ရခိုင်ပြည်နယ်တိုက်ပွဲတွေကဆိုပြီး ရဟတ်ယာဥ်တစ်စီးတိုက်ခိုက်ခံရတဲ့ ဗီဒီယိုဟောင်းမှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 နိုဝင်ဘာ 2024 အချိန် 05h24
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ရခိုင်ပြည်နယ်က စစ်ရေးဗျူဟာအတွက်အဓိကကျတဲ့ မြို့နယ်တစ်ခုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာ့စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်နေချိန်မှာ ရဟတ်ယာဥ်တစ်စင်း ခြုံခိုတိုက်ခိုက်ခံရတဲ့ ဗီဒီယိုတစ်ခုကို ရခိုင်တိုက်ပွဲတွေကဆိုပြီး စစ်တပ်ဆန့်ကျင်တဲ့ Facebook အကောင့်တွေက မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုကို မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ပင်လယ်ဘူးမြို့မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရဟတ်ယာဥ်ဟာ မြန်မာ့အတိုက်အခံအစိုးရ NUG ရဲ့ လက်အောက်ခံတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံရတာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။  

"အကြမ်းဖက် တပ်သားများတင်ဆောင်နေသည့် MI-17 ရဟတ်ယာဉ် ပစ်ခတ်ခံရသည့် ရုပ်သံဖိုင်" (မူရင်းအတိုင်း) ဆိုပြီး Facebook မှာ follower ၄၄,၀၀၀ ရှိတဲ့ AK-Media Live အကောင့်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှာ မျှဝေထားပါတယ်။  

မြက်ခင်းပြင်တစ်ခုပေါ်  ဝဲပျံနေတဲ့ရဟတ်ယာဥ်တစ်စင်းပစ်ခတ်ခံရတာကို ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်။ ဒါအပြင် မြေပြင်ပေါ်ဆင်းသက်နေချိန်မှာ စစ်သားတွေက ရဟတ်ယာဥ်ပေါ်အပြေးအလွှား တက်ရောက်ခဲ့ကြပြီး သိပ်မကြာခင်မှာ ရဟတ်ယာဥ်ဘေး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။  

"AK-Media Live" ဟာ ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ကြိုးပမ်နေတဲ့ အာရက္ခတပ်တော်နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို အမြဲတမ်းမျှဝေလေ့ရှိတဲ့အကောင့်တစ်ခုဖြစ်ပါတယ်။  

၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်က ဖယ်ရှားပြီး  အာဏာသိမ်းခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။  

အာဏာသိမ်းဆန့်ကျင်သူတွေအပေါ်  စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားစေခဲ့တဲ့အပြင် စစ်တပ်ကို တန်ပြန်တိုက်ခိုက်ဖို့ ထောင်နဲ့ချီတဲ့လူငယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထဲ ဝင်ရောက်ခဲ့ကြပါတယ်။  

ဗီဒီယိုကို မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ထဲက အမ်းမြို့မှာရိုက်ကူးထားတယ်လို့ ဒီ Facebook ပို့စ်မှာ ဖော်ပြထားပါတယ်။ အမ်းမြို့ဟာ မြန်မာစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာမြို့ဖြစ်ပြီး လက်တလောမှာ AA နဲ့ စစ်တပ်ကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်က ရယူထားတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုရဲ့ Screenshot

စစ်တပ်ဆန့်ကျင်တဲ့ Facebook အကောင့်တွေက ဗီဒီယိုကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အောက်တိုဘာလက မျှဝေခဲ့ပါတယ်။  

ဒါပေမဲ့ ဒါဟာ အမ်းမြို့တိုက်ပွဲတွေကမဟုတ်ဘဲ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ပင်လယ်ဘူးမြို့မှာ လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က ရိုက်ကူးထားတာဖြစ်ပါတယ်။  

