျော်သေဆုံးခဲ့တဲ့အပြင် အဆောက်အအုံအများအပြား ပြိုကျပျက်ဆီးခဲ့တဲ့နောက် ပိတ်မိနေသူတွေကို ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးပမ်းနေကြပါတယ်။ တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan က အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဒီပို့စ်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။
ဒါပေမဲ့ဒီဗီဒီယိုထဲက အဆောက်အအုံဟာ ဒီငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျခဲ့တာမဟုတ်ပဲ ဆော်ဒီအာရေးဗျနိုင်ငံရဲ့ ဒုတိယလူဦးရေအထူထပ်ဆုံးမြို့ဖြစ်တဲ့ Jeddah မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံမဂ္ဂဇင်း Knack ရဲ့ သတင်းထောက် Brecht Castel က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဒီဗီဒီယိုရဲ့ မူလအရင်းအမြစ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို Twitter ကနေတစ်ဆင့် မေးမြန်းခဲ့ပါတယ်။ ဒီဗီဒီယို တူရကီငလျင်လှုပ်ခတ်မှုမဖြစ်ပွားခင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကတည်းက TikTok နဲ့ YouTube တွေမှာ ပျံ့နှံ့နေတာဖြစ်ကြောင်း Twitter အသုံးပြုသူတွေက ပြန်လည်ထောက်ပြခဲ့ပါတယ်။
ပေါ်တူဂီ Twitter အသုံးပြုသူတစ်ဦးဖြစ်တဲ့ Luis Galrao က ဒီအဆောက်အအုံကို မပြိုကျခင်တွေ့နိုင်တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလက ယာဉ်မောင်း dashcam ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။


Dashcam ဗီဒီယိုရဲ့ Screenshot
ဒီဗီဒီယိုတွေထဲက ဖော်ပြချက်တွေအရ ဒီအဆောက်အအုံဟာ Jeddah မြို့ရဲ့ Old Makkah လမ်းမကြီးမှာ တည်ရှိခဲ့တာတွေ့ရပါတယ်။
အဆောက်အအုံတည်နေရာ ရှာဖွေခြင်း
အွန်လိုင်းပေါ်က တည်နေရာအချက်အလက်တွေကို အသုံးပြုပြီး ရှာဖွေတဲ့အခါမှာ ၂၀၁၇ ခုနှစ်က Google Maps Street View ရဲ့ ဓာတ်ပုံထဲက အဆောက်အအုံတစ်ခုဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ အဆောက်အအုံနဲ့ဆင်တူနေတာတွေ့ရပါတယ်။ ဒါ့အပြင် ဒီအဆောက်အအုံရဲ့ ပတ်ဝန်းကျင်ကပုံရိပ်တွေကလည်း dashcam ဗီဒီယိုထဲကပုံရိပ်တွေနဲ့ ကိုက်ညီနေပါတယ်။


Google Street View ရဲ့ပုံရိပ်တွေထဲမှာ Banque Saudi Fransi နဲ့ အခြားစီပွားရေးလုပ်ငန်းတွေအတွက် ဆိုင်းဘုတ်တွေကို တွေ့ရပါတယ်။ Saudi ဘဏ်အတွက်မှတ်ချက်တွေထဲက ဓာတ်ပုံတွေဟာ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ဗီဒီယိုထဲကပုံရိပ်တွေနဲ့ ပိုမိုတူညီမှုရှိနေတာ တွေ့ရပါတယ်။


ဒီဗီဒီယိုဟာ တူရကီငလျင်လှုပ်ခတ်မှုကမဟုတ်ဘူးဆိုတာ အာရဗီစာသားတွေပါတဲ့ ကားလိုင်စင်အမှတ်အသားတွေကို ကြည့်ရင်သိနိုင်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ စီစဥ်ဖြိုချမှု
ဒီဗီဒီယိုထဲမှာတွေ့ရတဲ့ အဆောက်အအုံပြိုကျမှုရဲ့ဖြစ်စဥ်အမှန်ကိုတော့ ပြောရခက်ခဲပါတယ်။ ဒါပေမဲ့ ဆော်ဒီအစိုးရဟာ ဆောက်လုပ်ရေးနဲ့ ရှင်းလင်းရေးပရောဂျက်တစ်ခုအတွက် ယခုတလော အဆောက်အအုံတွေကို ဖြိုဖျက်မှုတွေလုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလထဲမှာ မြို့အနှံ့ ဒီလိုဖြိုဖျက်မှုတွေကို AFP က ဒီလင့်ခ်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။
California-Berkeley တက္ကသိုလ်ကတည်ဆောက်ပုံ အင်ဂျင်နီယာဆိုင်ရာ (structural engineering) ပါမောက္ခဖြစ်သူ Jack Moehle က AFP အတွက် ဒီဗီဒီယိုကို သုံးသပ်ကြည့်ရှုခဲ့ပါတယ်။ ငလျင်နောက်ဆက်တွဲလှုပ်ခတ်မှုကြောင့်မဟုတ်ဘူးလို့ သေသေချာချာမပြောနိုင်ပေမဲ့ ထိန်းချုပ်ဖြိုချမှုလက္ခဏာတွေ တွေ့ရတယ်လို့ သူကပြောပါတယ်။
“တိတ်ဆိတ်နေတဲ့ ကာလမှာ ကောင်းမွန်စွာထိန်းချုပ်ဖြိုချလိုက်တာဖြစ်နိုင်ပါတယ်” လို့ သူက Email ကနေတဆင့်ပြောခဲ့ပါတယ်။ “ဗဟိုပိုင်းကို အရင်ဖြိုချပြီးမှ ဘေးပတ်လည်က အစိတ်အပိုင်းတွေကို အလယ်ကိုဆွဲချလိုက်တာပါ။ ဒါ့အပြင် အနီးအနားက ယာဥ်လှုပ်ရှားမှုက ငလျင်လှုပ်ခတ်မှုနောက်ပိုင်းမှာတွေ့ရတဲ့ ပျက်စီးမှုတွေနဲ့ မတူညီတာကို တွေ့နိုင်ပါတယ်။”
တူရကီငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်