မြန်မာနိုင်ငံ PDF အဖွဲ့က တပ်မတော်ယာဉ်တန်းကို တိုက်ခိုက်တဲ့ ဗီဒီယိုဆိုပြီး ဗီဒီယိုဟောင်းတစ်ခု မှားယွင်းပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 စက်တင်ဘာ 2021 အချိန် 11h32
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မြန်မာနိုင်ငံ PDF အဖွဲ့က တပ်မတော်ယာဥ်တန်းကို တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုဆိုပြီး ဗီဒီယိုတစ်ခုကို Facebook၊ YouTube နဲ့ ဘလော့ဂ်ပို့စ်အများအပြားက ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ဒီဗီဒီယိုထဲမှာပါတဲ့ ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတွေက မြန်မာနိုင်ငံက မဟုတ်ဘဲ အခြားနေရာက ရယူထားတာဖြစ်ပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့မှာ မျှဝေထားတဲ့ ဒီဗီဒီယိုနဲ့အတူ “စကစယာဥ်တန်းကို PDF က ဖြုတ်တဲ့ Video File” ဆိုပြီး စာသားကိုလည်းတွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အစိုးရအဖွဲ့ကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နိုင်ငံအနှံ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ ခေါ်တဲ့ PDF အဖွဲ့တွေကို မြို့နယ်အသီးသီးမှာ ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီ PDF တပ်ဖွဲ့တွေက လုံခြုံရေးတပ်ဖွဲ့တွေကို အိမ်လုပ်လက်နက်တွေနဲ့ တန်ပြန်တိုက်ခိုက်မှုတွေရှိနေပါတယ်။

အကြိမ်ပေါင်း ၂၃၀,၀၀၀ ကျော်ကြည့်ရှုမှုရှိနေတဲ့ ဒီဗီဒီယိုမှာ တောင်တန်းတစ်နေရာကနေ ပစ်ခတ်မှုကိုပြတဲ့ ရုပ်သံဖိုင်အပြင် စစ်တင့်ကားတွေ မီးလောင်နေတာကိုပြတဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

“ဂန့်ဂေါနယ်မြေ လှည့်ကင်းကို PDF ကတိုက်ခိုက် ရဲတစ်ဦးသေပြီးတော့ ၁၀ ဦး ဒဏ်ရာရရှိ”(မူရင်းသတ်ပုံ) ဆိုပြီး ဂန့်ဂေါ PDF အဖွဲ့ရဲ့ စစ်တပ်ကို တိုက်ခိုက်မှုအကြောင်းကို သတင်းသဖွယ်ရွတ်ပြထားတဲ့ အသံဖိုင်ကိုလည်း ဗီဒီယိုနဲ့အတူ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်နဲ့ စစ်တပ်ဆန့်ကျင်တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ရှိနေပေမဲ့ ဒီဗီဒီယိုထဲမှာ ဖော်ပြထားတဲ့ တိုက်ခိုက်မှု ဟုတ်မဟုတ်ကို AFP ဘက်က အတည်မပြုနိုင်သေးပါဘူး။

Image
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ် Screenshot

တူညီတဲ့ ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ် နဲ့ ဒီလင့်ခ်၊ YouTube ဒီလင့်ခ် နဲ့ ဒီလင့်ခ် အပြင် ဒီဘလောခ့်ပို့စ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုဟာ စစ်တပ်ယာဥ်တန်းကို PDF က တိုက်ခိုက်တာကို ပြတယ်ဆိုတာ မှားယွင်းပါတယ်။

အဓိကကျတဲ့ စကားလုံးတွေနဲ့ Google မှာရှာကြည့်တဲ့အခါ ဒီဗီဒီယိုဖိုင်ရဲ့ အစမှာဖော်ပြထားတဲ့ ရုပ်သံဖိုင်ကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

ဒီဗီဒီယိုကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ အီရန် သတင်းစာတစ်ခုဖြစ်တဲ့ Tasnim News မှာ “ယီမင်ပူးတွဲတပ်ဖွဲ့မှ ဆော်ဒီနယ်မြေဖြစ်တဲ့ Doud တောင်ထိပ်ကို ချုပ်ကိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

“ဆော်ဒီအာရေဗျ နယ်မြေဖြစ်တဲ့ Jabal Al Doud နယ်မြေအချို့နေရာများကို ယီမင်စစ်တပ်နဲ့ ပြည်သူ့ကော်မတီအဖွဲ့တို့က ထိန်းချုပ်လိုက်ကြောင်း စစ်တပ်သတင်းအရင်းအမြစ်များက ကြားသိရ” ဆိုပြီး ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်က ဗီဒီယို (ဘယ်) နဲ့ မူရင်းဗီဒီယို (ညာ) ကိုနှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်က ဗီဒီယို (ဘယ်) နဲ့ မူရင်းဗီဒီယို (ညာ) ကိုနှိုင်းယှဥ်ပြထားတဲ့ Screenshot

ဒီဗီဒီယိုထဲမှာ ဖော်ပြထားတဲ့ ဓာတ်ပုံရာဇဝင်ကို Google မှာ ရှာကြည့်တဲ့အခါ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလက အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက ရယူထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

မူရင်း ဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့မှာ အာမေးနီးယန်းစစ်တပ်နဲ့ ဆက်နွယ်မှုရှိတဲ့ YouTube စာမျက်နှာ ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

ဒီဗီဒီယိုရဲ့ ခေါင်းစဥ်မှာတော့ အာမေးနီးယန်းစစ်တပ်က အဇာဘိုင်ဂျန် စစ်တပ်လက်နက်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဗီဒီယိုကရယူထားတဲ့ Screenshot (ညာ) ကိုနှိုင်းယှဥ်တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဗီဒီယိုကရယူထားတဲ့ Screenshot (ညာ)

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှာ အငြင်းပွားနယ်မြေဖြစ်တဲ့ Nagorno-Karabakh နယ်မြေကို ထိန်းချုပ်နိုင်ရေးအတွက် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။

လူ့အသက် ၆,၀၀၀ ခန့် ဆုံးရှံးခဲ့ရတဲ့ ဒီစစ်ပွဲဟာ နိုဝင်ဘာလမှာ ရုရှားဦးဆောင်တဲ့ ဆွေးနွေးမှုက သဘောတူညီမှုနဲ့ အာမေးနီးယားက ဆယ်စုနှစ်အတော်ကြာ ထိန်းချုပ်ခဲ့တဲ့နယ်မြေကို အဇာဘိုင်ဂျန်ကို ပေးအပ်ခဲ့ပြီး ပြီးဆုံးခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်