စစ်တပ်စခန်း တိုက်ခိုက်ခံရမှု 

အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဆင်တူဗီဒီယိုတစ်ခုကို စစ်တပ်ရဟတ်ယာဥ်တစ်စီး ခြုံခိုတိုက်ခိုက်ခံရမှုအကြောင်းအရာနဲ့အတူ မဇ္ဈိမသတင်းဌာနက ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

"စစ်ရဟတ်ယာဥ်တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး၊ ရဟတ်ယာဥ်မှူးအပါအဝင် ၁၇ ဦး ဒဏ်ရာရ" ဆိုပြီး ခေါင်းစဥ်ဖော်ပြထားပါတယ်။  

ပင်လယ်ဘူးမြို့ဟာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသတွေနဲ့ နီးစပ်တဲ့ ဗျူဟာမြောက် တံခါးပေါက်ဖြစ်ပါတယ်။  

ဒီဗီဒီယိုကို ဇူလိုင်လ ၆ ရက်မှာ ရိုက်ကူးထားတာဖြစ်ပြီး အတိုက်အခံအစိုးရအဖွဲ့ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ဖော်ပြထားတယ်လို့ ဒီဆောင်းပါးမှာ ရေးသားထားပါတယ်။ 

ဒီမှားယွင်းပြောဆိုမှုက ဗီဒီယိုကို ပင်လယ်ဘူးမြို့မှာ ရိုက်ကူးထားတာဖြစ်ကြောင်း မဇ္ဈိမဆောင်းပါးက ဗီဒီယိုရုပ်ပုံတွေကို Google Maps က ရုပ်ပုံတွေနဲ့  နှိုင်းယှဥ်ပြီး  AFP က အတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link)

Image
ဗီဒီယိုထဲမှာ တွေ့ရတဲ့ ပန်းရောင်ခေါင်မိုးနဲ့ တာဝါတိုင်တစ်ခုကို AFP က အမှတ်အသားပြုလုပ်ထား
Image
Google map မှာ တွေ့ရတဲ့ ပန်းရောင်ခေါင်မိုးနဲ့ အဆောက်အဦး နဲ့ အနီးအနားက တာဝါတိုင်ကို AFP က အမှတ်အသားပြုလုပ်ထား

ဗီဒီယိုရဲ့ အစပိုင်းမှာတွေ့ရတဲ့ အဖြူရောင်နဲ့အထိမ်းအမှတ်ကျောက်တိုင်ကို ရဟတ်ယာဥ်တိုက်ခိုက်ခံရမှုဖြစ်ပွားပြီး လအနည်းငယ်အကြာ အောက်တိုဘာလက ပင်လယ်ဘူးအနီး တိုက်ပွဲတွေအကြောင်းဖော်ပြထားတဲ့ ဆောင်းပါးတွေမှာလည်း တွေ့နိုင်ပါတယ်။ (Archived link)

Image
မှားယွင်းပြောဆိုမှုနဲ ဗီဒီယိုထဲက အထိမ်းအမှတ်ကျောက်တိုက်ပေါ်က ထိခိုက်မှုကို သတင်းဆောင်းပါးထဲက ရုပ်ပုံမှာတွေ့ ရတဲ့ ပျက်စီးမှုနဲ့ အထိမ်းအမှတ်ကျောက်တိုက်ကို နှိုင်းယှဥ်ထား

ကျောက်တိုင်ကုန်းလို့အမည်ရတဲ့ ဒီအထိမ်းအမှတ်ကျောက်တိုက်ကို Google Maps ထဲမှာလည်းတွေ့နိုင်ပါတယ်။  

Image
ဗီဒီယိုထဲက ကျောက်တိုင်၊ တာဝါတိုင်နဲ့ အပြာရောင်ခေါင်မိုးတို့ကို Goole map က ရုပ်ပုံတွေနဲ့ နှိုင်ယှဥ်ချက်

လအတော်ကြာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့နောက် ပင်လယ်ဘူးမြို့ကို NUG လက်အောက်ခံတပ်ဖွဲ့တွေက အောက်တိုဘာလ ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။   (Archived link).

မြန်မာနိုင်ငံက မငြိမ်မသက်မှုတွေနဲ့ပက်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